စိုးရိမ်ကြောင့်ကြပူပန်ဖွယ်မရှိ

 

အမေရိကန်နိုင်ငံက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့်     မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)     တို့ကို     စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်းတွင်  ထည့်မည်ဟူသော သတင်းတစ်ပုဒ် ထိုင်းနိုင်ငံရုပ်သံသတင်းဌာနတစ်ခုက ထုတ်လွှင့် သွားသည့်အပေါ်  ဂယက်ရိုက်ခတ်မှုများ   ဖြစ်ပေါ်လျက်ရှိသည်။  အထူးသဖြင့်   မိမိတို့နိုင်ငံကို  အလုံးစုံ  ပျက်သုဉ်းသွားသည်အထိ မြင်တွေ့လိုသူ    အဖျက်စိတ်ဓာတ်ရှိသူများ၊    မြန်မာနိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် အကြမ်းဖက်အုပ်စုဝင်များက ယင်းသတင်းအပေါ် ဝမ်းပန်းတသာရှိနေကြပြီး ပြည်တွင်းရှိ လုပ်ငန်းရှင်များ၊ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသူများ၊ သင်္ဘောသားများ    စသည့် အသိုင်းအဝိုင်းတို့က ယင်းသတင်းအပေါ် စိုးရိမ်နေကြခြင်းဖြစ်သည်။

 


၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်များ ဖြစ်ပေါ် ခဲ့ချိန်မှစ၍ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ အီးယူ စသည့်အနောက် အုပ်စုနိုင်ငံများက မြန်မာနိုင်ငံမှ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ ကုမ္ပဏီ များကို ပစ်မှတ်ထားပိတ်ဆို့တားဆီးမှု အများအပြား ပြုလုပ်ထား ခဲ့ပြီးဖြစ်သည်။  အဆိုပါနိုင်ငံများက  ဒီမိုကရေစီ၊  လူ့အခွင့်အရေး စသောအကြောင်းပြချက်များဖြင့် မြန်မာနိုင်ငံကို ပိတ်ဆို့တားဆီးမှု၊    ကန့်သတ်မှုမျိုးစုံတို့ကို  လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုစာမကကပင်လျှင် ပြုလုပ်ခဲ့ကြရာ   မြန်မာနိုင်ငံ၏   တစ်ပါတီဗဟိုဦးစီးစနစ်မှ  ပါတီစုံ ဒီမိုကရေစီစနစ်သို့  ပြုပြင်ပြောင်းလဲတည်ဆောက်မှုတွင် အကျိုး မဖြစ်ထွန်းစေသကဲ့သို့ ၎င်းတို့အဖို့လည်း အရာမထင်သည့် ပိတ်ဆို့မှု များသာ ဖြစ်ခဲ့သည်။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို  ဆက်လက်ဆောင်ရွက်သွားမည်။”  ဟူသော ရှေ့လုပ်ငန်းစဉ်၊ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ  ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ   လွတ်လပ်ပြီး   တရားမျှတသော  ပါတီစုံဒီမိုကရေစီ   အထွေထွေ ရွေးကောက်ပွဲအား    ပြန်လည်ကျင်းပ၍     အနိုင်ရသည့်ပါတီအား    ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။” ဟူသော ရှေ့လုပ်ငန်းစဉ်တို့ကို  အတိအလင်း ချမှတ်ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့  ခိုင်ခိုင်မာမာ အာမခံချက်လည်း ပေးထားပြီးဖြစ်သည်။ အပိတ်အဆို့၊ အကန့် အသတ်၊ အတားအဆီးတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိမိတို့နိုင်ငံ အရေးသည် မိမိတို့အရေးသာဖြစ်သည့်အလျောက် နိုင်ငံနှင့် ပြည်သူ၏ အကျိုးစီးပွားအတွက်   ပြုဖွယ်ကိစ္စမှန်သမျှ   ပြုလုပ်ကြရမည်သာ ဖြစ်သည်။

 


နိုင်ငံခြားဘဏ်     ဝန်ဆောင်မှုလုပ်ငန်းများနှင့်     စပ်လျဉ်း၍ ပြည်တွင်း၌ စိုးရိမ်ပူပန်နေမှုများအပေါ် ပြည်သူများ စိုးရိမ်ကြောင့်ကြ မှုမရှိရန်၊  နိုင်ငံခြားငွေနှင့်  ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်မှုများ စနစ်တကျ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြား သုံးငွေ လွှဲပြောင်းခြင်း၊ လက်ခံခြင်း၊ ပို့ကုန် သွင်းကုန်ကိစ္စ၊ အလုပ်  သမား၊ သင်္ဘောသားလုပ်ခလစာ လွှဲပို့ခြင်းများ အဆင်ပြေအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ဖြေကြားထားရာ ထွက်ပေါ်လာသည့် သတင်း အတိုင်း အမေရိကန်နိုင်ငံက တားဆီးပိတ်ဆို့မှုပြုခဲ့လျှင်ပင် ပူပန် စရာမလိုဟု ဆိုရမည်ဖြစ်သည်။

 


မြန်မာနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်မှု ကြီးကြီးမားမား မရှိသကဲ့သို့   မြန်မာနိုင်ငံဘဏ်များအနေဖြင့်လည်း  အမေရိကန် အခြေစိုက်ဘဏ်များ၊      ဘဏ်ခွဲများနှင့်      နိုင်ငံခြားငွေစာရင်းဖွင့် ဆောင်ရွက်နေခြင်းလည်းမရှိရာ MFTB နှင့်  MICB  တို့ကို စီးပွားရေး ပိတ်ဆို့မှုပြုလာမည်ဆိုပါက မရောင်ရာ ဆီလူးသည့်နှယ်ပင်ဖြစ်မည်။ မျက်မှောက်ကမ္ဘာ့အခင်းအကျင်းသည် ဗဟုဝင်ရိုးကမ္ဘာဆီသို့ မျက်နှာ မူနေကြပြီး အမေရိကန်နှင့် အနောက်အုပ်စုတို့၏ အသာစီးရယူ ထားသော နိုင်ငံတကာဘဏ္ဍာရေးစနစ်ကို စွန့်ခွာနိုင်ရန် နိုင်ငံများစွာ တို့က ပြင်ဆင်နေကြပြီဖြစ်သည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ပါဝင်သည့် BRICS ကဲ့သို့သော စီးပွားရေးအဖွဲ့ သို့ ဝင်ရောက်မည့် နိုင်ငံများစွာတို့ တန်းစီနေကြပြီဖြစ်ရာ ဒေါ်လာကို အကြောင်းပြု၍ အားနည်းသော နိုင်ငံများအပေါ် နိုင်ထက်စီးနင်း ပြုမှု၊  ခြယ်လှယ်မှု၊    စွက်ဖက်မှုတို့   နိဂုံးချုပ်မည့်    ကာလသည် ဝေးတော့မည် မဟုတ်ပါကြောင်း။        ။