သွေးလွန်တုပ်ကွေးရောဂါသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူသန်း ၄၀၀ ခန့်ကို ကူးစက်ဖြစ်ပွားလျက်ရှိရာ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံများတွင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ သီရိလင်္ကာ စသည်တို့နှင့်အတူ မြန်မာနိုင်ငံလည်း ပါဝင်နေသည်။ တစ်နှစ် ပတ်လုံး ကူးစက်ဖြစ်ပွားနိုင်သည့် ရောဂါဖြစ်သော်လည်း ယခု ကဲ့သို့ မိုးဖြိုင်ဖြိုင်ရွာသည့်ကာလတွင် အဖြစ်များသည်။ မြန်မာ နိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများတွင် ယခုနှစ်ပထမနှစ်ဝက်ကာလ အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ယမန်နှစ်ကထက် မြင့်တက်နေကြောင်း သတင်းများတွင် တွေ့ရှိရာ မိမိတို့နိုင်ငံတွင် လည်း အထူးသတိပြုဖွယ်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း သွေးလွန် တုပ်ကွေးဖြစ်ပွားမှု ၂၇၃၇၇ ဦးနှင့် သေဆုံးသူ ၃၃ ဦး၊ လာအိုနိုင်ငံ တွင် ယခုနှစ်ပထမနှစ်ဝက်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၁၉၇ ဦးနှင့် သေဆုံးသူ နှစ်ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ဖြစ်ပွားသူ ၄၆၆၈ ဦးနှင့် သေဆုံးသူ ၁၀ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားသူ ၁၄၈၉၇ ဦးနှင့် သေဆုံးသူ ၈၃ ဦးရှိပြီး အဆိုပါနိုင်ငံများ တွင် ယခင်နှစ်ထက် ပိုမို၍ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်နေခြင်းပင် ဖြစ်သည်။
မိမိတို့မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၇၁၇ ဦး ရှိပြီး သေဆုံးသူ ၇ ဦးရှိသည်။ သတင်းများအရ ၂၀၂၀ ပြည့်နှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၅၁၃၁ ဦးတွင် သေဆုံးသူ ၆၈ ဦး၊ ၂၀၂၁ ခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၄၄၆ ဦးနှင့် သေဆုံး သူ ၃၆ ဦး၊ ၂၀၂၂ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၄၉၇၁ ဦးနှင့် သေဆုံးသူ ၉၇ ဦးရှိပြီး နှစ်စဉ်ပျမ်းမျှ သေဆုံးမှု ၀ ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိရာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားခြင်းမရှိကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးသည် ခြင်ကျားအကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပြီး ခြင်ကိုက်ခံရပြီးနောက် ပျမ်းမျှ ၄ ရက်မှ ၆ ရက်အကြာတွင် ရောဂါလက္ခဏာများ စတင်ပြသသည်။ သွေးလွန် တုပ်ကွေးရောဂါ၏ ပထမအဆင့် Dengue Fever ရောဂါတွင် ရုတ်တရက် အဖျားတက်လာခြင်းနှင့်အတူ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ မစားချင် မသောက်ချင်ဖြစ်ခြင်း၊ တစ်ခါတစ်ရံ ခန္ဓာကိုယ်၌ အစက်အပြောက် များ ပေါ်လာ ခြင်းတို့ ဖြစ်တတ်သည်၊၊ သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် စစ်ဆေးတိုင်းတာကြည့်ပါက လက်ဖျံတွင် အစက်အပြောက်များ ပေါ်လာသည်ကို တွေ့နိုင်ပြီး အခြားစိုးရိမ်ရသည့် လက္ခဏာများ မရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေးထားသည်။ ဒင်ဂီး အဖျား (Dengue Fever) အခြေအနေတွင် ကလေးကို သွေးပေါင်မှန်မှန်ချိန်ခြင်း၊ ကလေး၏အခြေအနေကို စောင့်ကြည့် ခြင်းနှင့် ကိုယ်ပူချိန်အတွက် ပါရာစီတမော တိုက်ကျွေးခြင်းနှင့် ရေဖတ်တိုက်ခြင်းတို့ ပြုလုပ်ပေးနိုင်သည်။ အခြားကိုယ်ပူကျဆေး များနှင့် အက်စ်ပရင်ကဲ့သို့ အကိုက်အခဲပျောက်ဆေးများမှာ သွေးယိုစီးခြင်းရှိပါက ပိုဆိုးစေသည့်အတွက် လုံးဝမသုံးစွဲဘဲ ရှောင်ကြဉ်ရမည်ဖြစ်သည်။ ထို့အပြင် အရည်ပြန်လည်ဖြည့်တင်း ပေးရန် လိုအပ်သဖြင့် ဓာတ်ဆားရည်၊ အသီးအနှံဖျော်ရည်များ ဝင်အောင် တိုက်ကျွေးပေးရန်လည်း လိုအပ်သည်။ နို့တိုက်အရွယ် ကလေးများ ဖြစ်ပါက မိခင်နို့ ဆက်လက်တိုက်ကျွေးရန်လိုအပ်သည်။ ထို့အပြင် ဖျားနေသည့်ကလေးကို အစားအစာ ဆက်လက်ကျွေးရန် လိုအပ်ကြောင်းနှင့် ကော်ဖီ၊ ချောကလက်၊ မိုင်လိုကဲ့သို့သော အညိုရောင်အရည်များကို မတိုက်ကျွေးရန်လည်း ညွှန်ကြားထား သည်။
သွေးလွန်တုပ်ကွေးရောဂါသည် ဆေးရုံဆေးခန်းသို့ အချိန်မီ ပြသရန် လိုအပ်သည့်အလျောက် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်မီ နီးစပ်ရာဆေးရုံဆေးခန်းတွင် ပြသကြရန် တိုက်တွန်း လိုသည်။ အထူးသဖြင့် ဆေးရုံဆေးခန်းနှင့် အလှမ်းဝေးပြီး ဆက်သွယ်သွားလာမှု ခက်ခဲသည့် ဒေသများတွင် နေထိုင်သူများနှင့် သွေးလွန်တုပ်ကွေး စိုးရိမ်ရသည့် လက္ခဏာများ တွေ့ရှိရသူများကို အချိန်မီကုသနိုင်ရန်အတွက် အနီးဆုံးဆေးရုံဆေးခန်းရှိရာဆီသို့ အမြန်ဆုံးပို့ဆောင်ကြရန် အသိပေးနှိုးဆော်လိုက်ရပါကြောင်း။ ။