မိမိတို့နိုင်ငံကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လိုအင် ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေးအတွက် တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ မဖြစ်မနေလိုအပ်လျက်ရှိ သည်။ ထို့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်တွင်းငြိမ်းချမ်း ရေးနှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်နေသည့်အားလျော်စွာ နိုင်ငံတော်အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးအတွက် နည်းလမ်း ပေါင်းစုံနှင့် ဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်ကို ယူထား ရသည့်ကာလတွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း အလေးထားဆောင်ရွက်နေခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းပြည်အတွင်း ငြိမ်းချမ်းသာယာမှုရှိရေးသည် အရေးကြီးသည်ဟု အလေးအနက် ခံယူထားရှိသည့်အလျောက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးနှင့် ထာဝရငြိမ်းချမ်းရေးကို စတင်ထုတ်ပြန်ခဲ့ပြီး ၂၀၂၂ ခုနှစ် တစ်နှစ်တာလုံးနှင့် ယခု ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလလုံးတို့ကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သက်တမ်းတိုးမြှင့်ပေးခဲ့သည်။
ထို့အပြင် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျအကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပြီး NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ၇ ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များမှ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး တို့နှင့် ပတ်သက်သည်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ တောင်းဆိုချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန် တကယ်လိုအပ်ပြီး ဖြစ်နိုင်သည်နှင့် ဖြစ်သင့်ဖြစ်ထိုက်သည်ကို ပွင့်လင်းမြင်သာစွာ အကျေအလည်ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုအကျိုးကိုရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်များကို ဖော်ဆောင်နိုင် ခဲ့သည့်အပြင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း (၃) ပါ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား (၂) ပါ ဆွေးနွေးရန်အချက်များနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်သဘောတူညီချက်များကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၂၇ ရက် အထိ ကာလအတွင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ (၇) ဖွဲ့၊ လက်မှတ်ထိုးထားခြင်း မရှိသည့် အဖွဲ့ (၃) ဖွဲ့တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း ၂၂ ကြိမ် ပြုလုပ်ထားသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA သည် အစိုးရနှင့် EAO များအကြား၊ နိုင်ငံတကာအဖွဲ့အစည်း များအကြား ထားရှိသည့် ကတိကဝတ်များဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များ လက်နက်ကိုင်လမ်းကြောင်းမှ နိုင်ငံရေးစင်မြင့် ပေါ်တက်ရောက်လာနိုင်ရေးတွင် အရေးကြီးသည်။ တိုင်းရင်းသား များ၏ လိုလားချက်များ၊ ဆန္ဒများနှင့် ရည်မှန်းချက်များကို တိုင်းရင်းသားကိုယ်စားလှယ်များက လွှတ်တော်ထဲတွင် ဂုဏ်သိက္ခာ ရှိရှိဖြင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆုံးဖြတ် အကောင်အထည်ဖော် နိုင်သည့် အခင်းအကျင်းဆီသို့ ရောက်ရှိနိုင်ရန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ ဆောင်ရွက်ကြရမည်ဖြစ်ရာ မိမိတို့နိုင်ငံငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုသော စိတ်ဆန္ဒရှိ သည့် EAO များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစဉ်အမြဲ ဖွင့်လှစ်ထားသည့်တံခါးဆီသို့ လျှောက်လှမ်းဝင်ရောက်ကာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ကြပါစေကြောင်း။ ။