မိုးအများအပြားရွာသွန်းမှုကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တွင် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာကာ မြို့၊ ရွာများ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းများ အရ သိရှိရသည်။ အချို့မြို့နယ်တို့တွင် ယာယီရေဘေးရှောင် ပြောင်းရွှေ့ရခြင်း၊ အချို့မြို့နယ်များတွင်လည်း ရေဘေးအန္တရာယ် ကျရောက်လာပါက ရေလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ဆော်ဩခြင်း၊ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင် ပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
မုတ်သုံရာသီအားကောင်းသည့်ကာလတွင် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ထူးခြားမှုများဖြစ်ပေါ်လာပါက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ သတင်း နှင့် သတိပေးချက်များ ထုတ်ပြန်ပေးလျက်ရှိသည်ကို ဂရုပြု ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း အချို့ဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုများ ဖြစ်ပေါ် လျက်ရှိသည်ကို သက်ဆိုင်ရာမြို့များအလိုက် တိုင်းထွာထုတ်ပြန် ပေးလျက်ရှိပြီး ယင်းမြို့နယ်များအတွင်း မြစ်ကမ်းအနီးနေထိုင် သူများ၊ မြေနိမ့်ပိုင်းတွင် နေထိုင်သူများ အထူးသတိပြုနေထိုင် ကြရန်လည်း မိုး/ဇလ က အကြံပြုပေးလျက်ရှိသည်။
မြို့ပြဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာတာဝန်ရှိသူများက အကြံပြုပါက မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန်၊ အိမ်သုံးလျှပ်စစ် ပစ္စည်းများ၊ မိန်းခလုတ်များကို ပိတ်ထားရန်၊ ဆေးလိပ်သောက် ခြင်း၊ ဖယောင်းတိုင်များ၊ မီးအိမ်များအသုံးပြုခြင်းမှ ရှောင်ကြဉ် ရန်၊ ရေကို ကျိုချက်ပြီးမှသောက်ရန် (သို့မဟုတ်) ကလိုရင်း ခတ်ထားသောရေကို အသုံးပြုရန်၊ ရေကြီးရေလျှံထားသော ရေများနှင့်ထိတွေ့ထားသော အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ရန်၊ ရေကြီးရေလျှံသောနေရာများသို့ ဝင်ရောက်ခြင်း (သို့မဟုတ်) ရေမြုပ်နေသောနေရာများကို ကားဖြင့် ဖြတ်သန်း မောင်းနှင်ခြင်းမှ ရှောင်ကြဉ်ရန်၊ အဖုံးပွင့်နေသော မြောင်းပေါက် များ(သို့မဟုတ်) ရေကြီးရေလျှံနေသော ရေထွက်ပေါက်များကို သတိထားရန်နှင့် မတော်တဆမှုများ မဖြစ်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများထံ ချက်ချင်းသတင်းပို့ရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အကြုံပြုထားသည်။
ရေကြီးရေလျှံပြီးနောက်တွင် ရေကြောင့်ဖြစ်သော ရောဂါ များဖြစ်သည့် အူရောင်ငန်းဖျားရောဂါ၊ အဖျားရောဂါနှင့် လက်ပ်တို စပိုင်ရိုးစစ်(Leptospirosis) ရောဂါများ၊ ခြင်ကြောင့်ဖြစ်သော ကူးစက်ရောဂါများဖြစ်သည့် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး တို့ကို သတိထားရမည်ဖြစ်သည်။ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဘေးကင်းသောအရင်း အမြစ်မှ ရရှိလာသည့် ရေကိုသာသောက်ရန်၊ သိုလှောင်ထားသော ရေကို အသုံးမပြုမီ လက်ကို သန့်ရှင်းစင်ကြယ်စေရန်၊ အစား အစာများကို ကောင်းမွန်စွာချက်ပြုတ်ပြီး စိတ်ချရသော အပူချိန် တွင် သိမ်းဆည်းရန်၊ အစားအသောက်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ရန်၊ အစာမစားမီနှင့် အိမ်သာတက်ပြီးနောက် တွင် လက်ကိုစင်ကြယ်စွာဆေးကြောရန်၊ ရေကြီးရေလျှံနေသော ရေထဲတွင် ကလေးငယ်များ လမ်းလျှောက်ခြင်း၊ ဆော့ကစား ခြင်းမပြုစေရန်၊ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့်ရေမဝပ်စေရေး ဆောင်ရွက်ရန်၊ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်ရန်အတွက် ခြင်ထောင် ဖြင့်အိပ်စက်ရန်၊ ဖျားနာမှုရောဂါလက္ခဏာများဖြစ်ပေါ်လာလျှင် ဆရာဝန်ထံပြသရန်အတွက်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားသည်။
ရေကြီးရေလျှံမှုများဖြစ်ပေါ်သည့် ယခုကာလတွင် ပုံမှန် ရေကြီးရေလျှံခြင်းအပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်သည့် လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ကို လည်း သတိပြုကြရန်လိုသည်။ လျှပ်တစ်ပြက်ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်နည်းပါးသည့်အတွက် ညအချိန်များတွင်ပါ ဂရုပြုနေထိုင်ကြရမည်ဖြစ်ပြီး အန္တရာယ်ရှိသည့် မြစ်ချောင်းများ အနီးနှင့် မြေပြိုနိုင်သည့်နေရာများတွင် နေထိုင်ပါက ခေတ္တ ရှောင်တိမ်းနေထိုင်ကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်များ၊ သတိပေးချက်များ၊ နှိုးဆော်ချက်များနှင့် အကြံပြုချက်များကို လိုက်နာဆောင်ရွက် ခြင်း၊ သဘာဝဘေးကျရောက်လာပါက သက်ဆိုင်ရာတာဝန်ရှိသူ များ၏ စီစဉ်ဆောင်ရွက်မှုများတွင် လိုက်နာဆောင်ရွက်ကြရန် နှင့် သဘာဝဘေးဖြစ်ပွားပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက် မှုများတွင်လည်း ပူးပေါင်းပါဝင်ပေးကြပါရန် နှိုးဆော်လိုက်ရ ပါကြောင်း။ ။