ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာ‌ရေးနှင့် အားကစားမြင့်မားရေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက    ‌‌ရှေ့ဆက်ဆောင်ရွက် သွားမည့် ဦးတည်ချက် (၉)  ရပ်တွင်  “တစ်မျိုးသားလုံး  သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ  မြှင့်တင်ဆောင်ရွက်‌‌ရေး” ဟူသော    လူမှုရေးဦးတည်ချက်တစ်ရပ်လည်း     ပါဝင်သည်။ အားကစားကဏ္ဍကို မြှင့်တင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားတို့၏ ကျန်းမာကြံ့ခိုင်ရေးအတွက်သာမက နိုင်ငံတကာအလယ်တွင် မိမိတို့နိုင်ငံ၏   ဂုဏ်သိက္ခာမြင့်မားထည်ဝါရေးအတွက်လည်း လွန်စွာအရေးပါသည်။


ကိုယ်လက်လှုပ်ရှားအားကစား        ဆောင်ရွက်ကြရာတွင် လူတစ်ဦးချင်းစီ၏    ကျန်းမာရေးနှင့်    ခန္ဓာကိုယ်ကြံ့ခိုင်ရေးတို့ အတွက် ရည်ရွယ်ပါက  ငယ်စဉ်ဘဝကစ၍ အသက်အရွယ်ကြီးရင့်လာသည့်ကာလအထိတိုင်အောင်       မိမိတို့နှစ်သက်ရာ အားကစားတစ်မျိုးမျိုးကို  မိမိ၏အင်အားနှင့်  ချင့်ချိန်ကာ ပုံမှန် ပြုလုပ်နိုင်ကြသော်လည်း   ပြည်တွင်းနှင့်    နိုင်ငံတကာပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အထိ ရည်ရွယ်ပါက ခွန်အား၊ သက်လုံ၊    ကျွမ်းကျင်မှု၊     နည်းစနစ်နှင့်       ပြိုင်ပွဲဝင်ဉာဏ်ရည် စသည်ဖြင့်  အဘက်ဘက်က  ပြည့်စုံသာလွန်အောင် လေ့ကျင့် ဖြည့်ဆည်းမှုများ ပြုလုပ်ကြရသည်။ “အားကစားအဆင့်အတန်း ကောင်းမွန်အဆင့်မြင့်လာစေရေးအတွက် အားကစားကွင်းများ၊ အားကစားရုံများသည်   သတ်မှတ်ထားသည့်    အဆင့်အတန်း မီရန်လိုကြောင်း၊ ထိုသို့ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မှသာလျှင် အားကစား တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ နည်းပြ များသည်လည်း အရည်အချင်းပြည့်မီစေရေး ဆောင်ရွက်ပေးရန် လိုကြောင်း”      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က      ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍမြှင့်တင်ရေး   ဆောင်ရွက်နေမှုများကို  သွား ရောက်ကြည့်ရှုစစ်ဆေးရာတွင် မှာကြားခဲ့သည်။


ဘောလုံး၊   ဘော်လီဘော၊  ရေကူး၊   လက်ဝှေ့၊ ပြေးခုန်ပစ် စသည့် အိုလံပစ်အားကစားနည်းများနှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံ၏ ရွှေရောင်လွှမ်းသောကာလများဟုဆိုလျှင် ၁၉၆၀ မှ ၁၉၈၀ ကြား ဆယ်စုနှစ်များကိုသာ   ပြန်လည်ရည်ညွှန်းနေကြရပြီး အဆိုပါ အားကစားတို့၏ အဆင့်အတန်းမှာနောက်ပိုင်းတွင် တစ်စတစ်စ ကျဆင်းလာခဲ့ရာ ပြည်တွင်းအားကစားပြိုင်ပွဲများကို ပြည်သူက စိတ်ဝင်စားမှု မရှိသလောက်နီးပါးအထိ လျော့နည်းကျဆင်းလာ ခဲ့သည်။   အားကစားကဏ္ဍကို     အားပေးမှုနှင့်      စိတ်ဝင်စားမှုတို့ လျော့နည်းလာခြင်း၏ အကျိုးဆက်အနေဖြင့် အားကစားအဆင့် အတန်းလည်း နိမ့်ကျလာကာ နိုင်ငံတကာပြိုင်ပွဲများတွင်လည်း အောင်ပွဲတို့ ဝေးကွာသွားခဲ့ရသည်။


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် အားကစား ကွင်းများ၊ အားကစားရုံများကို အဆင့်အတန်းမီ ဆောက်လုပ်‌ပေး ခြင်း၊ အားကစားနည်းအလိုက်  မျိုးဆက်သစ်လူငယ် အားကစား သမားများ  ပြုစုပျိုးထောင်ခြင်း၊ အခြေခံပညာကျောင်းပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံ  အားကစားပြိုင်ပွဲများ၊ သက်တမ်းအလိုက် ကလပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းစသည်ဖြင့် စဉ်ဆက်မပြတ်ရှင်သန်လှုပ်ရှား၍   နိုင်ငံအတွက်  လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာအောင် မွေးထုတ်ပေးနိုင်ရန် လိုသည်။     အထူးသဖြင့်    အဆင့်မီဆောက်လုပ်ထားသည့် အားကစားကွင်းများ၊ အားကစားရုံများတွင်  လူငယ်အားကစား သမားများ၏  လေ့ကျင့်မှုများ၊ ယှဉ်ပြိုင်မှုများနှင့် စည်ကား အသက်ဝင်နေသကဲ့သို့  ပြည်သူလူထုတစ်ရပ်လုံးက  မိမိတို့ ကျန်းမာကြံ့ခိုင်ရေးအတွက်   ကိုယ်လက်လှုပ်ရှား    အားကစား တစ်ခုခုကို အင်တိုက်အားတိုက် စွဲမြဲစွာပြုလုပ်လာကြသည်နှင့် အမျှ    ပြည်သူ့ကျန်းမာရေးနှင့်   အားကစားကဏ္ဍတို့   တိုးတက် မြင့်မားလာမည် မလွဲဧကန်ဖြစ်ပါကြောင်း။      ။