ကျေးရွာအလိုက်၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်ရေး

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product) ၊ ဒေသတစ်ခု  ထုတ်ကုန်တစ်ခု   (One Region One Product) ဟူသော အစီအစဉ်များက ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက် ဒေသများ ဖွံ့ဖြိုးရေး၊ ဒေသအလိုက် အဓိကထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေး နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဦးတည်ဆောင်ရွက် နေခြင်းဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များ အပါ အဝင် ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ ကုန်ထုတ်လုပ်မှု တိုးတက်စေရန် ရည်ရွယ်ရင်းဖြစ်သည်။


လုပ်ငန်းများ၏   အခြေအနေမှာ   ဒေသတွင်းထွက်ရှိသော ကုန်ကြမ်းများနှင့်   ငွေကြေးအရင်းအနှီးတို့အပေါ်   မူတည်ပြီး မိသားစုတစ်နိုင်တစ်ပိုင် အိမ်တွင်းလက်မှုလုပ်ငန်း အဆင့်မှသည် အဆင့်နိမ့် စက်ကိရိယာအငယ်စားများ အသုံးပြုသည့် အသေး စား စက်မှုကုန်ထုတ်လုပ်ငန်းများ ဖြစ်ကြသည်။ ဝါးကုန်ထုတ် လုပ်ငန်းများ၊ ကြိမ်ထည်၊ မြေထည်လုပ်ငန်းများ၊ ဒေသထွက် စားသောက်ကုန်လုပ်ငန်းများ၊ ရိုးရာအဝတ်အထည်နှင့် ရက်ကန်း လုပ်ငန်းများ၊ သံထည်၊ ကြေးထည်လက်မှုလုပ်ငန်းများ၊   အဖျော် ယမကာလုပ်ငန်းများ စသည်တို့ကို အများဆုံးတွေ့ရပြီး ပြည်တွင်း ဈေးကွက်ကို အဓိကထားကြခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါ  လုပ်ငန်းများအားလုံးတို့မှာ ကုန်ပစ္စည်းအရည်အသွေး၊ ဈေးနှုန်း၊ ခေတ်မီဆန်းသစ်လှပမှု၊ အမြောက်အမြားထုတ်လုပ်နိုင်မှု စသည် ဖြင့် အဘက်ဘက်မှ အားနည်းချက်များရှိနေပြီး အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို ဈေးကွက်တွင် မယှဉ်နိုင်ဘဲ  အများစုမှာ   ရပ်တည်နိုင်ရန်    ရုန်းကန်ကြိုးပမ်း နေကြရသည်ကိုလည်း တွေ့ရသည်။
MSME   လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးနှင့်   စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲက “အဓိကကျတဲ့ ခရိုင်၊ ပြည်နယ်နဲ့ တိုင်း မြို့ကြီးတွေကတော့ အားလုံးက MSME တွေရှိရမယ်။ ခရိုင်အဆင့် တွေမှာလည်း အဓိက ထုတ်ကုန်ပစ္စည်းရှိတဲ့ ခရိုင်တွေမှာ One Region One Product တွေ လုပ်ရမယ်။ ဒေသလိုက် ဒေသလိုက် မှာ၊ ခရိုင်ပေါင်း ၁၂၀ ကျော်ရှိတယ်။ ပစ္စည်းပေါင်း၊ အမျိုးပေါင်း ၁၂၀ ကျော်လောက်က ကောင်းနေရမယ်။ ဥပမာပေါ့ - ပခုက္ကူဆို ချည်ထည်ပစ္စည်းတွေ     ကောင်းရမယ်။     ချည်ထည်ပစ္စည်းမှာ ပခုက္ကူဆို    နံပါတ်တစ်   အကောင်းဆုံးဖြစ်နေရမယ်။”    ဟူ၍ ပြောကြားခဲ့ရာ ဒေသအလိုက် အဓိကထုတ်ကုန်များ ထုတ်လုပ် ခြင်းနှင့်အတူ ခရီးသွားလုပ်ငန်းများအတွက် ဆွဲဆောင်မှုတစ်ခု အဖြစ်လည်း ဆောင်ရွက်သွားကြရန်ဖြစ်သည်။


ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု၊ ဒေသတစ်ခု ထုတ်ကုန် တစ်ခု အစီအစဉ်များ အောင်မြင်ရန်မှာ ကုန်ထုတ်လုပ်သူ လုပ်ငန်း ရှင်များက အဓိကဖြစ်သည်။ ဒေသတွင်းရရှိသော ကုန်ကြမ်းများ ဖြင့် ဈေးကွက်တွင် ဆွဲဆောင်မှုကင်းမဲ့သော အဆင့်နိမ့်အရည် အသွေးညံ့သည့်     ကုန်စည်များ      ထုတ်လုပ်နေမည်ဆိုပါက အောင်မြင်မှုမရဘဲ အရှုံးနှင့်သာ ရင်ဆိုင်ရမည် သို့မဟုတ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ဝင်ငွေနိမ့်ကျစွာဖြင့် ရုန်းကန်နေရမည် ဖြစ်သည်။     ဒေသထွက်မိရိုးဖလာ       စားစရာများဖြစ်သည့် ထန်းလျက်၊  တိုဟူး၊ ခေါပုတ်  စသည်တို့ကို စွန့်ဦးတီထွင်မှုဖြင့် ဈေးကွက်ထိုးဖောက်  အောင်မြင်ခဲ့သည့်   စံပြနမူနာများရှိခဲ့ရာ သမားရိုးကျနည်းလမ်း၊    အတွေးအခေါ်တို့မှသည်     မိမိတို့၏ ထုတ်ကုန်များ ဈေးကွက်တွင် တိုးတက်အောင်မြင်နိုင်ရေးအတွက် ထိုးဖောက်စဉ်းစားဆောင်ရွက်နိုင်ကြရန်လိုသည်။


လုပ်ငန်းရှင်များအနေဖြင့် ချေးငွေအပါအဝင် နိုင်ငံတော် အပိုင်းမှ ကူညီပံ့ပိုးမှုများကို ရယူနိုင်ရန်အတွက် မိမိတို့ကိုယ်တိုင်  က လုပ်ငန်းများ ခိုင်မာအောင် ကြိုးပမ်းတည်ဆောက်ထားကြရန် လိုအပ်ပြီး လုပ်ငန်းခိုင်မာလာသည့်အချိန်တွင် ဖွံ့ဖြိုးရေးချေးငွေ၊ စီးပွားရေးချေးငွေ စသည့် ချေးငွေတို့ကို သတ်မှတ်ချက်များနှင့် အညီ  ချေးယူပြီး လုပ်ငန်းအတွက် လိုအပ်သည့် ငွေကြေးအရင်း အမြစ်များကို ဖြည့်ဆည်းနိုင်ကြသည်။ နိုင်ငံအတွင်းရှိ ကျေးရွာ များနှင့် ဒေသများအလိုက် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး၊ ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေများ ပိုမိုရရှိနိုင်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် စားသုံး မှုပိုမိုဖွံ့ဖြိုးတိုးတက်လာရေးတို့ အပါအဝင် လုပ်ငန်းရှင်များ၏ အကျိုး၊   နိုင်ငံတော်အကျိုးအတွက်   ကျေးရွာအလိုက်၊   ဒေသ အလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်မြင်ရေး ဝိုင်းဝန်း အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။        ။