တန်ဖိုးနည်း အာဟာရပြည့်

 

သက်ရှိသတ္တဝါများ ရှင်သန်နိုင်ရေးနှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေး တို့အတွက် အာဟာရဓာတ်များလိုအပ်သည်။ နေ့စဉ်အစားအစာများ စားသုံးခြင်းမှ အာဟာရဓာတ်များရရှိနိုင်ပြီး ခန္ဓာကိုယ်နှင့်ဉာဏ်ရည် ဖွံ့ဖြိုးရေး၊ ခွန်အားပြည့်ဝရေး၊ ရောဂါဘယကင်းရှင်းရေး စသည်တို့ အတွက် အာဟာရဓာတ်ပြည့်ပြည့်ဝဝရရှိနိုင်ရန် စားသုံးတတ်ဖို့လို အပ်သည်။ အစားအစာများတွင်ပါဝင်သည့် အာဟာရဓာတ်များ၏ အကျိုးပြုမှုများအလိုက် အစာအုပ်စု (၃)အုပ်စုခွဲထားရာ နေ့စဉ် စားသောက်သည့်အစားအစာများ၌ အဆိုပါအစာအုပ်စု (၃)အုပ်စုမှ စုံစုံလင်လင်နှင့် မျှတစွာပါဝင်ရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အစာအာဟာရဆိုင်ရာပညာရှင်များက လမ်းညွှန်ထားသည်။

 


အစာအုပ်စု (၃)အုပ်စုဟုဆိုရာ၌ အင်အားဖြစ်စေသော အစာ အုပ်စုတွင် ကစီဓာတ်ရရှိနိုင်သည့် ဆန်၊ ဂျုံ၊ ပြောင်းကဲ့သို့သော အနှံ များ၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥတို့ကဲ့သို့သော သစ်ဥသစ်ဖုများ၊ ပျား ရည်၊ သကြားကဲ့သို့သော အချိုစာများ၊ အဆီဓာတ်ရရှိနိုင်သည့် သီးနှံ ဆီနှင့် တိရစ္ဆာန်အဆီများပါဝင်ပြီး ခန္ဓာကိုယ်ကြီးထွားစေသောအစာ အုပ်စုတွင် အသားဓာတ်ရရှိနိုင်သည့် သား၊ ငါး၊ နို့၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည်တို့ပါဝင်သည်။ ရောဂါကာကွယ်စေသော အစာ အုပ်စုတွင် ဗီတာမင်ဓာတ်နှင့်သတ္တုဓာတ်ရရှိနိုင်သည့် ဟင်းသီးဟင်း ရွက်၊ သစ်သီးဝလံများ၊ ရေဓာတ်ရရှိနိုင်သည့် အရည်အမျိုးမျိုးနှင့် အရည်ရွှမ်းသည့်အစာများ  ပါဝင်သည်။  အာဟာရပြည့်ဝအောင် စားသုံးရာတွင် နေ့စဉ် အထက်တွင် ဖော်ပြခဲ့သည့် အစာအုပ်စု (၃)စု လုံးပါအောင် စီမံချက်ပြုတ်စားသောက်တတ်ကြရန်၊ အိုင်အိုဒင်းဆား ကို  သုံးစွဲရန်နှင့်  ရေကိုလုံလောက်စွာ  သောက်သုံးရန် လိုအပ် သည်။

 


အာဟာရချို့တဲ့မှုသည် ဆင်းရဲနွမ်းပါးမှု၊ ဝင်ငွေနည်းပါးမှု၊ စားနပ် ရိက္ခာပြတ်တောက်မှုတို့နှင့် ဆက်စပ်နေသော်လည်း တစ်ခါတစ်ရံ တွင် စားသောက်မှုပုံစံမမှန်ခြင်းကြောင့် အာဟာရချို့တဲ့မှုဖြစ်ပေါ် ရခြင်းကိုလည်း တွေ့ရှိရသည်ဟုဆိုသည်။ မိမိတို့နိုင်ငံတွင် နိုင်ငံ့ လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ကျေးလက်ဒေသများတွင်နေထိုင် လျက်ရှိကြရာ ကျန်းမာရေးနှင့်အစာအာဟာရဆိုင်ရာ ဗဟုသုတများ နှင့်အလှမ်းဝေးမှု၊ ဝင်ငွေအခွင့်အလမ်းနည်းပါးမှုကဲ့သို့သော အားနည်း ချက်များရှိသော်လည်း စိုက်ပျိုး၊ မွေးမြူနိုင်သည့် ရေ၊ မြေ အရင်း အမြစ်များ လွယ်ကူခြင်း၊ သဘာဝအတိုင်း ရှာဖွေရရှိနိုင်ခြင်း  စသည့် အားသာချက်များလည်းရှိကြသည်။ နေ့စဉ်အစာအာဟာရအတွက် လိုအပ်သည့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး တို့ကို ကိုယ်တိုင်မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်သည့်အခြေအနေများ မိမိတွင်ရှိနေပါက ဝီရိယစိုက်ထုတ်လုပ်ကိုင်သွားကြရန်လိုအပ်ပြီး စရိတ်ကုန်ကျမှုသက်သာစွာဖြင့် အာဟာရဓာတ်ပြည့်ဝစွာရရှိနိုင်သည့် အစားအစာများကို စားသုံးတတ်ရန်လည်း လိုအပ်သည်။

 

နေ့စဉ်ထမင်းစားကြရာတွင် အရိုးပါစားနိုင်သော ငါးကလေး များကို ဟင်းသီးဟင်းရွက်များနှင့်ပါ တွဲဖက်စားသုံးခြင်းဖြင့် ညီညွတ် မျှတသည့်အာဟာရဓာတ်များကိုရရှိနိုင်ကြောင်း သိရသည်။ မြန်မာ နိုင်ငံဒေသအနှံ့အပြားတွင် တွေ့ရှိနိုင်သည့် ငါးသလဲထိုး၊ ငါးဘဲဖြူ၊ ငါးစင်စပ်၊ ငါးခုံးမ၊ ငါးဒေါင်စင်းကဲ့သို့သော တိုင်းရင်းငါးကလေး များတွင် ဗီတာမင်အေ၊ သံဓာတ်၊ ထုံးဓာတ်၊ ဗီတာမင်ဘီ ၁၂ တို့ ကြွယ်ဝစွာပါဝင်ပြီး မိခင်ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးအသက်  နှစ်နှစ်အထိ ရက်ပေါင်း ၁၀၀၀ အတွင်း ငါးကလေးများကို ပုံမှန် စားသုံးခြင်းဖြင့် အာဟာရချို့တဲ့မှုကို ကာကွယ်နိုင်ကြောင်း သိရ သည်။ အဆိုပါငါးကလေးများမှာ တန်ဖိုးနည်းနည်းနှင့် အလွယ်တကူ ဝယ်ယူပြီး  အလွယ်တကူ  ချက်ပြုတ်စားသောက်နိုင်သလောက် ကျန်းမာရေးအတွက် လွန်စွာအကျိုးရှိစေကြောင်း ပညာပေးထား သည်ကို တွေ့ရသည်။ အသားဓာတ်ရရှိနိုင်သော အာဟာရအရင်း အမြစ်တစ်ခုမှာ ကုလားပဲ၊ ပဲစင်းငုံ၊ စားတော်ပဲ၊ မတ်ပဲ၊ ပဲပုပ် စသည့် ပဲအမျိုးမျိုးဖြစ်ပြီး အသားစားသည့်နည်းတူ ခန္ဓာကိုယ်ကြီးထွားစေ သော အစာအုပ်စုတွင်ပါဝင်ရာ အသားနှင့်နှိုင်းယှဉ်ပါက ငွေကြေး ကုန်ကျမှုသက်စွာဖြင့် စားသုံးနိုင်သည်။ 

 


နေ့စဉ်အစားအစာ စားသုံးကြရာတွင် ဝင်ငွေနည်းမိသားစုများ အဖို့ တန်ဖိုးနည်းနည်းနှင့်အာဟာရများများရရှိနိုင်စေရန် စားသုံး တတ်ကြစေလိုသည်။ ကျေးလက်တွင်နေထိုင်ကြသူ မိသားစုများ အနေဖြင့်လည်း တတ်နိုင်သမျှ တစ်နိုင်တစ်ပိုင် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်စားသုံးခြင်း၊ ပိုလျှံသည်တို့ကို မျှဝေရောင်းချခြင်း ဖြင့် အာဟာရပြည့်ဝသော ကျန်းမာရေးနှင့်ပြည့်စုံသော လူနေမှုဘဝ ကို ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း။      ။