ရန်ကုန်မြို့နှင့် အနီးဆုံး ခရီးသွားအပန်းဖြေရာနေရာဖြစ်လာမည့် တဘူးလှဆည်

Type
1

အောင်သပြေ
 

မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျရာ ရန်ကုန်မြို့သည် လူဦးရေများသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတကာရင်းနှီးမြှုပ်မှုများသော ပင်လယ်ဆိပ်ကမ်းမြို့ကြီး ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကို အခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ  ကြုံတွေ့ရသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍ ကို ပြန်လည်ဦးမော့ရာ၌ ခရီးသွားလုပ်ငန်းသည် မြန်ဆန်သော တိုင်းပြည်ဝင်ငွေကို ဖော်ဆောင်ပေးနိုင်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားသော တောင်ပေါ်၊ မြေပြန့်မကျန်  သဘာဝပတ်ဝန်းကျင်လှပသော ဒေသတို့၌ ပြည်တွင်း၊ ပြည်ပခရီးသွားတို့ကို ဆွဲဆောင်နိုင်မည့် ခရီးစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ကြိုဆိုလျက်ရှိ 
 ထိုသို့   ဆောင်ရွက်ရာတွင်  ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် ကိုဗစ်ကာလ ပြီးဆုံးသည် ဖြစ်စေ၊ ဖြေလျှော့သည်ဖြစ်စေ  ပင်လယ်ကမ်းခြေနှင့်  အေးချမ်းဆိတ်ငြိမ်သောနေရာတို့တွင်    မိသားစု စိတ်လက်ပေါ့ပါးစွာ     အနားယူအပန်းဖြေနိုင်မည့်   နေရာအချို့  ရန်ကုန်မြို့နှင့်  အနီးဆုံးတွင် တည်ရှိ သောကြောင့်   တစ်နေ့တာ သွားရောက် လည်ပတ် နိုင်မည်  ဖြစ်သည်။  ပင်လယ်ကမ်းခြေဆိုလျှင်  ကားဖြင့် နှစ်နာရီခွဲ ကြာ  မောင်းနှင်သွားလာနိုင်သော  ကွမ်းခြံကုန်းမြို့ နယ်  ဆယ်အိမ်တန်းကမ်းခြေနှင့်   ထိုခရီးအကွာအဝေးသာရှိသည့်   တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အရှေ့ဘက်ရှိ  တဘူးလှဆည် အပန်းဖြေ ခရီးစဉ်တို့က ကြိုဆိုလျက်ရှိသည်။
  အံ့ဩဖွယ်ရှုခင်းအလှ 
ရန်ကုန်တိုင်းဒေသကြီး၏   နယ်နိမိတ်အဆုံး သည် ဥက္ကံမြို့ဖြစ်ပြီး ကပ်လျက်မှာ ပဲခူးတိုင်းဒေသ ကြီး၏ သာယာဝတီမြို့နယ်နှင့်      ထိစပ်လျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကအသက်မွေးသော ဥက္ကံမြို့သည်  ပဲခူးတိုင်းဒေသကြီးနှင့် ကပ်လျက်ရှိ သည့်   တဘူးလှဆည်၏   ဂုဏ်သတင်းကြောင့် ပို၍ထင်ရှားလာလျက်ရှိသည်။   ဥက္ကံမြို့နှင့်   ၁၇ မိုင် ကျော်ဝေးကွာသော   တဘူးလှဆည်ဝန်းကျင်တွင် သစ်ရိပ်၊    ဝါးရိပ်တို့ဖြင့်   စိမ်းစိုလျက်ရှိသည်။ ပဲခူးရိုးမမှ သစ်နှင့်ဝါးကို တဘူးလှဆည်မှ ဖြတ်သန်း ၍    ပြည်ကားလမ်းသို့ သွားလာနိုင်သောကြောင့် တစ်ချိန်က   ဥက္ကံမြို့နှင့်    သာယာဝတီမြို့သည် သစ်လုပ်ငန်းဖြင့် စည်ကားခဲ့သည်။ ယခုအခါ ကျေး လက်လမ်းနှင့် ခရိုင်ချင်းဆက်လမ်းများ အကောင် အထည်ဖော်ဆောင်ရွက်မှုဖြင့် မြို့ပြနှင့် ကျေးလက် ခရီးသွားလာမှု     မြန်ဆန်ချောမွေ့လာလျက်ရှိပြီး သစ်ရှားပါးမှုကြောင့်  တဘူးလှဆည်မှ ဝါးများကိုသာ အများဆုံး တင်ပို့လျက်ရှိသည်။   စိမ်းညို့နေသော တဘူးလှဆည်ကို  တမံတစ်ကျေးရွာ  စေတီတောင် ကုန်းပေါ်မှ   ကြည့်ပါက အစုလိုက် စိမ်းစိုနေသော ကျွန်းစုလေးများကို တွေ့မြင်ရမည်ဖြစ်ပြီး  ဝေဟင်မှ ကြည့်ရှု့ပါက  အမေဇုန်တော၏  ကျွန်းစုလေးများ သဖွယ်   ရေပြင်စိမ်းစိမ်းနှင့်   ကျွန်းစုလေးများကို ရန်ကုန်မြို့၏   အနီးတွင် တွေ့မြင်ရသောကြောင့် အံ့ဩဖွယ်ရှုခင်းအလှကို         တွေ့မြင်ရသည်မှာ ပေါင်းလောင်းဆည်နှင့်   မြင်မှတ်မှားလေ့ရှိသည်။
အရေးပါသောဆည်ကြီးတစ်ခုအဖြစ်
ထိုတဘူးလှဆည်ဝန်းကျင်သည်   တောရိပ်၊ တောင်ရိပ်များ ကျန်ရှိနေပြီး သစ်တောစိုက်ခင်းများ ဖြင့် ဆည်ကြီးရေရှည်တည်တံ့ခိုင်မြဲမှုကို အထောက် အပံ့ပြုလျက်ရှိသည်။  နှစ်စဉ်မိုးရာသီတွင်  ပဲခူးရိုးမ နှင့်  အနီးဝန်းကျင်ရှိ တော၊ တောင်၊  လျှိုမြောင်တို့မှ စီးဆင်းလာသောရေဖြင့်     တဘူးလှဆည်သည် နွေစပါးစိုက်ပျိုးသော   တောင်သူတို့ကို  အကျိုးပြု လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် တဘူးလှ ဆည်သည် လူသိနည်းသော်လည်း သဘာဝအရင်း အမြစ်များနှင့် အေးချမ်းသော နေရာတစ်ခုအဖြစ် တွေ့မြင်ရဆဲ ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်ခုတ်၊ ဝါးခုတ်ဖြင့် အသက်မွေးကြသောကြောင့် တဘူးလှဆည်ကြီးသည်     ကျေးလက်ပြည်သူ များကိုသာမက    ရန်ကုန်တိုင်းဒေသကြီးအတွက် အရေးပါသော ဆည်ကြီးတစ်ခုအဖြစ် တွေ့မြင်ရမည် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး  တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်အတွင်းရှိ    လယ်ယာမြေဧရိယာ ၅၂၀၀၀ဧက အတွက်    စိုက်ပျိုးရေးကဏ္ဍအတွက် ရေပေးဝေနိုင်ရန် ရည်ရွယ်ပြီး ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၁ရက်တွင် နိုင်ငံတော်က တဘူးလှ(ဥက္ကံ)   ရေလှောင် တမံကြီးကို တည်ဆောက်ခွင့်ပြုခဲ့ခြင်း  ဖြစ်သည်။ ထိုစီမံကိန်းကို  ဖော်ဆောင်ရာ၌ သတ်မှတ်လျာထား ချက်ထက် တစ်နှစ်စော၍ ၁၉၉၅ ခုနှစ် မေ၂၇ ရက် တွင် အောင်မြင်စွာ တည်ဆောက် ပြီးစီးရာ ယနေ့ တိုင် တောင်သူတို့၏  စိုက်ပျိုးရေးကို အထောက်အပံ့ ဖြစ်စေလျက်ရှိသည်။
         အသီးအပွင့်ကိုရရှိခံစား 
အဆိုပါ တဘူးလှဆည်ကြီးကို မြန်မာကျပ်ငွေ ၈၈၅ သန်းဖြင့် စက်အား၊ လူအားဖြင့် တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ မြေထိုးစက် ၁၄ စီး၊ မြေတူးစက် ငါးစီး၊  မြေတင်စက်   လေးစီး၊    မြေသယ်ယာဉ် ၁၇ စီး၊ မြေညှိစက် သုံးစီး၊ ဝန်ချီစက်   နှစ်စီး၊   မြေသား ကြိတ်စက်   ငါးစီး၊   ဘိလပ်မြေဖျော်စက် နှစ်စီး၊ ယာဉ်မျိုးစုံ  အစီး ၃၀ ၊ ရေကား  ခြောက်စီး တို့ဖြင့်   မြန်ဆန်စွာ   တည်ဆောက်နိုင်ခဲ့ခြင်း   ဖြစ် သည်။ ပြည်သူတို့၏    စုပေါင်းပါဝင်မှုဖြင့်   မြန်ဆန် စွာ တည်ဆောက်ပြီးစီးခဲ့ရာ     ထိုအသီးအပွင့်ကို  ယနေ့တိုင်   ကျေးလက်နေပြည်သူများ   ခံစားရရှိ လျက်ရှိသည်။
 ဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိ 
  တဘူးလှဆည်ကြီးသည်    ရန်ကုန်တိုင်း ဒေသကြီး နယ်နိမိတ်အဆုံးတွင် တည်ရှိပြီး ဆည်ရေ ကို    ဥက္ကံချောင်းအတိုင်း   ပို့လွှတ်လျက်ရှိသည်။ ပဲခူးရိုးမနှင့်   ထိစပ်နေသောကြောင့်   နှစ်စဉ်ပျမ်းမျှ မိုးရေချိန် ၈၄ လက်မ ရရှိပြီး နှစ်စဉ်ပျမ်းမျှစီးဝင်ရေမှာ ဧကပေ  ၂၈၀၀၀၀ ရှိသည်။ ရေဆင်းဧရိယာမှာ ၈၆ စတုရန်းမိုင်ရှိပြီး    ရေလှောင်တမံအမျိုးအစားမှာ မြေသားရေလှောင်တမံ ဖြစ်သည်။  ရေလှောင်တမံ အမြင့်သည် ၉၅ ပေရှိ၍ အလျားမှာ ၁၃၀၅ ပေရှိကာ ရေပိုလွှဲအလျား ၃၀၃ ပေ ၊ ရေပိုလွဲအကျယ် ပေ၂၀၀ နှင့်   ရေပိုလွှဲ  ရေလွှတ်အားမှာ  ၅၃၀၀ ကုဗပေ/စက္ကန့်ရှိသည်။     ရေထုတ်ပြွန်အရွယ်အစားသည် ၆ x ၄ ပေ   သုံးခုနှင့်    အလျားမှာ ပေ ၆၀၀  ရှိပြီး ရေထုတ်အားမှာ  ၈၀၀ ကုဗပေ/ စက္ကန့်ရှိသည်။ ဆည်ရေလှောင်ပမာဏမှာ     ဧကပေ  ၁၉၄၆၀၀  ရှိသောကြောင့် ကန်အတွင်း ရေသေပမာဏ ဧကပေ ၂၄၃၅၀  သိုလှောင်နိုင်ပြီး   ဆည်ရေပြည့်  ရေပြင် ကျယ် ဧရိယာမှာ ဧက  ၇၈၀၀ ကျယ်ဝန်းသည့်အတွက်  မြေပြင်နှင့် ဝေဟင်မှ  တွေ့မြင်ရသော ဆည်၏အလှ မှာ အခြားသော  ဆည်များနှင့်မတူဘဲ  အစု အစု ကျွန်းစုလေးများဖြင့်    လှပနေခြင်း   ဖြစ်သည်။ ဆည်ရေသောက်   ဧရိယာမှာ  ဧက ၅၂၀၀၀ ရှိရာ မြို့နယ်နှစ်ခု၏ သီးနှံစိုက်ပျိုး ဧရိယာဧက ၁၀၄၀၀၀ ကို  အကျိုးပြုလျက်ရှိသည်။  ထိုတဘူးလှဆည်ကို ၁၉၉၃-၁၉၉၄ ခုနှစ်တွင်    စီမံကိန်း   စတင်ဆောင်ရွက် ခဲ့ပြီး  ၁၉၉၅ ခုနှစ်   မေ ၂၇  ရက်တွင်    စတင်ဖွင့်လှစ် နိုင်ခဲ့သောကြောင့်      ရန်ကုန်တိုင်းဒေသကြီးအတွက်    လိုအပ်သော   ဆန်စပါးနှင့် သီးနှံစိုက်ပျိုးရေး  ကဏ္ဍ ကို    ယနေ့တိုင်    ဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိ သည်။
      မိသားစုတစ်ရက်တာအနားယူနိုင် 
နေ့ပူညချမ်း တပေါင်းလဆန်းဆိုသည့်စကားနှင့် အညီ တဘူးလှဆည်အနီးကျေးရွာတို့မှာ   ညပိုင်း အအေးဓာတ်လွှမ်းခြုံလျက်    နံနက်ခင်းပိုင်း မြူနှင်းတို့    ဝေသီလျက်ရှိသည်မှာ   စိတ်ကြည်နူး ဖွယ်ရှိသည်။ လမ်းပန်းဆက်သွယ်ရေးအနေဖြင့်  ဥက္ကံတဘူးလှဆည် ကျေးလက်  ကွန်ကရစ်လမ်းကို ခင်းထားပြီး  ကျန်ရှိသော ၃ မိုင် ၃ ဖာလုံ မြေသား လမ်းကို  ဆက်လက်ခင်းကျင်းလျက်ရှိရာ    တစ်ချိန် က   နွေရာသီဖုန်ထူထူနှင့် မိုးရာသီရွှံ့ဗွက်တို့ဖြင့်   အချိန်ရှစ်နာရီကြာ  တဘူးလှဆည်မှ  ဥက္ကံမြို့သို့    သွားလာရသော   ကျေးလက်နေ   ပြည်သူတို့၏ လူမှုဘဝအခက်အခဲများ လွင့်ပျောက် ကင်းစင်ခဲ့ပြီ ဖြစ်သည်။ ၁၇ မိုင်ကျော်ခရီးကို   ယခု အခါ ဆိုင်ကယ်ဖြင့် နာရီဝက်ကျော်ကြာ သွားလာနိုင် ပြီဖြစ်သောကြောင့်  ကျေးလက်ပြည်သူတို့၏  လူမှု ဘဝအခက်အခဲများ        ကင်းဝေးခဲ့ပြီး      မြို့ပြနှင့် ကျေးလက်ဒေသ၏      ကုန်စည်စီးဆင်းမှုကို      ပိုမို မြန်ဆန်စေခဲပြီ ဖြစ်သည်။     ရာသီမရွေးသွားလာနိုင် ပြီဖြစ်သော          အဆိုပါ         ကျေးလက်ဖွံ့ဖြိုးရေး လမ်းပိုင်းမှ   တဘူးလှဆည်ကြီး၏   သဘာဝအလှကို   ကြည့်ရှု ခံစားနိုင်သည့်အပြင်   ဥက္ကံချောင်းအတွင်း  အများ ပြည်သူ ရေကူးအပန်းဖြေခြင်းနှင့်  သစ်ရိပ်၊ ဝါးရိပ်တွင်    မိသားစုတစ်ရက်တာ   အနားယူနိုင် မည်ဖြစ်သည်။
အေးချမ်းသာယာမှုကိုပြသ 
    ဥက္ကံတဘူးလှဆည် ကျေးလက်ဖွံ့ဖြိုးရေး လမ်းတစ်လျှောက်တွင် ကျေးရွာများရှိပြီး ဆန်းစပါး နှင့်   ဆီထွက်သီးနှံများစိုက်ပျိုး၍   ဆောင်းရာသီ၌ ဟင်းသီးဟင်းရွက်နှင့်  စားသောက်ကုန်သီးနှံတို့ကိုစိုက်ပျိုးလေ့ ရှိသည်။ ယခု မတ်လတွင်လည်း    ဖရဲ သီး၊ ဘူးသီး၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲသီး၊ ပဲ တောင့်ရှည်၊ ခရမ်းသီး၊ ရုံးပတီသီး၊  ကျောက်ဖရုံ သီးတို့  လှိုင်လှိုင်ပေါများသောကြောင့်  ဒေသခံတို့ သာမက ခရီးသွားများလည်း လတ်ဆတ်သော ဟင်း သီးဟင်းသီးဟင်းရွက်တို့ကို    စားသုံးနိုင်လျက် ရှိသည်။ ဥက္ကံတဘူး လှဆည်ကျေးလက်ဖွံ့ဖြိုးရေးလမ်းတစ်လျှောက်နှင့်  ပြည်ကားလမ်းတစ်လျှောက် တွင် နွေစပါးစိုက်ခင်းတို့မှာ မြစိမ်းရောင် ကောဇော ကြီးခင်းထားသည့်ပမာ  စိမ်းစိုလျက်ရှိပြီး နွေစပါး အောင်ရေသွင်းသူ၊ မြေဩဇာကျွေးသူတို့ဖြင့် နွေစပါး တောင်သူတို့ နှင်းမှုန်းဖွေဖွေနှင့်အတူ လုပ်ငန်းခွင်ဝင် ရောက်လျက်ရှိသည်။ နံနက်ခင်းအေးမြသော မြူ နှင်းတို့ ဝေသီလျက်ရှိပြီး   ရှစ်ခွင်တိုင်းမှုန်မှိုင်းသည့် ပမာ   လောကတစ်ခွင်ကို  လေထုအေးနှင့် နှုန်းမှုန် ဖွေးတို့က ဖုံးလွှမ်းလျက်ရှိသည်။   ရန်ကုန်မြို့တွင် နံက်ခင်းအအေးဓာတ်  ပျောက်ဆုံးနေသော်လည်း တဘူးလှဆည်ဝန်းကျင်ရှိ ကျေးလက်တို့မှာ နံနက် ၇ နာရီထိုးသည့်တိုင် အရှေ့ရပ်ရိုးမပေါ်မှ နေဝန်း သည်  ရောင်ဝါမထွန်း  ချမ်းရှာလွန်း၍ မြူနှင်း ကမ္ဗလာ   လွှမ်းခြုံထားသည့်ပမာ  နှင်းမှုန်တို့ကြား ငြိမ်းသက်လျက်  ကျေးလက်ဒေသ၏ အေးချမ်း သာယာမှုကို  ပြသလျက်ရှိသည် ။
အပန်းဖြေအနားယူရာနေရာသစ်
     ဇန်နဝါရီလဆန်းပိုင်းတွင် တဘူးလှဆည်သို့ ရန်ကုန်မြို့မှ မိသားစုလိုက် လာရောက်အပန်းဖြေမှု များရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ရေးနှင့်  ဆည်တမံပေါ်အထိ  သွားလာမှုကို တားမြစ် သောကြောင့်  လကုန်ပိုင်းတွင်      အပန်းဖြေသွားလာမှု ရပ်ဆိုင်းခဲ့သည်။    ဆည်အောက်ခြေတွင်ရှိသော တမံတစ်ရွာတွင်   ကားများရပ်နား၍    အနီးတွင်    တသွင်သွင်    စီးဆင်းနေသည့်   ဥက္ကံချောင်း၌     မိသားစု   အပန်းဖြေအနားယူနိုင်ပြီး     ချောင်းဘေး တွင်  အုပ်ဆိုင်းနေသော သစ်ပင်ကြီးများက  ရန်ကုန် တိရစ္ဆာန်ဥယျာဉ်နှင့်  တိုင်းရင်းသားကျေးရွာကဲ့သို့      စိမ်းစိုသော   သစ်တောများပမာ   အပူဒဏ်ကို     ကာကွယ်ပေးလျက်ရှိသည်။     သို့ပါသောကြောင့်       ဥက္ကံတဘူးလှဆည်ကြီးသည်          တစ်ချိန်တွင်     ရန်ကုန်မြို့၏ ခရီးသွားကဏ္ဍကို    ပြန်လည်ဖော် ဆောင် ရာ၌  ရန်ကုန်တိုင်းဒေသကြီး၏       အနီးဆုံး     အပန်းဖြေအနား   ယူရာနေရာသစ်တစ်ခုအဖြစ်      တွေ့မြင်ရလျက်  ကျေးလက်ဒေသ၏    လူမှုစီးပွား ဖွံ့ဖြိုးမှုကိုလည်း  ခရီးသွားကဏ္ဍမှ           ဒေသခံပြည်သူ များ ရရှိစေမည်   ဖြစ်ပါကြောင်း … ။       ။