အယ်နီညိုရာသီဥတု အကျိုးသက်ရောက်မှုနှင့် ယူကရိန်း-ရုရှား ပဋိပက္ခတို့ကို အကြောင်းပြု၍ ကမ္ဘာတစ်ဝန်း ဆန်လိုအပ်ချက် မြင့်မားနေခြင်းနှင့်အတူ ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်း များလည်း မြင့်တက်လျက်ရှိကြောင်း နိုင်ငံတကာသတင်းများက ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့်မူ မိုးစပါးပေါ်မည့်အချိန်သည် အယ်နီညိုဝင်ရောက်မည့်အချိန်နှင့် လွတ်ကင်းသည့်အတွက် မိုးစပါးအထွက်ကို မထိခိုက်နိုင်ခြင်းနှင့် မြေပြင်ဆန်လက်ကျန် ပမာဏတို့အရ ပြည်တွင်းဆန်ဖူလုံမှုရှိနိုင်ကြောင်း သတင်းစာ ရှင်းလင်းပွဲအချက်အလက်များအရ သိရသည်။
လက်ရှိ ပြည်တွင်းဆန်ဈေးနှုန်း ကြီးမြင့်နေခြင်းကို ထိန်းကျောင်းခြင်းနှင့် နိုင်ငံတော်က အရန်ဆန်စုဆောင်းလျက်ရှိ ခြင်းတို့ကိုလည်း သတင်းတွင်တွေ့ရှိရသည်။ ဆန်သည် မိမိတို့ နိုင်ငံ၏ အဓိကအကျဆုံးစားကုန်ဖြစ်ပြီး ဆန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်နေခြင်းအပါအဝင် အခြေခံစားကုန်များ ဈေးနှုန်း မြင့်တက်လာနေခြင်းတို့က အခြေခံလူတန်းစားများအပေါ်တွင် တိုက်ရိုက်သက်ရောက်မှုရှိသည်။ ဝင်ငွေနည်းပြည်သူများအနေ ဖြင့် ဝင်ငွေ၏ ရာခိုင်နှုန်းအများစုကို ဆန်အတွက် သုံးစွဲလိုက်ရပြီး ကျန်ငွေဖြင့် အာဟာရပြည့်ဝသည့် ဟင်းလျာဖန်တီးရေး၊ ကျန်းမာ ရေး၊ ပညာရေးအပါအဝင် ကိစ္စများစွာတို့အတွက် ခွဲဝေဆောင်ရွက် နိုင်ရန်မှာ များစွာခက်ခဲမှုရှိသည်။
မြန်မာနိုင်ငံတွင် မုတ်သုံရာသီကို အဓိကအားထား၍ မိုးစပါး ကို အများအပြား စိုက်ပျိုးကြပြီး နွေစပါးကိုမူ ဆည်ရေအဆင်ပြေ သည့်ဒေသများတွင်သာ စိုက်ပျိုးကြခြင်းဖြစ်သည်။ စပါးပေါ်ချိန် နှင့် စပါးအထွက်နှုန်းတို့အပေါ် မူတည်၍ ဈေးနှုန်းအတက်အကျ ရှိနိုင်သည်မှာ ဈေးကွက်သဘာဝဖြစ်သည်ဟု ဆိုနိုင်သော်လည်း မိမိတို့နိုင်ငံတွင် ဆန်ဈေးနှုန်းမတည်ငြိမ်မှုက အိမ်နီးချင်း ဆန်တင်ပို့ သည့် နိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ထက် ပိုမိုပြင်းထန်ကြမ်းတမ်းနေကြောင်း ကမ္ဘာ့ဘဏ်၏ လေ့လာချက် တစ်ရပ်တွင် တွေ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှ အချက်အလက်များအရ “မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုအများစုသည် ဝိသမ လောဘသားများ၏ လှုံ့ဆော်မှုကြောင့်ဖြစ်သည်ကို အဓိကတွေ့ရ ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဈေးကစားနေသူများကို ထိထိရောက်ရောက် အရေးယူရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့အတူ အခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန်နှင့် ကုန်ပစ္စည်းပြတ်လပ်မှုများ မရှိစေရေးတို့ အတွက် ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်းထားကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီများ ပြင်ဆင်ဖွဲ့စည်းပြီး စားနပ်ရိက္ခာ ပြည့်ပြည့်ဝဝ ထုတ်လုပ်နိုင်ရန် ထိထိရောက်ရောက် ကူညီပံ့ပိုးဆောင်ရွက်နေ ကြောင်း၊ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အနေဖြင့် ဒေသအသီးသီးတွင် ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းများ ကို နေ့စဉ်စိစစ်ပြီး လိုအပ်သည့်ထိန်းကျောင်းမှုများကို စီမံ ဆောင်ရွက်နေကြောင်း” သိရသည်။
မြန်မာနိုင်ငံတွင် ဗဟိုက ဦးစီးချုပ်ကိုင်သည့် စီမံကိန်းချစီးပွား ရေးစနစ် ၁၉၈၈ ခုနှစ်တွင် နိဋ္ဌိတံသွားပြီးသည့်နောက် အစိုးရက ပါဝင်စွက်ဖက်မှုနည်းသည့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံး လာခဲ့သည်မှာ ဆယ်စုနှစ် သုံးခုမက ကျော်လွန်လာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်ကဏ္ဍ သုံးရပ်တို့ ပါဝင်သည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအပေါ်တွင် အဓိကတည်မှီနေ ပြီး ယင်းလုပ်ငန်းများအားလုံးမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုများသာ ဖြစ်သည်။ မြန်မာ့စီးပွားရေးအသိုက်အဝန်းအနေဖြင့် ကုန် ထုတ်လုပ်ရာတွင်ဖြစ်စေ၊ ကုန်သွယ်ရောင်းဝယ်ရာတွင်ဖြစ်စေ၊ ဝန်ဆောင်မှုပေးရာတွင်ဖြစ်စေ တာဝန်သိသိ၊ ဂုဏ်သိက္ခာရှိရှိနှင့် ကျင့်ဝတ်လိုက်နာ၊ သမာသမတ်ကျသော အသိုက်အဝန်းကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ရန်လိုအပ်သည်။
မသမာသော စီးပွားရှာပုံစံများဖြင့် ကောလာဟလများလွှင့်ကာ ပွဲလှန့်ဖျာခင်းသည့် လုပ်ရပ်မျိုး၊ ပုံမှန်စီးပွားရေးမဟုတ်သည့် ငါးပွက်ရာ ငါးစာချသည့် စီးပွားရှာနည်းမျိုးများ၊ ကျင့်ဝတ်သိက္ခာ ကင်းမဲ့သည့် စီးပွားရှာနည်းမျိုးများဖြင့် ရေရှည်တည်တံ့၍ ဖွံ့ဖြိုး တိုးတက်သော စီးပွားရေးအသိုက်အဝန်းကို တည်ဆောက်နိုင်မည် မဟုတ်သကဲ့သို့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်မှာလည်း အလှမ်းဝေးနေမည်ဖြစ်ရာ ဖြစ်သင့်သည် ထက် အမြတ်ရရေး လွန်လွန်ကဲကဲ ဦးစားပေးသော ဝိသမလောဘ ဇောတို့ကို ထိန်းသိမ်းငြှိမ်းသတ်ကြရပါမည့်အကြောင်း။ ။