Type

ကနောင်
၂၀၀၉ ခုနှစ်က The Voice ဂျာနယ်တွင် ဆရာမောင်စူးစမ်း ရေးသားထားခဲ့သည့် အသွင်ကူးပြောင်းရေးအတွက် ကုန်းပတ်ရှင်းရခြင်းဟူသည့် ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုခဲ့ရဖူးသည်။ ထိုဆောင်းပါးတွင် “၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် အင်စတီကျူးရှင်း သုံးရပ်ပေါ်ပေါက်လာမည်။ တပ်မတော်၊ လွှတ်တော်နှင့် နိုင်ငံရေးပါတီတို့ဖြစ်ကြမည်။ ဤအင်စတီကျူးရှင်းသုံးရပ်အကြား ဆက်ဆံရေးပြေပြစ်တည်ငြိမ်ရေး၊ ချိန်ခွင် လျှာမျှရေးသည် မဟာဗျူဟာမြောက် စိန်ခေါ်မှုတစ်ရပ်ဖြစ်မည်”ဟု ရေးသားထားခဲ့ဖူးသည်ကို ပြန်ပြောင်း အမှတ်ရမိသည်။
မိမိတို့နိုင်ငံသားများအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဖြတ်သန်း ခဲ့ကြသည်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ငါးနှစ်တာအပြီး ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်သန်းခဲ့ကြပြန်သည်။ ယခု ၂၀၂၀ ပြည့်နှစ် တွင်လည်း ရွေးကောက်ပွဲကို ပြည်သူများအားလုံး ဖြတ်သန်းခဲ့ကြသည်။ နိုင်ငံရေးသုတေသီဆရာကြီး မောင်စူးစမ်း၏ အယူအဆ အတွေး အခေါ်များသည် ၂၀၂၀ ပြည့်နှစ်အလွန် လက်ရှိအချိန်ကာလအထိ သက်ရောက်မှုရှိနေသည်ကို မြင်တွေ့ရပါသည်။
လက်ရှိမြန်မာ့နိုင်ငံရေးကို လေ့လာကြည့်မည်ဆိုလျှင် ကြီးမား သည့် အင်စတီကျူးရှင်းသုံးရပ်အကြား ဆက်ဆံရေးပြေပြစ်တည်ငြိမ် မှုရှိအောင်၊ ချိန်ခွင်လျှာညီမျှအောင် ၂၀၁၅ ရွေးကောက်ပွဲအလွန် တာဝန်ယူခဲ့သည့် အစိုးရတို့ မဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တိုင်းပြည်အခြေအနေပြောင်းလဲခဲ့ရသည်ဟု စာရေးသူယူဆမိပါသည်။ နိုင်ငံရေးအယူဝါဒ အမျိုးမျိုးရှိသည့်အနက် စာရေးသူကတော့ နိုင်ငံ ရေးဆိုတာ လက်တွေ့ဖြစ်နိုင်ခြေကို ချဉ်းကပ်၍ အကောင်းမွန်ဆုံး အခြေအနေ (Good Politics) ကို ဆောင်ကြဉ်းရမည် ဟူသည့် အယူအဆကိုသာ ကြိုက်နှစ်သက်မိပါသည်။
ငြိမ်းချမ်းရေးအရွေ့ အောင်အောင်မြင်မြင်ဖြတ်သန်း
အတိတ်ကာလ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပြီး ငါးနှစ်တာကာလဆီသို့ အတွေးများရောက်ရှိသွားသည်။ နိုင်ငံရေးကစားပွဲအတွင်း တပ်မတော်၊ လွှတ်တော်နှင့် အစိုးရတို့ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှုများကို မြင်တွေ့ခဲ့ရသည်။ လွှတ်တော်နှင့် အစိုးရတို့သည် အပြန်အလှန်ထိန်းကျောင်းခဲ့ကြသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီ တို့မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမြင်မတူသော်လည်း နိုင်ငံ အတွက် လားရာတူသည့် ဆွေးနွေးသံများကြောင့်ပင် လှုပ်လှုပ်ရှားရှား နှင့် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ဆရာမောင်စူးစမ်း စကားနှင့် ပြောရလျှင် ကြီးမားသည့် အင်စတီကျူးရှင်းကြီးသုံးရပ်တို့ တစ်ဦး နှင့်တစ်ဦး အပြန်အလှန်ထိန်းကျောင်းတည့်မတ်ခြင်းဖြင့် ဒီမိုကရေစီ အတွက် အရွေ့တစ်ခုကို မြင်သာထင်သာရှိစွာ ဖော်ဆောင်နိုင်ခဲ့သည်။ ထို့အတူ နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချုပ်ဆို နိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအရွေ့တစ်ခုကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ ထို့အပြင် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပခဲ့ပြီး အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ လှပသေသပ်စွာ လက်ဆင့်ကမ်းလွှဲပြောင်းနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ် ပါသည်။
၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူများထောက်ခံအားပေးမှုဖြင့် အာဏာရလာ ခဲ့သည်။ ဒီမိုကရေစီကို လိုလားသည့် ပြည်သူများက အားပေးမှုကို ရယူကာ တာဝန်ယူခွင့်ရသည့် အစိုးရတစ်ရပ်အနေဖြင့် ဆောင်ရွက် သင့်၊ ဆောင်ရွက်ထိုက်သည့်အရာများကို လုပ်ဆောင်ရာတွင် ထောက်ခံခဲ့ကြသည့် ပြည်သူများ အကျိုးစီးပွားမည်မျှဆောင်ကြဉ်း ပေးနိုင်ခဲ့သနည်းဆိုသည်နှင့် ပြည်သူတို့၏ မျှော်လင့်ချက်ကို မည်မျှ ဖြည့်ဆည်းနိုင်ခဲ့သနည်းဆိုသည်ကို စနစ်တကျဝေဖန်ပိုင်းခြားသင့် သည်ဟု ထင်မြင်ပါသည်။ ထို့အပြင် မဟာဗျူဟာကျကျ နိုင်ငံရေး တည်ငြိမ်မှုရှိအောင် အင်စတီကျူးရှင်းကြီးများအကြား ချိန်ခွင်လျှာ ညီမျှအောင် မည်သို့ထိန်းကျောင်းခဲ့သနည်းဆိုသည်ကိုလည်း ဆင်ခြင် သတိပြုကြစေလိုကြောင်း ပြည်သူတစ်ဦးအနေဖြင့် နှိုင်းယှဉ်မိခြင်း ဖြစ်ပါသည်။
ပြည်သူများစနစ်တကျ ဝေဖန်ပိုင်းခြားသင့်
နိုင်ငံရေးသည် စိတ်ကူးယဉ်ပုံဖော်၍မရ၊ ဖြစ်လာနိုင်ခြေများကို စဉ်းစားသုံးသပ်၍ ကိုယ်ဘယ်လောက်စွမ်းသလဲ၊ အမြော်အမြင် ဘယ်လောက်ရှိသလဲအပေါ်မှာ အခြေတည်၍ ပုံပေါ်လာလေ့ရှိပါသည်။ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ အရေးကိစ္စများတွင် မည်သို့ပုံဖော်ခဲ့ကြသည်ကိုလည်း ပြည်သူများ စနစ်တကျဝေဖန် ပိုင်းခြားသင့်မည်ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ကြိုးပမ်းခဲ့ရာတွင် တပ်မတော်အနေဖြင့်လည်း ပူးပေါင်းပါဝင်မည်ဟု အတိအလင်းသဘောထားထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အချို့သောဥပဒေများသည် နိုင်ငံတော်လုံခြုံရေး အတွက် လိုအပ်ချက်ရှိနေသေးသဖြင့် ပြင်ဆင်မှုအချို့ကို ကန့်ကွက်ခဲ့ သော်လည်း ရွေးကောက်ပွဲ အနိုင်ရပါတီက အင်အားများသဖြင့် ပယ်ချ ခံခဲ့ရသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
နိုင်ငံရေးတွင် ဘာသာရေးဖြင့် ခုတုံးမလုပ် ဟူသည့် ပုံသဏ္ဌာန်ကို NLD အစိုးရက ဖော်ဆောင်ခဲ့ခြင်းဟု အစပိုင်းတွင် စာရေးသူတို့ မှန်းဆ ခဲ့သော်လည်း ဘာသာရေးတွင် နိုင်ငံတော်ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာ အပေါ် အလေးမသာခဲ့ခြင်းကို ပြည်သူတစ်ဦး အနေဖြင့်လည်း စိတ်မသက်မသာ ဖြစ်ခဲ့မိပါသည်။ ဤနေရာတွင် NLD အစိုးရလက်ထက်က သံဃာတော်ရဟန်းပျိုတစ်ပါး မိန့်ကြား ခဲ့ဖူးသည့် စကားရပ်တစ်ခုကိုဖော်ပြရလျှင် “နယ်ချဲ့တွန်းလှန်တဲ့ ကာလ ကတည်းက ကြွေးကြော်ခဲ့ကြရတဲ့ အမျိုး၊ ဘာသာ၊ သာသနာ ကို စောင့်ရှောက်ဖို့ဆိုတဲ့စကားကို ဒီအစိုးရလက်ထက်မှာ အသံတောင် မထွက်ရဲခဲ့ဘူး။ မဘသကို ပြဿနာရှာတဲ့ လူတစ်စုလောက်သာ ထင်မှတ်ခဲ့တယ်”ဆိုပြီး မချိတင်ကဲ မိန့်ခဲ့ဖူးပါသည်။
ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူ ၈၀ ရာခိုင်နှုန်းကျော်ရှိနေသည့် မိမိတို့နိုင်ငံတွင် အခြားဘာသာဝင်များအား ဖိနှိပ်ခြင်း၊ ကဲ့ရဲ့ခြင်း မရှိခဲ့ဘဲ အေးချမ်းစွာ အတူတကွနေထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်း များစွာကတည်းကပင် ဖြစ်ပါသည်။ သို့သော် နိုင်ငံတော်ဘာသာ ဖြစ်သည့် ဗုဒ္ဓဘာသာရဟန်းတော်များနှင့် အမျိုးသားရေးသမားများက ၂၀၀၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိဟူ၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်က အာဏာရှင်ဆန်စွာ ဖမ်းဆီးအရေးယူခြင်းခံ ခဲ့ရသည်။ ထိုနှစ်များအတွင်း အခြားဘာသာဝင်အချို့၏ ဝတ်ပြုရာ နေရာများတွင် တရားမဝင် လုပ်ဆောင်နေမှုများကို ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ သွားရောက်ကန့်ကွက်ခဲ့ကြသူများကိုလည်း ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ကြသေးသည်ကို အမှတ်ရမိသည်။
နိုင်ငံအများစုတွင် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရရှိကြသော်လည်း ဘာသာရေးတွင် မျှခြေကို အမြဲထည့်သွင်းစဉ်းစားပေး ကြသည်ကို မြင်တွေ့ရသည်။ ကိုးကွယ်သူ ရာခိုင်နှုန်းအနည်းအများ အလိုက် ဘာသာရေးဆောင်ရွက်ခွင့်ပြုကြခြင်းဖြင့် အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြားသောဘာသာများ၏ ဘာသာရေးအဆောက်အအုံများသည် အချို့သောနိုင်ငံများထက်ပင် များပြားစွာတည်ရှိနေပါသည်။ ကိုးကွယ် သူ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ပိုမိုနေပြီပင် ဖြစ်ပါသည်။ သို့သော် NLD အစိုးရလက်ထက်တွင် ၈၀ ရာခိုင်နှုန်းသော ဗုဒ္ဓဘာသာကိုးကွယ် သူများအတွက် မျှခြေထက် ဘာသာပေါင်းစုံတန်းတူညီမျှရေးဆို သည့်စကားရပ်ကို ရှေ့တန်းတင်ကာ ဗုဒ္ဓဘာသာ၊ ရဟန်းသံဃာ တော်များ၊ သီလရှင်များကို တန်းညှိထားခဲ့ကြသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် ဝိနည်းလိုက်နာစောင့်ရှောက်ကြကုန် သည့် သာသနာ့နွယ်ဝင်များ၏ စိတ်ဘဝင်ကို ထိခိုက်စေခဲ့ရသည် ကိုလည်း သတိပြုစေလိုပါသည်။
ကိုးကွယ်ယုံကြည်မှုအပေါ်အလေးမထား
ဘာသာရေးအပေါ်ထိခိုက်မှုများအနက် တရားဝင်အသိအမှတ် ပြု ဖွဲ့စည်းထားသည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)မတရားအသင်းအဖြစ် ကြေညာဖိနှိပ်ခဲ့ခြင်း၊ ဦးဆောင် ဆရာတော်ကြီးများ မေတ္တာရပ်ခံမှုကြောင့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေး ရှင်းအဖြစ် ပြောင်းလဲပေးခဲ့ရာတွင်လည်း ဆိုင်းဘုတ်များပင် တင်မ ထားရန် ပိတ်ပင်မှုများ ရှိခဲ့ဖူးသည်။ ထို့ပြင် မြတ်ဗုဒ္ဓနှင့် သံဃာတော် များ အပါအဝင် သာသနာတော်အား ညှိုးနွမ်းစေနိုင်သည့် ပန်းချီကားများ ထွက်ပေါ်လာခဲ့ခြင်းစသည့် အခြေအနေများ ပေါ်ပေါက်လာတိုင်းလည်း ဖြေရှင်းပေးခြင်းမရှိ၊ ပြည်သူများ၏ ကိုးကွယ်ယုံကြည်မှုအပေါ် အလေးမထားခဲ့ခြင်းတို့ကိုလည်း မြင်တွေ့ခဲ့ရသည်။
ပြည်တွင်းမှ အတတ်ပညာရှင်၊ အသိပညာရှင်များစွာတို့ကို မျက်ကွယ်ပြုလျက် ပြည်ပ ပညာရှင်များ၊ အကြံပေးများခန့်အပ်ကာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေး အစရှိသည့် ကဏ္ဍအသီးသီး တို့တွင် ပါဝင်စေခဲ့ခြင်းသည် နောက်ကွယ်က ကြိုးကိုင်လာမည့် ပြည်ပ လက်ဝေခံဖြစ်လာမည့်အကျိုးအပြစ်ကို လျစ်လျူရှုခဲ့၊ ပြည်သူ များ၏ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့၊ နိုင်ငံရေးချိန်ခွင်လျှာကို ပြက်ရယ် ပြုခဲ့သည့်ရလဒ်များအဖြစ် ယခုကဲ့သို့ အရေးပေါ်အခြေအနေ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ကြသူများကိုလည်း မြင်တွေ့ရ သည်။
ဒီမိုကရေစီခံစားမှု ဖြည့်ဆည်းရန်အားနည်း
တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးကြိုးပမ်းခဲ့ရာတွင် လည်း ယမ်းခိုးများမငြိမ်းနိုင်သကဲ့သို့ တိုင်းရင်းသားများ၏ စိတ်ခံစား မှုများကို ထည့်သွင်းစဉ်းစားမှု အားနည်းနေခဲ့သည်ကိုလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံဆွေးနွေးပွဲများ၏ ရလဒ်များကိုကြည့်၍ သိရှိနိုင်ပါသည်။ ထို့ပြင် လွှတ်တော်အတွင်း တစ်ပါတီတည်းမှ ကိုယ်စားလှယ်အများစုတို့၏ ဆောင်ရွက်ချက်များ သည် ပြည်သူများ၏ ဒီမိုကရေစီခံစားမှု အာသီသကို ဖြည့်ဆည်းရန် အားနည်းနေခဲ့ခြင်း၊ တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်များ အား လျစ်လျူရှုမှုများပြားနေခြင်းတို့ကိုလည်း မြင်တွေ့ခဲ့ရသည်။
၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအပြီး NLD ပါတီ နိုင်ငံရေးဦးဆောင်သူဖြစ်လာခဲ့ခြင်း၏ အုတ်မြစ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လမ်းကြောင်းအတိုင်း ပုံပေါ်လာခဲ့ရ ခြင်းဖြစ်ပါသည်။ NLD အစိုးရလက်ထက်တွင် အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး တစ်ကြိမ်တစ်ခါမျှ ခေါ်ယူ ခဲ့ခြင်းမရှိ၊ လက်ကမ်းကြိုထားနှင့်သည့် တပ်မတော်နှင့်အတူ ပူးပေါင်း ညှိနှိုင်းမှုအားနည်းစွာဖြင့် ဝေဖန်ထောက်ပြမှုများကို ဥပေက္ခာပြု ခဲ့ခြင်းသည် စစ်မှန်သောဒီမိုကရေစီ မဟာဗျူဟာကို မဖော်ဆောင် နိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။ ထိုငါးနှစ်တာအစ တာဝန်မယူခင်ကာလက NLD ပါတီဝင် ခေါင်းဆောင်တစ်ဦးပြောကြားခဲ့သည်ကို ထိုစဉ်က အားရကျေနပ်ခဲ့ဖူးသည်။ အုပ်ချုပ်ရေး အတွေ့အကြုံမရှိသည့် NLD အဖို့ အစိုးရတာဝန်ကို ကျေပွန်ပါ့မလားဆိုသည်ကို “လင်းတလောက် တော့ ငှက်တိုင်းလှပါတယ်”ဟု ဖြေကြားခဲ့ဖူးပါသည်။ သမိုင်း စာမျက်နှာလှပဖို့အတွက် ကိုင်တွယ်ဆောင်ရွက်ခဲ့မှုများက သက်သေ ခံရပါတော့မည်။
ဒီမိုကရေစီလမ်းခရီးသို့ သွားရာတွင် အတွေးအခေါ်၊ သမိုင်း၊ ပေါ်လစီ၊ ခေါင်းဆောင်မှု၊ စိစစ်သုံးသပ်မှုပါဝါ၊ စံပြုမှု၊ လက်တွေ့ ဆောင်ရွက်နိုင်မှု စသည်ဖြင့် လုပ်ဆောင်ရမည့် ခေါင်းစဉ် (Content) များရှိပါသည်။ “နိုင်ငံရေးဖြစ်နိုင်ခြေတို့ကိုတွက်ချက်ရာတွင် လက် တွေ့ကျရမည်။ ပကတိအစစ်အမှန်ကိုထင်ဟပ်ရမည်။ ဆန္ဒစွဲကင်း ရမည်။ စိတ်ကူးမယဉ်ရပေ”ဟု ဆရာမောင်စူးစမ်းက ဆိုခဲ့ဖူးသည်။ NLD အစိုးရနှင့် NLD ပါတီဝင်အများစုဖြင့်သာ ဖွဲ့စည်းထားသည့် လွှတ်တော်တို့သည် ငါးနှစ်တာကာလအတွင်းဆောင်ရွက်ခဲ့သည် များကို အပြန်ပြန်အလှန်လှန် ဝေဖန်ဆန်းစစ်အဖြေရှာသင့်လှ ပါသည်။
မျက်မှောက်မြန်မာ့အရေးတွင် လူထုအုံကြွမှုသည် ထင်သလောက် အလုပ်မဖြစ်တော့ဘဲ ပြည်ပနိုင်ငံများက အကူအညီပေးကာ ဒီမိုကရေစီထူထောင်ရန်အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီဆောင်ရွက်နေခြင်းဖြစ်သည်မို့ အထူးတလည်လိုအပ်မှု မရှိဟု သုံးသပ်ရပါသည်။
ဒီမိုကရေစီလမ်းကြောင်းမှန်ကန်စေရန်
အဘယ့်ကြောင့်ဆိုသော် မိမိတို့နိုင်ငံသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။ ရွေးကောက်ပွဲကာလ နှစ်ခုကို ဖြတ်သန်းခဲ့ပြီး တတိယမြောက် ရွေးကောက်ပွဲမဲစာရင်းရလဒ် များမှာ ယုတ္တိမတန်ကွဲလွဲနိုင်ခြင်းကို ဝေဖန်ထောက်ပြသည့်အခါ၊ အကြိမ်ကြိမ်အခါခါ သတိပေးဖော်ထုတ်သည့်အခါ ငြင်းဆန်ခြင်း၊ အသိအမှတ် မပြုခြင်းအတွက် တပ်မတော်က ဒီမိုကရေစီလမ်းကြောင်း မှန်ကန်ဖြောင့်ဖြူးစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက် နေခဲ့ခြင်းသာဖြစ်ပါသည်။ ထိုနေရာတွင် တစ်နွယ်ငင် တစ်စင်ပါ ဆိုသကဲ့သို့ ဘာသာရေးအပေါ် ထိခိုက်စော်ကားနေမှု၊ အမျိုး၊ ဘာသာ၊ သာသနာတော်ကို စော်ကားပြုမူနေမှုများကိုလည်း တစ်လက် စတည်း ကိုင်တွယ်ဖြေရှင်းပေးလျက် ရှိနေပြီဖြစ်ပါသည်။
လက်ရှိ အရှိတရားသည် အရေးပေါ်အခြေအနေကြေညာထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ အတိတ်ကာလ အမှားအယွင်းများကို ဖက်တွယ်ရင်း အတိတ်ဖြစ်စဉ်များကို မျှော်ကာ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်းနှင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ပျက်ပြားရာရောက်အောင် ပြုမူသွားမလား သို့မဟုတ် Infrastructure Base Policy Program အနေဖြင့် လက်ရှိအစိုးရ၏ ဆောင်ရွက်ချက်များကို လေ့လာသုံးသပ်ပြီး လက်တွေ့ကျကျ ပြည်သူနစ်နာ ထိခိုက်မှုမရှိ၊ တိုင်းပြည်အခြေအနေယိမ်းယိုင်ခြင်း မရှိ၊ လူမျိုး၊ ဘာသာ၊ သာသနာဂုဏ်ရောင်ကိုမြှင့်တင်ရင်း ဒီမိုကရေစီ လမ်းကြောင်းနှင့်အညီ ဆက်လက်သွားမလားဆိုသည်ကို မှန်ကန် သောအသိဖြင့် ရွေးချယ်ကြဖို့ လိုအပ်နေပြီဟု တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
- Log in to post comments