မိမိတို့နိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ် အတွင်းရှိ နိုင်ငံသားများဟူ၍ ဖွင့်ဆိုထားသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ လူငယ်ဦးရေအချိုးသည် မြင့်တက်လျက်ရှိပြီး လူငယ်ဦးရေ များပြားနေသည့်အတွက် ‘‘လူဦးရေဆုလာဘ်’’ ကို ရရှိခံစားနေရ သည်ဟုလည်းဆိုသည်။ လူတစ်ယောက်၏ လူငယ်ဘဝအသက် အပိုင်းအခြားသည် လှုပ်ရှားတက်ကြွသည့်အရွယ်၊ ဖွံ့ဖြိုးတိုးတက် သည့်အရွယ်ဖြစ်ပြီး လူသားတစ်ယောက်၏ အမြင့်ဆုံးသော စွမ်းရည်များကို ပြသနိုင်သည့်အရွယ်လည်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပေါင်းစုံ လူငယ်သီတင်းပတ် (Youth Week) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိ သတ်မှတ်ပြီး တက္ကသိုလ် ကျောင်း ၅၀ နှင့် ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းတို့တွင် လူငယ်လှုပ်ရှားမှု အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဗလ ငါးတန်နှင့် ပြည့်စုံသော လူငယ်များသည် အဓိကစွမ်းအားစုများ အဖြစ် အရေးပါသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း တက္ကသိုလ် ကျောင်းသား ကျောင်းသူလူငယ်များ သတိပြုမိစေရန် ရည်ရွယ် ကျင်းပသည့် လူငယ်သီတင်းပတ်(Youth Week) အစီအစဉ်တွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဖွံ့ဖြိုးရေးဆိုင်ရာ လူငယ်လှုပ်ရှားမှုများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနေခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ် တွင် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရေး” ဟူသော လူမှုရေးဦးတည်ချက်တစ်ရပ်လည်း ပါဝင်သည်။ နိုင်ငံတော်၏ အနာဂတ်ကာလအတွက် လူငယ်များ ကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာ စေရန် ပြုစုပျိုးထောင်ရာတွင် ဗလငါးတန် ဖွံ့ဖြိုးရေးဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ်သည်။ ကိုယ် ကာယ ဖွံ့ဖြိုးရေး၊ အသိဉာဏ်ဖွံ့ဖြိုးရေးနှင့် ဗဟုသုတပြည့်စုံရေး၊ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အသက်မွေး ဝမ်းကျောင်းနှင့် စီးပွားရေးဆိုင်ရာ အသိအမြင်များ ကျယ်ပြန့်ရေး တို့ကို လူငယ်ဘဝတွင် ပြည့်စုံအောင် လေ့ကျင့်ဖြည့်ဆည်းပေးနိုင် သည်နှင့်အမျှ အနာဂတ်ကာလတွင် နိုင်ငံက အားကိုးအားထား ပြုရမည့် စွမ်းအားစုများကို ရရှိနိုင်မည်ဖြစ်သည်။
မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်ပြီး နိုင်ငံတည်ဆောက် ရေးအတွက်လည်း ပညာတတ်များစွာ လိုအပ်လျက်ရှိရာ ပညာ ရေးနှင့် ပတ်သက်၍ အားပေးဆောင်ရွက်ရန် နိုင်ငံတော် အကြီးအကဲက အမြဲမပြတ် တိုက်တွန်းအားပေးလျက်ရှိသည်။
နိုင်ငံအတွက် လိုအပ်သော တန်ဖိုးမြင့်သည့် လူ့စွမ်းအားအရင်း အမြစ်များရရှိရန် ပညာရေးနှင့် ကျန်းမာရေးနယ်ပယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် လိုအပ်သကဲ့သို့ လူငယ်ထု အတွင်း ဗလငါးတန် ဖွံ့ဖြိုးရေးကိုလည်း ဘက်ပေါင်းစုံမှ စဉ်ဆက် မပြတ် ပြုလုပ်သွားရမည်လည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ တွင် လူငယ်ဦးရေအချိုးအစားက မြင့်မားနေခြင်းကြောင့် ‘‘လူဦးရေ ဆုလာဘ်’’ ရရှိသည်ဟုဆိုရာတွင် အဆိုပါလူငယ်များအား နိုင်ငံ အကျိုးပြုသည့် စွမ်းအားစုများဖြစ်လာအောင် လေ့ကျင့်ပေးနိုင် ရန် လိုအပ်သလို နိုင်ငံတည်ဆောက်ရေးတွင် ထိထိရောက်ရောက် အသုံးပြုနိုင်ရန်လည်း လိုအပ်သည်။ အဆိုပါ လူဦးရေဆုလာဘ် ကို နှစ်ပေါင်းနှစ်ဆယ်အတွင်း အကျိုးရှိရှိ သုံးစွဲနိုင်ခြင်းဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ရာ ပညာ တတ်ရုံမျှမက ကျန်းမာကြံ့ခိုင်သော၊ အကျင့်စာရိတ္တမြင့်မားသော၊ ပေါင်းသင်းဆက်ဆံမှု ကျယ်ပြန့်သော၊ စီးပွားရေး ကျွမ်းကျင်သော လူငယ်များဖြစ်လာအောင် စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင် ကြရပါမည့်အကြောင်း။ ။