ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ရန် နိုင်ငံတော်က အလေးအနက်ပြင်ဆင်လျက်ရှိပြီဖြစ်သည်။ နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော် ကျေးလက်ဒေသတွင် နေထိုင် ကြသော မိမိတို့နိုင်ငံတွင် စာမတတ်သူအများစုမှာလည်း ကျေးလက် ဒေသတွင် ရှိနေသည်။ ဆင်းရဲမွဲတေခြင်းနှင့် စာမတတ်ခြင်း၊ ပညာရေးနိမ့်ကျခြင်းတို့မှာ အပြန်အလှန် ဆက်စပ်လျက်ရှိရာ စာမတတ်သူများကို စာသင်ပေးခြင်း၊ ပညာတတ်မြောက်စေ ခြင်းဖြင့် ဆင်းရဲတွင်းမှ လွတ်မြောက်စေမည်ဖြစ်သည်။
“ဆင်းရဲမွဲတေမှုလျှော့ချ၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံအားဖြင့် ပညာရည်မြင့်မားနေရန်လိုကြောင်း၊ ယေဘုယျအားဖြင့် မြို့ပေါ်နေပြည်သူအများစုမှာ အတန်းပညာ တတ်မြောက်မှု မြင့်မားပြီး ကျေးလက်ဒေသနှင့် အစွန်အဖျားနေရာ များရှိ ပြည်သူများ၏ အတန်းပညာတတ်မြောက်မှုမှာ နည်းပါး နေသေးကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများရှိ ပြည်သူများ အတန်းပညာတတ်မြောက်မှု မြင့်မားလာစေရေး ရည်ရွယ်ဆောင် ရွက်ရန်လိုကြောင်း” ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
လူသားတစ်ဦးအဖြစ် ဘဝတစ်လျှောက် အောင်မြင်စွာ ရပ်တည်ရှင်သန်ရေးတွင် ကျန်းမာကြံ့ခိုင်ခြင်း၊ ဉာဏ်ပညာ ဗဟုသုတပြည့်စုံခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ ဥစ္စာဓန ဖူလုံခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်းတို့နှင့် ပြည့်စုံရန် လိုအပ် ရာ အခြေခံအုတ်မြစ်မှာ ပညာရေးပင်ဖြစ်သည်။ ပညာရေးသည် လူတစ်ယောက်၏ စွမ်းရည်၊ ကျွမ်းကျင်မှုနှင့် ဗဟုသုတများကို ပြည့်စုံကြွယ်ဝလာစေပြီး အလုပ်အကိုင်အခွင့်အလမ်းကိုလည်း တိုးပွားလာစေသည်။ လူတိုင်းပညာတတ်မြောက်ပြီး အလုပ် အကိုင်များရရှိကာ ဝင်ငွေများရရှိခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ မိမိတို့ နိုင်ငံ တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်း ၄ ဒသမ ၁ သန်း ခန့်ရှိနေရာ လွန်စွာပမာဏကြီးမားနေသည့် အခြေအနေပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့လာခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေ ခြင်းတို့သည် ကျေးလက်ဒေသနေပြည်သူများနှင့် နယ်စပ်ဒေသ နေပြည်သူများအတွင်း စာပေသင်ယူနိုင်ခွင့် အခွင့်အလမ်းတို့နှင့် အလှမ်းဝေးသွားစေနိုင်သည်။ သို့ဖြစ်ရာ နိုင်ငံအတွင်း လူတိုင်း စာတတ်မြောက်ရေးသည် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် နေရဦးမည့် အမျိုးသားရေးတာဝန်တစ်ရပ်ပင် ဖြစ်သည်။ ကျေးလက် နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လှုပ်ရှားမှုကို မိုးလေဝသကင်းရှင်းပြီး လယ်ယာများ၊ တောင်ယာ များ ရိတ်သိမ်းပြီးချိန်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ရာ အသိပညာပေးရေးနှင့် စည်းရုံးလှုံ့ဆော်ရေးတို့ကို ခေတ်နှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရတော့မည်ဖြစ်သည်။
စာမတတ်သူပပျောက်ရေး လူထုလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ သည့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ထိုခေတ်ကာလက မီဒီယာ များဖြစ်ကြသည့် သတင်းစာ၊ ရေဒီယိုနှင့် ရုပ်ရှင်တို့ဖြင့် ပြည်သူ လူထုအတွင်း စည်းရုံးလှုံ့ဆော်မှုများမှာ လွန်စွာအောင်မြင်ခဲ့သည်။ စေတနာလုပ်အားပေး ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ အကြား လေးစားချစ်ခင်မှုနှင့် သံယောဇဉ်တရားတို့ ဖြစ်ပေါ်ခဲ့ခြင်း ကြောင့် သင်ကြားမှု၊ သင်ယူမှုတို့အပေါ်တွင် ကောင်းသောအကျိုး သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်းသန်းနှင့်ချီ၍ စာတတ် မြောက်ခဲ့ကြသည်။ သို့ဖြစ်ရာ စိုက်ပျိုးရာသီပြီးဆုံးချိန်တွင် စတင် ဆောင်ရွက်မည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်း သားပြည်သူများ စာတတ်မြောက်ရေး လူထုလှုပ်ရှားမှုကြီးတွင် သန်းနှင့်ချီ၍ ရှိနေသော စာမတတ်သူ၊ စာမြင်ပါလျက် ဘာမှ မသိသူ၊ ကြက်ခြေခတ် လက်မှတ်ထိုးနေရသူ၊ လက်ဗွေနှိပ်နေရသူ များကို စာပေ၏ အလင်းရောင်အောက်သို့ ရောက်ရှိစေမည့် လူသားအကျိုးပြု ကောင်းမှုကုသိုလ်အဖြစ် လူတိုင်းပါဝင်ကြရမည် ဖြစ်ပါကြောင်း။ ။