လူတို့၏ကိုယ်ရည်ကိုယ်သွေးသည် ပုဂ္ဂိုလ်ကိုလိုက်၍ တစ်ဦးနှင့်တစ်ဦး မတူဘဲ ကွဲပြားခြားနားကြသည်။ အချို့က သူတစ်ပါးအပေါ် မှီခိုစိတ် (Need Dependence)၊ အချို့က သူတစ်ပါးနှင့်ပူးပေါင်းလိုစိတ် (Need Affiliation)၊ အချို့က တစ်ဦးတည်းလွတ်လပ်စွာ လုပ်ကိုင်လိုစိတ် (Need Autonomy)၊ အချို့က သူတစ်ပါးအပေါ် လွှမ်းမိုးလိုစိတ် (Need Dominance) စသည်ဖြင့် လူချင်းတူကြသည့်တိုင် ကိုယ်ရည် ကိုယ်သွေးချင်းမတူညီကြ။ ယင်းသို့သော ကိုယ်ရည်ကိုယ်သွေးများ အနက်မှ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို မဖြစ်မနေ စွမ်းဆောင်လို သည့်စိတ်ဓာတ်(Need Achievement) သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးပါပြီး နိုင်ငံသားများတွင် ၎င်းစိတ်ဓာတ် တိုးပွားလာစေရေးအတွက် ပတ်ဝန်းကျင်အခြေအနေများ ပြုပြင် ဖန်တီးခြင်းဖြင့် ရရှိနိုင်သည်ဟု သုခမိန်များက မိန့်ဆိုကြသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပထဝီဝင်အနေ အထား၊ တည်နေရာ၊ ရာသီဥတု၊ သဘာဝသယံဇာတ စသည့်ရုပ်ပိုင်း ဆိုင်ရာအခြေအနေများ၏ အကျိုးသက်ရောက်မှုများထက် လူတို့၏ စွမ်းဆောင်ရည်နှင့် ကြိုးပမ်းအားထုတ်မှုတို့က ပို၍ အရေးပါသည်ဟု ဆိုသည်။ နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးဖြစ်သော အလုပ်လုပ်လိုစိတ်၊ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးဖြစ်သော အလုပ် လုပ်နိုင်သည့် စွမ်းရည်တို့ဖြစ်ပေါ်လာစေရန် ပတ်ဝန်းကျင်အခြေအနေ များ ဖန်တီးပေးရန်နှင့် လေ့ကျင့်ပျိုးထောင်မှုတို့ ပြုလုပ်ပေးရန်လိုအပ် သည်။ နိုင်ငံအတွင်းရှိ ပြည်သူလူထုအတွင်း စွမ်းဆောင်လိုသည့် စိတ်ဓာတ်မြင့်မားလာသည်နှင့်အမျှ နိုင်ငံဖွံ့ဖြိုးမှုပိုမိုရရှိနိုင်ကြောင်း ကမ္ဘာ့နိုင်ငံများအား လေ့လာသုတေသနပြုချက်များတွင် တွေ့ရှိထား ကြကြောင်း သိရသည်။
မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ “မိမိ တို့နိုင်ငံ၌ အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်လိုအပ် ချက်များရှိနေသည်ကို တွေ့ရှိရကြောင်း၊ အလုပ်လုပ်ရန် မည်သို့ပင် တိုက်တွန်းနေစေကာမူ အလုပ်လုပ်နိုင်ရန် ဖန်တီးပေးမှု၊ အားပေး ကူညီပေးမှုမရှိပါက စွမ်းအားပြည့်အလုပ်လုပ်နိုင်မည် မဟုတ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အားပေးကူညီမှုများကို ဖော် ဆောင်ပေးနိုင်မှသာလျှင် အလုပ်ကို အင်ပြည့်အားပြည့်လုပ်နိုင်မည် ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် စီမံခန့်ခွဲ သည့်သူများက စနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၃) ၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏ ပြောကြားချက်သည် နိုင်ငံတော်၏ ပကတိအခြေအနေပင်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက အချက်လည်းဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေး ဦးစွာ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်လည်း ဖြစ်သည်။ သုတေသီများ ၏ လေ့လာတွေ့ရှိချက်များအရ လူတို့သည် မိမိတို့အမှန်တကယ် ပိုင်ဆိုင်သော ကာယ၊ ဉာဏစွမ်းအားများ၏အနည်းငယ်သော အစိတ် အပိုင်းကိုသာ လက်တွေ့အသုံးပြုနေခြင်းဖြစ်ပြီး ကျန်စွမ်းအားအများ အပြားမှာ “ငုပ်လျှိုးနေသော စွမ်းအားများ” (Latent energy) အဖြစ် တည်ရှိနေသည်ဟု ဆိုသည်။ အဆိုပါစွမ်းအားများကို အပြည့်အဝ အသုံးချလာစေရန် ယုံကြည်ချက်၊ မျှော်လင့်ချက်နှင့် ဖိအားပေးမှုတို့ လိုအပ်သည်ဟုလည်း ဆိုထားသည်။ ပြည်သူလူထုအတွင်း ခိုင်မာ သည့်ယုံကြည်ချက်နှင့် အတွေးအခေါ်များဖြစ်ပေါ်လာစေခြင်း၊ နိုင်ငံ နှင့် ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ခြင်းသည် မွန်မြတ်သည် ဆိုသောစိတ်ဓာတ် ပြည်သူလူထုအတွင်း ပျံ့နှံ့စေခြင်း၊ ကာယ၊ ဉာဏ၊ ဝီရိယစွမ်းအားအလိုက် ခံစားခွင့်ပြုခြင်း၊ လူတို့အား တန်ဖိုးထားမှု အသစ်များ (New Values) ပေးခြင်း၊ ပြည်သူလူထုကို စိတ်ဓာတ် တက်ကြွအောင်နှိုးဆော်ခြင်းနည်းလမ်းများဖြင့် စိတ်ဓာတ်မြင့်မားအောင်မြှင့်တင်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ကြရပါ မည့်အကြောင်း။ ။