ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ်သို့ တက်လှမ်းလာပြီ ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စီးပွားရေးပြုပြင် ပြောင်းလဲမှုကို လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က စတင်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ဖက်စပ်လုပ်ငန်းထူထောင်ခြင်း ဆိုင်ရာဥပဒေကို ၁၉၇၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နောက်တစ်နှစ် ၁၉၈၀ တွင် အထူးစီးပွားရေးဇုန်ကြီးလေးခုကို နိုင်ငံအရှေ့တောင် ပိုင်း ကမ်းရိုးတန်းမြို့ကြီးများတွင် တည်ထောင်၍ ပြည်ပရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည်။ စီးပွားရေးတံခါးဖွင့်ဝါဒ စတင် ကျင့်သုံးချိန်မှစ၍ နှစ်စဉ်ဆက်တိုက် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်လာခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ယခုအခါ စီးပွားရေးအရ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
မိမိတို့နိုင်ငံတွင် အထူးစီးပွားရေးဇုန်ဥပဒေကို ၂၀၁၁ ခုနှစ် တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပိုမိုပြည့်စုံကောင်းမွန် သည့် ဥပဒေအဖြစ် အသစ်ပြင်ဆင်ပြဋ္ဌာန်းကာ ၂၀၁၅ ခုနှစ်တွင် နည်းဥပဒေကိုပါ ပြဋ္ဌာန်းခဲ့သည်။ မိမိတို့နိုင်ငံတွင် သီလဝါအထူး စီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဂျပန်နိုင်ငံနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် သီလဝါအထူးစီးပွားရေးဇုန်မှာ အောင်မြင်စွာဖြင့် လုပ်ငန်းများ လည်ပတ်လုပ်ကိုင်လျက်ရှိသည်။ ကျန်စီမံကိန်းနှစ်ခုဖြစ်သည့် ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့ကိုလည်း သီလဝါ ကဲ့သို့ပင် အောင်မြင်စွာ လည်ပတ်လုပ်ကိုင်လာစေနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေး ဇုန်တို့သည် ရေနက်ဆိပ်ကမ်းစီမံကိန်းများပါဝင်ပြီး စက်မှုဇုန်များ၊ အဆင့်မြင့်အိမ်ရာများ စသည်တို့လည်း ပါဝင်သည်။ အထူးစီးပွား ရေးဇုန်များ မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာပြီး ဖွံ့ဖြိုး တိုးတက်မှုများ ရရှိလာသည်နှင့်အမျှ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း များ၊ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိလာမည် ဖြစ်သည်။ ထို့အပြင် ပြည်ပပို့ကုန်များ တိုးတက်၍ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိနိုင်ခြင်း၊ စက်မှုကဏ္ဍစီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်း စသော ရည်ရွယ်ချက်များကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်သည်။
“မိမိတို့နိုင်ငံတွင် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန် များ ရှိပြီးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ထိရောက်စွာ ဆောင်ရွက်နိုင်မှုမရှိခဲ့သဖြင့် တိုးတက်မှုများ နည်းပါးခဲ့ကြောင်း၊ အထူးစီးပွားရေးဇုန်များဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်တို့ သည် မိမိတို့နိုင်ငံအတွက်သာမက အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံ များ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက် အကူပြုသဖြင့် တိုးတက်မှုအမြန်ဆုံးရရှိရန်နှင့် အလုပ်ဖြစ်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်သော ကြောင့် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန်လိုကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေး(၇/၂၀၂၃) တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
အထူးစီးပွားရေးဇုန်များ အောင်အောင်မြင်မြင် အကောင် အထည်ဖော် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် ကြီးမားသည့် အထောက်အကူတစ်ရပ်ဖြစ် သည့်အလျောက် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ပေါ် ဖြစ်မြောက်လာရေး အစွမ်းကုန်အားထုတ်ကြိုးပမ်းကြရပါမည့် အကြောင်း။ ။