တန်းတူရည်တူ၊ စိတ်တူကိုယ်မျှ

 

ကမ္ဘာ့မြင်ကွင်းတွင် စစ်၏ အနိဋ္ဌာရုံများကို မိမိတို့ မြင်တွေ့နေကြရ သည်။ သေကျေခြင်း၊  ပျက်စီးခြင်း၊  ဆုံးရှုံးခြင်း၊  ကွဲကွာခြင်း၊ ငိုကြွေးခြင်း၊ ပူဆွေးခြင်း၊ သောက၊  ပရိဒေဝများ  ဖြစ်ပေါ်လာစေ သည့် စစ်သည်  စတင်ရန်ထက်  အဆုံးသတ်ရန်   ခက်ခဲသည်။ မူလက နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့်အကြောင်းရင်းခံ ပြဿနာတစ်ခုခုမှ စတင်သော်လည်း အပြန်အလှန်တိုက်ခိုက်မှုများ ကြောင့် အမုန်းတရားနှင့် ရန်ငြိုး၊ ဒေါသ၊ အာဃာတတို့ပါ ထပ်မံ ပေါ်ပေါက်လာသည်။


မိမိတို့ နိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော်ကြာ လူမျိုးစုလက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်း ရေးဟူသော နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သဘောတူထူထောင် ခဲ့ရာမှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပေါ်ပေါက်လာခဲ့သည်။ ယခုအခါ NCA ၏ သက်တမ်းမှာ (၈) နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး   လက်နက်ကိုင်ပဋိပက္ခများကို     ရပ်စဲနိုင်ရေး၊ တစ်မျိုးသားလုံးစည်းလုံးညီညွတ်စွာဖြင့်    နိုင်ငံတိုးတက်ရေး၊ ဒေသအလိုက်၊  တိုင်းရင်းသားလူမျိုးများအလိုက်  အားလုံးဖွံ့ဖြိုး တိုးတက်ရေးတို့ကို   ဆောင်ရွက်နိုင်ရေးအတွက်   ၂၀၁၁   ခုနှစ် ဩဂုတ်လ  ၁၈  ရက်နေ့တွင်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကို  ငြိမ်းချမ်းရေးဖိတ်ခေါ်ကာ   ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ခဲ့သည်။


ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် ရင်းရင်း နှီးနှီး၊  ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးနိုင်ခဲ့ကြပြီးနောက်  တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့် တစ်ဖွဲ့ချင်း  အပစ်အခတ်ရပ်စဲ ရေး  သဘောတူစာချုပ်များ   ချုပ်ဆိုနိုင်ခဲ့သည်။  ၂၀၁၅   ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ    ကွန်ဗင်းရှင်းဗဟိုဌာန(၂) MICC-2 တွင်    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသော KNU (ကရင်အမျိုး သားအစည်းအရုံး)၊ KNU/KNLA (P.C) [ ကရင်အမျိုးသားအစည်း အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)] ၊ DKBA (ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်)၊ CNF  (ချင်းအမျိုးသားတပ်ဦး)၊   PNLO  (ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်)၊ RCSS (ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ) ၊ ALP (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ)၊ ABSDF  (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး)  ဟူသော စုစုပေါင်း ရှစ်ဖွဲ့တို့သည် အစိုးရကိုယ်စားလှယ်များနှင့် အတူ  ကုလသမဂ္ဂ၊  ဥရောပသမဂ္ဂ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊  ထိုင်းနိုင်ငံနှင့်  ဂျပန်နိုင်ငံတို့မှ   နိုင်ငံတကာအသိ သက်သေများရှေ့မှောက်တွင်     သမိုင်းဝင်လက်မှတ်ရေးထိုး ခဲ့ကြသည်။


၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် NMSP (မွန်ပြည်သစ် ပါတီ)   နှင့်   LDU  (လားဟူဒီမိုကရက်တစ်အစည်းအရုံး)  တို့ပါ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး   သဘောတူစာချုပ် (NCA)တွင် ပါဝင်လက်မှတ်ထိုးလာခဲ့ကြရာ စုစုပေါင်းအဖွဲ့အစည်း ၁၀ ဖွဲ့အထိရှိလာခဲ့သည်။ နိုင်ငံတော်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ NCA စာချုပ်တွင်  အတူတကွလက်မှတ်ရေးထိုးခဲ့ကြသည့်  ထိုနေ့များ သည် မိမိတို့နိုင်ငံသမိုင်းတွင် မှတ်တမ်းဝင်သည့် မင်္ဂလာရှိသော နေ့ရက်များဖြစ်သလို ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး ပါဝင်သည့် ပြည်သူလူထုတစ်ရပ်လုံးအတွက်လည်း ထာဝရငြိမ်းချမ်း ရေး  မျှော်လင့်ချက်ရောင်ခြည်များထွန်းလင်းကာ  ဝမ်းမြောက် ဝမ်းသာ နှစ်ထောင်းအားရဖြစ်ကြရသောနေ့များပင်ဖြစ်သည်။


NCA သည် ငြိမ်းချမ်းရေးခရီးစဉ်၏ စမှတ်သာဖြစ်ပြီး  ပန်းတိုင် မဟုတ်သေးစေကာမူ အပစ်အခတ်ရပ်စဲရေးသက်သက်မျှသာ လည်းမဟုတ်။   NCA    စာချုပ်တွင်    ပါဝင်လက်မှတ်ရေးထိုးပြီး ဆက်လက်ဆောင်ရွက်သွားရမည့်   လုပ်ငန်းစဉ်များနှင့်   ဖြစ်ပေါ် လာမည့်ဖြစ်စဉ်များကမူ  ပစ်ခတ်တိုက်ခိုက်မှုများနှင့်  အနိဋ္ဌာရုံ များမှကင်းဝေးစေပြီး   ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့   တစ်ဆင့်ပြီး တစ်ဆင့် နီးသည်ထက်နီးကပ်သွားစေသည်။ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး  တန်းတူရည်တူ၊ စိတ်တူကိုယ်မျှ ညီညွတ် စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြသည်နှင့်အမျှ ထာဝရငြိမ်းချမ်းရေး ကို မလွဲမသွေ ရရှိခံစားနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။         ။