ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်း

 

နိုင်ငံ့စီးပွားတိုးတက်ရေးတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးစားပေးဆောင်ရွက်ရန်လိုသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော  ကျေးလက်ပြည်သူများသည်  စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အဓိကလုပ်ကိုင်ကြပြီး စိုက်ပျိုးရေးနှင့် ဆက်စပ် လျက်ရှိသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ ကိုလည်း လုပ်ကိုင်လျက်ရှိကြရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို  မြှင့်တင်ပေးနိုင်သည်နှင့်အမျှ နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သော ပြည်သူများ၏ လူမှုအဆင့်အတန်းများလည်း ပြောင်းလဲတိုးတက် လာနိုင်မည်ဖြစ်သည်။


စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်၊ မြေ၊ စိုက်ပျိုးရေ၊ စိုက်နည်းစနစ်ဟူ၍ရှိရာ မြန်မာ့တောင်သူလယ်သမားအများစုတို့မှာ အကြောင်းအမျိုးမျိုး တို့ဖြင့် သမားရိုးကျစိုက်ပျိုးမှုများနှင့် လမ်းမခွဲနိုင်ကြ။ စိုက်ပျိုးရေး သွင်းအားစုများ    ဈေးနှုန်းကြီးမြင့်ခြင်း၊    လယ်ယာလုပ်သား ရှားပါးခြင်းကဲ့သို့သော  အခက်အခဲများအပြင် ရာသီဥတုနှင့် သီးနှံ ဈေးနှုန်းကဲ့သို့သော  ကြိုတင်ခန့်မှန်း၍မရနိုင်သည့်  အခက်အခဲများ ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်မြင့်မားမှုကလည်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးတွင်        အဟန့်အတားတစ်ခုသဖွယ်ဖြစ်ကြောင်း တောင်သူအချို့က   ထုတ်ဖော်ပြောကြားကြသည်။  သီးနှံများ အထွက်နှုန်းကောင်းမွန်ရေးအတွက်  ဓာတ်မြေဩဇာ  သို့မဟုတ် သဘာဝမြေဩဇာများကို အသုံးပြုရန် လိုအပ်ရာ ဓာတ်မြေဩဇာ များ ဈေးနှုန်းကြီးမြင့်ချိန်တွင် ဒေသအလိုက် ရရှိနိုင်သည့် သဘာဝ မြေဩဇာကို ပြည့်စုံကောင်းမွန်အောင် ပြုပြင်ထုတ်လုပ်သုံးစွဲသွား နိုင်ရန်နည်းလမ်းများနှင့် ပညာပေးမှုများ ရှိပြီးဖြစ်သည့်အလျောက် အဆိုပါနည်းလမ်းများရရှိနိုင်ရန် အားထုတ်ကြဖို့လည်း လိုသည်။ လယ်ယာလုပ်ငန်းခွင်များတွင် လယ်ယာလုပ်သားရှားပါးမှုများ နှင့် စပ်လျဉ်း၍လည်း ခေတ်မီစက်ကိရိယာများ အသုံးပြုဆောင်ရွက် ခြင်းအားဖြင့် အချိန်နှင့်လူ့လုပ်အားတို့ လျော့နည်းသက်သာစေ သည့်အပြင် လေလွင့်ဆုံးရှုံးမှုများလည်း လျော့နည်းစေသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ        နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်  စီးပွားရေးရာကော်မတီ  အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၃) တွင်  အမှာစကားပြောကြားရာ   “မိုးသီးနှံ များကို  ပြည့်ဝစွာစိုက်ပျိုးနိုင်ရေး    မိမိအနေဖြင့်    တိုက်တွန်း ဆောင်ရွက်ခဲ့ကြောင်း၊      စိုက်ပျိုးထားသည့်      စိုက်ပျိုးမြေများ၌ ရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အထွက်နှုန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုး ရာသီတွင် နွေစပါးထွက်ရှိမှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအနေဖြင့် ပျမ်းမျှ ၉၆ ဒသမ ၂၄ တင်း ထွက်ရှိခဲ့ကြောင်း၊ ပန်းတိုင်ရည်မှန်း ချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ မိုးသီးနှံများ စိုက်ပျိုးရာတွင် ရာနှုန်းပြည့်အောင်မြင် ရေးနှင့်  အထွက်နှုန်းများကောင်းမွန်ရေး   ဆောင်ရွက်ရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။


စပါးကဲ့သို့သော စိုက်ပျိုးသီးနှံသည်  ပြည်တွင်း၌  အဓိက စားသုံးသီးနှံဖြစ်ပြီး ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် အထွက်နှုန်းကောင်းမွန်ရန် လိုအပ်သည်။ စိုက်ပျိုးစွမ်းအားမြင့်မားရေး ဆောင်ရွက်ရာတွင် ဒေသခံတောင်သူ လယ်သမားများနှင့်    သက်ဆိုင်ရာတာဝန်ရှိသူများ    ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်သည်နှင့်အမျှ စိုက်ပျိုးမြေများ ရာနှုန်း ပြည့်အောင်မြင်ရေး၊ အထွက်နှုန်းများ ကောင်းမွန်ရေး  ရည်မှန်း ချက်များ ပြည့်မီနိုင်မည်ဟု ယုံကြည်ပါကြောင်း။         ။