ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ချက်များနှင့် ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် (၂၀၂၃)

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ‘‘ရခိုင်ပြည်နယ်စီးပွားရေး ဖိုရမ် (၂၀၂၃)”ကို အောက်တိုဘာလ ၂၂ ရက်(ယနေ့)တွင် ပြည်နယ် ၏မြို့တော် စစ်တွေ၌ ကျင်းပပြီဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း ဒေသခံစွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေ ရေးနှင့် ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအတွက် ရည်ရွယ်ကျင်းပသည့်  အဆိုပါဖိုရမ်တွင် ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပညာရှင်သုံးဦးတို့က အဓိက ဟောပြောဆွေးနွေးကြကာ ဒေသခံစီးပွားရေးလုပ်ငန်းရှင် များ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ စီးပွားရေးပညာ ရှင်များ၊ လူငယ်များ ပါဝင်ဆွေးနွေးကြမည့် စကားဝိုင်းဆွေးနွေးပွဲ သုံးခုလည်း ပါဝင်မည်ဟု သိရသည်။


‘‘စည်းဝေးခါခါ၊   ညီညာတက်ကြွ၊   လုပ်ဆောင်ကြလျက်၊ ရှေးကရိုးရာ၊ ထိန်းသိမ်းကာနှင့်၊ ဂုဏဝု၊ ကြီး- မိ- ရိုသေ၊ ရှုလေ မငြီး၊ သူ့သမီးကို၊ စောင့်စည်းကြည့်ရှု၊ စေတီရံနှင့်၊ ထေရ်ရှင် သူမြတ်၊ ပူဇော်အပ်၏၊ တိုင်းရပ်ပြည်ရွာ၊ ကြီးပွားကြောင်းတည်း။” ဟူသော  အပရိဟာနိယတရား  (၇)ပါးနှင့်အညီ  မကြာမကြာ စည်းဝေးကြခြင်း၊ အစည်းအဝေးသို့ အညီအညွတ်တက်ရောက် ၍ အညီအညွတ်ဆုံးဖြတ်ကြကာ ဆောင်ရွက်ရန်ကိစ္စဟူသမျှတို့ကို ညီညာဖြဖြ၊  တက်တက်ကြွကြွ ဆောင်ရွက်ကြခြင်းက   ဒေသနှင့် ပြည်သူတို့အတွက်   ကြီးပွားစည်ပင်မှု၊   တိုးတက်ဖွံ့ဖြိုးမှုတို့ကို ဖြစ်ထွန်းလာစေမည်ဖြစ်သည်။   ရခိုင်ပြည်နယ်သည်    သဘာဝ သယံဇာတကြွယ်ဝသည်။   ရေခံမြေခံကောင်းများလည်း ရှိသည်။ သို့ရာတွင် သဘာဝအလျောက် ရရှိထားသည့်အရင်းအမြစ်များကို အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်သူများပါဝင်သည့် အရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်ကောင်း က    အကျိုးရှိရှိ၊  ထိထိရောက်ရောက် ဖော်ထုတ်သုံးစွဲလုပ်ကိုင် နိုင်မှသာ အကျိုးစီးပွားဖြစ်ထွန်းမှုကို ရရှိနိုင်မည်ဖြစ်သည်။


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရက အလေးပေးဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ    ပီပြင်စွာ    အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့်    ရခိုင်ပြည်နယ် အစိုးရတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်သည်။ ဒေသ တွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊  မွေးမြူရေးလုပ်ငန်းများ၊  အသေးစား အငယ်စား အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ကူညီပံ့ပိုး မှုများ၊ အားပေးမှုများ ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် စီးပွား ရေးလုပ်ငန်းနယ်ပယ်များအတွင်း ကိုယ်တိုင်ပါဝင်လုပ်ကိုင်နေကြ သည့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း လျှပ်စစ်၊ လောင်စာဆီ စသည့်စွမ်းအင်လိုအပ်ချက်၊ လုပ်ငန်းတည်ထောင် ရန်၊ တိုးချဲ့ရန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိုအပ်ချက်၊ အရည်အသွေး မြင့်ကုန်စည်များ     ထုတ်လုပ်နိုင်ရန်    နည်းပညာလိုအပ်ချက်၊ ကူးသန်းသွားလာရေးနှင့်  ကုန်သွယ်ရေးတို့အတွက်  လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ    အခြေခံအဆောက်အအုံများ    ဖွံ့ဖြိုးမှု လိုအပ်ချက်၊      စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များအတွက် သွင်းအားစုလိုအပ်ချက်စသည်ဖြင့်   လိုအပ်ချက်များရှိနေမည် ဖြစ်သကဲ့သို့  ဖြေရှင်းဖြည့်ဆည်းနိုင်မည့်   နည်းလမ်းများလည်း  ရှိနေမည်သာဖြစ်သည်။


‘‘နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်     စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်   ဒေသတစ်ခုချင်းစီ အလိုက် ၎င်းဒေသနှင့် ကိုက်ညီနိုင်မည့် စီးပွားရေးလုပ်ငန်းများကို ရေတိုရေရှည်တွက်ချက်ပြီး ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက် ရန်” ဟူသော နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ‘‘ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ်(၂၀၂၃)”မှ  ဒေသနှင့်ကိုက်ညီပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊  ဒေသခံပြည်သူများ၏  လူနေမှုဘဝ မြင့်မားရေးတို့ကို  ဖော်ဆောင်နိုင်မည့် စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များ ပေါ်ထွက်လာကာ အနာဂတ်စီးပွားဖွံ့ဖြိုးတိုးတက် ရေး ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်ပါစေကြောင်း။        ။