နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်လင့် နေကြသော ပြည်သူများအဖို့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း တွင် လူမှုကွန်ရက်စာမျက်နှာများ၌ တွေ့မြင်ရသည့် တိုက်ခိုက်မှု၊ ဖျက်ဆီးမှုပုံရိပ်များနှင့် သတင်းများမှာ ဝမ်းနည်းဖွယ်၊ စိတ် မချမ်းမြေ့ဖွယ်ပင်ဖြစ်သည်။ ထို့အပြင် လက်နက်ကိုင်ဆောင်ထား သူများမဟုတ်သည့် အရပ်သားအပြစ်မဲ့ပြည်သူများကို ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုမှာလည်း စိုးရိမ်ပူပန်စရာ ဖြစ်သည်။
၁၉၈၉ ခုနှစ် တပ်မတော်အစိုးရလက်ထက်တွင် ကိုးကန့်ဒေသ သည် ပထမဦးဆုံး ငြိမ်းချမ်းရေး တည်ဆောက်ခဲ့သည့်ဒေသဖြစ်ပြီး ၂၀၀၀ ပြည့်လွန်နှစ်များအထိ ဒေသတည်ငြိမ်အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တည်ဆောက်နိုင်ခဲ့ သည့် ဒေသလည်းဖြစ်သည်။ ထိုကာလများအတွင်း ချင်းရွှေဟော် မြို့သစ်နှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများတွင် ရှေးယခင်နှင့်နှိုင်းယှဉ်ပါက အဆပေါင်းများစွာဖွံ့ဖြိုး တိုးတက်လာခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီး မုဒိတာ စိတ်ဖြင့် ဝမ်းမြောက်ဝမ်းသာလည်းဖြစ်ခဲ့ရသည်။ ဒေသအေးချမ်း သာယာပါက ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝများလည်း တည်ငြိမ်အေးချမ်းသလို ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အနှောင့်အယှက်ကင်းကင်း၊ စိတ်ဖြောင့်ဖြောင့် ဆောင်ရွက်၍ ရသည်။ အဖျက်အဆီးမရှိသဖြင့် တစ်ခုပြီးတစ်ခု တည်ဆောက်နိုင် ကာ တည်ဆောက်ပြီးသမျှလည်း အဖတ်တင်သည်၊ တည်တံ့သည်။
ယနေ့ကာလသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာခဲ့သော နိုင်ငံရေးအခြေ အနေများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရချိန်ဖြစ်သည်။ လက်ရှိအစိုးရအနေဖြင့် နိုင်ငံရေး ရည်မှန်းချက် (၂) ရပ်ဖြစ်သော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော် အစိုးရနှင့်တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)တို့အပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိသည်။
လက်နက်စွဲကိုင်တိုက်ခိုက်ကြရသည့် စစ်ပွဲများသည် နိုင်ငံ ရေး မပြေလည်မှုများမှ စတင်ပြီး နိုင်ငံရေးကို အခြားနည်းဖြင့် ဖြေရှင်းခြင်းဟူ၍ အဆိုရှိသည်။ လက်ရှိမိမိတို့နိုင်ငံတွင် နိုင်ငံရေး အတွက် တရားဝင်စင်မြင့်ဖြစ်သော လွှတ်တော်များရှိပြီးဖြစ်သည့် အပြင် ငြိမ်းချမ်းရေးအတွက် အချိန်အခါမရွေး တွေ့ဆုံဆွေးနွေး နိုင်သည့် လမ်းကြောင်းလည်းရှိပြီးဖြစ်သည့်တိုင် တိုက်ခိုက် ဖျက်ဆီးမှုများကိုသာ တွင်တွင်ပြုလုပ်နေမှုများက ငြိမ်းချမ်းမှုကို မျှော်လင့်နေကြသည့် ပြည်သူများ၏လိုလားချက်ကို နင်းခြေ ချိုးဖျက်နေကြခြင်းပင်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများကင်းစင်ပြီး နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုရရှိပြီ ဆိုသည်နှင့် ဖွံ့ဖြိုးတိုးတက်မှုက တံခါးခေါက်ဝင်ရောက်လာမည် ဆိုသည်ကို မြန်မာပြည်ဖွားပြည်သူအားလုံးက သိရှိကြသည်။ အိမ်နီးချင်းနိုင်ငံများနှင့်တကွ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် တည်ငြိမ်အေးချမ်းမှု၊ သာယာပျော်ရွှင်မှုတို့ ရရှိခံစားနေကြရသလို မိမိတို့လည်း ခံစားပျော်ရွှင်လိုကြသည်။ တိုက်ခိုက်သတ်ဖြတ်မှု များ၊ ရန်ငြိုးရန်စအာဃာတများ၊ အမုန်းတရားများကိုလည်း မမြင် လို မကြားလိုတော့။ မိမိတို့နိုင်ငံ၊ မိမိတို့မြေပေါ်တွင် မိမိတို့ နိုင်ငံ သားများ ထိခိုက်သေကျေသမျှ မိမိတို့ဆုံးရှုံးကြရခြင်းသာဖြစ်ရာ နိုင်ငံ၏ မည်သည့်အစိတ်အပိုင်းတွင်မျှ မဖြစ်စေလိုဘဲ နိုင်ငံတစ်ဝန်း အေးချမ်းစေလိုသည်မှာ ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည်။
မာလီပါလွင်ပြင်ဟု ခေါ်ဆိုခဲ့ကြသည့် ကိုးကန့်ဒေသသည် ငြိမ်းချမ်းရေးကို ဦးစွာရယူပြီး ဆယ်စုနှစ်နှင့်ချီ၍ ငြိမ်းချမ်းမှုကို ခံစားခဲ့ဖူးသည့် ဒေသဖြစ်သည်။ တည်ငြိမ်အေးချမ်းမှုကို အကြောင်း ပြု၍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးခဲ့သည့်သမိုင်းကြောင်းလည်း ထင်ရှား စွာ ရှိနေဆဲဖြစ်ရာ ဒေသတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ သည့် အကြမ်းဖက်အဖျက်လုပ်ရပ်များနှင့် အပြစ်မဲ့ပြည်သူများ အား ဓားစာခံပြုမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက် ပါကြောင်း။ ။