အရည်အသွေးပြည့် သွားကျန်းမာရေး ပြည်သူ့ထံသို့ ဆောင်ကြဉ်းပေး

 

အရွယ်ရောက်ပြီးသူအားလုံးလိုလိုမှာ သွားကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုခုရှိနေတတ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ ထို့အပြင် နိုင်ငံအတော်များများ၌ လူတစ်သိန်း လျှင် တစ်ဦးမှ ၁၀ ဦးအထိ ခံတွင်းကင်ဆာခံစားနေရသည်ဟုလည်း ဆိုရာ ဆေးလိပ်နှင့်ဆေးရွက်ကြီး(ကွမ်းယာ) သုံးစွဲမှုနှုန်း မြင့်မား သည့်   မိမိတို့နိုင်ငံလည်း   ပါဝင်နေမည်မုချဟု   ဆိုနိုင်သည်။ ထို့အပြင်  သွားနှင့်ခံတွင်းရောဂါများသည် မကူးစက်နိုင်သော ရောဂါများနှင့်လည်း    ဆက်နွှယ်လျက်ရှိရာ  မြန်မာနိုင်ငံတွင်  သွားနှင့်ခံတွင်းဆိုင်ရာ    ဆေးပညာနှင့်  ကုသမှုနယ်ပယ်တို့တွင်  ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက်    ကြိုးပမ်းအားထုတ်မှုများ     မြှင့်တင်ဆောင်ရွက်သွားကြရမည် ဖြစ်သည်။


အဖြစ်များသည့် သွားဘက်ဆိုင်ရာရောဂါများမှာ သွားပိုးစား ရောဂါနှင့်   သွားဖုံးရောဂါတို့ဖြစ်ပြီး   သွားနှင့်ခံတွင်းသန့်ရှင်း ကျန်းမာအောင် စနစ်တကျ၊ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်မှု မရှိခြင်းကြောင့် အဓိကဖြစ်ပွားလာကြရခြင်းဖြစ်သည်။ စနစ်မှန် သွားတိုက်နည်းဖြင့် ပုံမှန်သွားတိုက်၊ အစာစားပြီးတိုင်း ပလုတ် ကျင်း၊ သွားကြိုသွားကြားရှိ စားကြွင်းစားကျန်များကို သန့်ရှင်း စေကာ   ဗက်တီးရီးယားများ    ပေါက်ပွားမှုကို     ကာကွယ်ခြင်း၊ သွားအတွက်သင့်လျော်သည့်  ဟင်းသီးဟင်းရွက်၊  သစ်သီးဝလံ များ စားသုံးပေးခြင်း၊ ဖလိုရိုဒ်ပါသော သွားတိုက်ဆေးကို အသုံး ပြုခြင်းတို့ဖြင့် သွားပိုးစားရောဂါကို ကြိုတင်ကာကွယ်နိုင်ခြင်း ဖြစ်ရာ လူတိုင်း မိမိတို့၏ သွားနှင့်ခံတွင်း သန့်ရှင်းရေးကို အလေး ဂရုပြုဆောင်ရွက်ရန်လိုသည်။


ထို့အပြင် ခံတွင်း၌ ဖြစ်တတ်သော  ကင်ဆာရောဂါများဖြစ်သည့် လျှာကင်ဆာ၊ လျှာအောက်ကင်ဆာ၊  နှုတ်ခမ်းကင်ဆာ၊ ပါးစောင် ကင်ဆာ၊  သွားဖုံးကင်ဆာ၊  အာသီးကင်ဆာ၊  အာခေါင်ကင်ဆာ တို့မှာလည်း  ဆိုးရွားလှသည့် ကျန်းမာရေးပြဿနာများပင် ဖြစ် ပြီး ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ အရက်သောက်ခြင်း၊  ချွန်ထက်သောသွားများနှင့်  အစဉ်အမြဲ ထိခိုက်နေခြင်း၊   ခံတွင်းမသန့်ရှင်းခြင်း၊   ဗီတာမင်အေနှင့်စီတို့ ချို့တဲ့ခြင်း  စသောအကြောင်းတရားများကို  အခြေခံ၍ ဖြစ်ပေါ် လာရခြင်းဖြစ်သည်။   ခံတွင်းကင်ဆာများဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းအရာများကို   ဆင်ခြင်ခြင်း၊  ရှောင်ကြဉ်ခြင်း၊ ခံတွင်းကို   သန့်ရှင်းအောင်ထားခြင်းဖြင့်   ကြိုတင်ကာကွယ် တားဆီးနိုင်သည်ကို  လူတိုင်းသိရှိနားလည်ပြီး လိုက်နာဆောင် ရွက်ကြခြင်းအားဖြင့်   ကျန်းကျန်းမာမာ  သက်တမ်းရှည်ရှည် နေထိုင်နိုင်ကြမည်ဖြစ်သည်။


မြန်မာနိုင်ငံတွင်   သွားဘက်ဆိုင်ရာဆေးပညာ  မြင့်မား တိုးတက်ရေး၊ သွားဘက်ဆိုင်ရာဆေးပညာရှင်များ၏ စွမ်းဆောင် ရည်များ    မြင့်မားလာစေရေးတို့ကို     အထောက်အကူပြုနိုင်မည့် “မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ (၂၀၂၃)”ကို “အရည်အသွေးပြည့် ... သွားကျန်းမာရေး၊   ပြည်သူ့ထံသို့ ဆောင်ကြဉ်းပေး” “Quality Dental Care for Community” ဟူသော ဆောင်ပုဒ်ဖြင့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် နိုဝင်ဘာ ၃ ရက်မှ ၄ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ညီလာခံသို့ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား စသည့် နိုင်ငံများမှ သွားဘက်ဆိုင်ရာ ဆေးပညာရှင်များနှင့် မြန်မာနိုင်ငံမှ သွားဘက်ဆိုင်ရာ ဆေးပညာ ရှင်များ  တက်ရောက်၍  အဆင့်မြင့်  အရည်အသွေးမီ  ကုသမှု နည်းစနစ်များ  ဟောပြောပို့ချခြင်း၊  ပညာရပ်ဆိုင်ရာ  စာတမ်း (ပိုစတာ)များ ခင်းကျင်းပြသခြင်း၊ အတွေ့အကြုံများ ဖလှယ်ခြင်း တို့ ဆောင်ရွက်သွားမည်ဟု သိရသည်။


သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးပြဿနာသည် လူတိုင်း နီးနီး ကြုံတွေ့နေရသော  ပြဿနာများဖြစ်ခြင်းနှင့်  ဝင်ငွေနည်း နိုင်ငံများ၊   ဆင်းရဲနွမ်းပါးသူများက  အများဆုံး  ခံစားကြရခြင်း စသည့်အချက်များက မိမိတို့နိုင်ငံအဖို့ အထူးသတိပြုဖွယ်ဖြစ်သည်။ သွားနှင့်ခံတွင်းဆိုင်ရာရောဂါများအတွက်  ကုသမှုစရိတ်များမှာ ကြီးမားကြသည့်အလျောက်   ပြည်သူအများစုမှာ   ပြင်ပဆေးရုံ၊ ဆေးခန်းများတွင်  ကုသရန်  လက်လှမ်းမမီနိုင်ဘဲ  အစိုးရဆေးရုံ များကိုသာ အားကိုးကြရသည်။  သွားဘက်ဆိုင်ရာ  ဆေးပညာရပ် များ ပိုမိုတိုးတက်မြင့်မားလာသည်နှင့်အမျှ ပြည်သူလူထုအတွက် ပိုမိုတိုးတက်ခေတ်မီကောင်းမွန်သော ကုသမှုများကို ရရှိနိုင်မည် ဖြစ်ရာ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ (၂၀၂၃) အား ကြိုဆိုဂုဏ်ပြုအပ်ပါကြောင်း။             ။