ငြိမ်းချမ်းခြင်းတို့ ပြည့်စုံသည့်အခါသမယ

နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင် တို့က အလေးအမြတ်ထားကြသည်။ ငါးရာသော ရဟန္တာမထေရ် မြတ်တို့နှင့်တကွ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့ရန် လာရောက် ကြသော   နတ်အပေါင်းတို့၏  အစည်းအဝေး၌  ထိုသို့လာရောက် သော နတ်ဗြဟ္မာအပေါင်းတို့၏ အမည်ကို ဖော်ပြရာဖြစ်သော မဟာသမယသုတ္တန်တရားတော်ကို မြတ်စွာဘုရားသည် သက္ကတိုင်း ကပ္ပိလဝတ်ပြည်အနီး  မဟာဝုန်တောအရပ်၌  ဟောကြားတော်မူ ခဲ့သည်။ မဟာသမယဟူသည် ကြီးကျယ်မြင့်မြတ်သည့် အချိန်အခါ ဟု    အနက်အဓိပ္ပာယ်ရသည်။     ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူပြီးကုန်သော ရဟန္တာငါးရာ တို့၏ ထူးခြားကြည်ညိုဖွယ်ရာ သံဃာအစည်းအဝေးကို ဖူးမြင်ရန် လာရောက်ကြကုန်သော နတ်၊ ဗြဟ္မာများ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့ မဟာဝုန်တောသို့    စုရုံးရောက်ရှိနေခဲ့သည့်  ထိုအချိန်အခါသည် မဟာသမယပင်ဖြစ်သည်။


ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမဖြင့် ‌ဣန္ဒြေရလျက်ငြိမ်သက် တည်ကြည်ကာ လွန်စွာကြည်ညိုဖွယ်ဆောင်သည့် ရဟန်းငါးရာတို့  သည် ဒေဝဒဟနှင့် ကောလိယ နှစ်ပြည်ထောင်မှ မင်းပျိုမင်းလွင် လူငယ် လူရွယ်များ ဖြစ်ကြသည်။ သူတို့သည် နှစ်ပြည်ထောင်ကြား တွင် ဖြတ်သန်းစီးဆင်းနေသည့် ရောဟိဏီမြစ်ရေ ခွဲဝေသုံးစွဲရေး   နှင့်စပ်လျဉ်း၍ အငြင်းအခုံမှစကာ လက်နက်စွဲကိုင် တိုက်ခိုက်ရန် ပြင်ဆင်ကာ    နှစ်ဖက်တပ်များ   မျက်နှာချင်းဆိုင်ထားသည့် အခြေအနေအထိ   ရောက်ခဲ့ကြသည်။  စိုက်ရေးပျိုးရေးအတွက် မရှိမဖြစ်သည့် မြစ်ရေကို အသက်တမျှထင်ကာ စစ်ခင်းရန် ပြင်ဆင် နေကြသည့် နှစ်ဖက်တပ်များအကြား မြတ်စွာဘုရားရှင် ကြွရောက် လာကာ “အဖိုးမတန်သည့် ရေအတွက်နှင့် အဖိုးတန်သည့် လူတို့၏ အသက်များကို    အဆုံးရှုံးခံတော့မည်လော”ဟု   မေးမြန်းရာမှ အသိတရားဝင်လာကြသည်။   ဘုရားရှင်က  “တစ်ဦးနှင့်တစ်ဦး ရန်ငြိုးဖွဲ့၍   နှစ်ဦးလုံး  ပျက်စီးရပုံ”  ၊  “ကောလာဟလစကားကို မဆင်မခြင်ယုံမှား၍ ဆင်းရဲဒုက္ခရောက်ကြရပုံ” ၊ “ရန်သူကို အထင် မသေးသင့်ပုံ” ၊ “ စိတ်ဝမ်းကွဲ၍ မညီမညွတ်သောကြောင့် အားလုံး ပျက်စီးရပုံ” ၊ “စုစည်းညီညွတ်ခြင်းဖြင့်  ပျက်စီးခြင်းဘေးမှ ကင်းဝေး ပုံ” ၊   “မိမိကိုယ်ကို   ထိန်းသိမ်းဆုံးမသင့်ပုံ”  ဇာတ်တော်များကို   ငြိမ်းချမ်းရေးအတွက်  ရှေးရှုကာ ဟောကြားတော်မူသည့်အခါ လက်နက်တို့ကိုစွန့်၍ နှစ်ဖက်ကျေအေး သွားခဲ့ကြသည်။ နှစ်နိုင်ငံ ပျက်စီးမည့်ဘေးမှ ကင်းဝေးကာ ငြိမ်းချမ်းရေးကို ရရှိကြသည်။ တစ်ဖက်လျှင် ၂၅၀ စီဖြင့်  နှစ်ပြည်ထောင်မှ  မင်းသား ငါးရာတို့     ဗုဒ္ဓဘုရားရှင်၏    သာသနာတော်သို့   ဝင်ရောက်ကာ   ရဟန်းပြု ခဲ့ကြသည်။


နယုန်လပြည့်နေ့သည်-(၁) ရေလုပွဲဆင်နွှဲသည့် နှစ်ပြည်ထောင် တို့ ငြင်းခုံခိုက်ရန် ဘေးကင်းဝေးခဲ့ရခြင်း။ (၂) နှစ်ပြည်ထောင်စစ်ခင်း မည့် အန္တရာယ်မှ ရှောင်လွှဲနိုင်ပြီး ငြိမ်းချမ်းရေးရရှိခဲ့ခြင်း။ (၃) ရဟန်း ငါးရာလုံး အရဟတ္တဖိုလ်ဆိုက်ကာ ရဟန္တာဖြစ်တော်မူခြင်း။ (၄) နတ်ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးနှင့် ရဟန်းတော်များ ဤတစ်ကြိမ် သာလျှင် စုရုံးမိခြင်း။ (၅) မဟာသမယကို အကြောင်းပြု၍ ရန်ဘက် ဖြစ်သော   ဂဠုန်နှင့်  နဂါးတို့  မေတ္တာသက်ဝင်သောနေ့ဖြစ်ခြင်း။ (၆) မဟာသမယသုတ္တန်  ခုနစ်မျိုးကို  ဗုဒ္ဓဘုရားရှင်က ဟောတော် မူခြင်းဟူသည့် ထူးခြားမှုများနှင့် ပြည့်စုံလျက်ရှိသည်။


နယုန်လပြည့် မဟာသမယအခါတော်နေ့သည် ခိုက်ရန်ဖြစ်ပွား အခြင်းများရာမှစသည့်စစ်ပွဲကို ရှောင်လွှဲ၍ ငြိမ်းချမ်းစေခဲ့သလို သံသရာစက်ရဟတ်ကို    အပြီးတိုင်ဖြတ်ကာ    အငြိမ်းဓာတ်ကို ရယူသွားခဲ့ကြသည့် လောကီ လောကုတ္တရာ  နှစ်ဖြာသော  ငြိမ်းချမ်း မှုတို့ဖြင့်     ပြည့်စုံသည့်နေ့အဖြစ်   အမှတ်ရကြည်ညိုနိုင်ကြပါစေ ကြောင်း။      ။