စစ်ရေးပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ် တိုက်ခိုက် ခံရသည့်သတင်းကို တွေ့မြင်ကြားသိလိုက်ရသူတိုင်းက အံ့အား သင့်ခဲ့ကြသည်။ ထို့အပြင် အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံ များအနက်မှ ဓာတ်ပုံတစ်ပုံနှင့် ပတ်သက်၍လည်း တွေ့မြင်ရသူ တိုင်းက ဝမ်းနည်းကြေကွဲကြရသည်။ ရက်စက်စွာ သတ်ဖြတ် ခံထားရပြီး မောင်းပြန်သေနတ်ကိုင် အကြမ်းဖက်သမားက ခြေထောက်ဖြင့်နင်း၍ ဓာတ်ပုံရိုက်ခံထားရသူမှာ လက်နက်မဲ့၊ အပြစ်မဲ့သူ။ သတ်ဖြတ်ခံရသည့်နေရာသည် တက္ကသိုလ်ပရဝဏ် ဖြစ်ပြီး သတ်ဖြတ်ခံရသူသည် တက္ကသိုလ်၌ တာဝန်ထမ်းဆောင် နေသူဖြစ်သည်။ အဆိုပါ ဖြစ်စဉ်၌ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ အချို့တို့ အကြမ်းဖက်အဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံခဲ့ရပြီး ဆရာ၊ ဆရာမအချို့ ရက်စက်စွာ သတ်ဖြတ် ခံခဲ့ရသည်။
KNPP နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့၏လုပ်ရပ်က စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်သည်။ စစ်ရေး ဆိုင်ရာ ပစ်မှတ်မဟုတ်သော၊ ကျောင်းသား ကျောင်းသူ အများ အပြား ပညာသင်ယူလျက်ရှိသော တက္ကသိုလ်အဆောက်အအုံ ကို ဦးတည်တိုက်ခိုက်ခြင်း၊ အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက် ခြင်း၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို အသက် အန္တရာယ်ဇုန်အတွင်းမှ ကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့် အစား အဓမ္မဖမ်းဆီးချုပ်နှောင်၍ လူသားတံတိုင်းအဖြစ် အသုံးချ ခဲ့ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များက ဂျီနီဗာကွန်ဗန်းရှင်း အရ စစ်ရာဇဝတ်မှုမြောက်သည့်အပြင် အပြည်ပြည်ဆိုင်ရာ ဓလေ့ ထုံးတမ်းဥပဒေသဘောပါ သက်ဝင်နေခြင်းဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၆၀၁ (၂၀၂၁) UNSCR 2601(2021) ဖြစ်သည့် စာသင်ကျောင်းများ၊ ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းအား ရှုတ်ချပြီး ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် ပညာသင်ကြားခွင့် အခွင့်အရေးကို အကာအကွယ်ပေးရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာလည်း ရောက်နေသည်။
အကြမ်းဖက်အဖွဲ့တို့၏ အဆိုပါ လုပ်ရပ်များအပေါ် ပြည်ပ နိုင်ငံ၊ အဖွဲ့အစည်းများက နှုတ်ဆိတ်နေကြသော်လည်း ပြည်တွင်း ရှိ လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်းအသီးသီးတို့က လက်မခံဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြသည်။ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းမည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို မဖြစ်မနေတည်ဆောက်ရန်လိုသည်။ ပညာသင်ကြားမှုကို တားဆီးပိတ်ပင်ခြင်း၊ နှောင့်ယှက်ဖျက်ဆီး ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံ့အနာဂတ်ကို ဖျက်ဆီးမှုလည်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာ ၁၇ ရက် ရက်စွဲဖြင့် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် စစ်ရေး နှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် တက္ကသိုလ်ဆရာ ဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင် ထားခြင်းမှ ထိခိုက်မှုမရှိစေဘဲ အမြန်ဆုံးပြန်လွှတ်ပေးသွားရန် လိုကြောင်း ထုတ်ပြန်ကြေညာထားသည်။
ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်း များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများမှာ မလုပ်သင့် မလုပ် ထိုက်သော လုပ်ရပ်များဖြစ်သည်။ ပြည်သူလူထုကို တိုက်ရိုက် ထိခိုက်စေသည်။ အကြမ်းဖက်အဖျက်လုပ်ရပ်များကြောင့် ပြိုကျ ပျက်စီးသွားသော လမ်းတံတားများတွင် ဒေသခံတိုင်းရင်းသား ပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့အတွက် မဖြစ် မနေသွားလာကြရသည့်အခါ အခက်အခဲများစွာ ကြုံတွေ့နေကြ ရသည်ကိုလည်း သတင်းများတွင် တွေ့မြင်ရသည်။ အကြမ်းဖက် အဖျက်လုပ်ရပ်များ အမြစ်ပြတ်ချေမှုန်းရေးတွင် ပြည်သူလူထု တစ်ရပ်လုံးက တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီထောက်ပံ့ အားပေးကြရပါမည့်အကြောင်း။ ။