စိုက်ပျိုးမွေးမြူရေးအကျိုးပြု သဘာဝမြေဩဇာစက်ရုံများ တည်ထောင်

လယ်ယာကဏ္ဍသီးနှံများ  ထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့အတွက် မြေ၊ ရေနှင့် လုပ်အား အရင်းအမြစ်များအပြင် လယ်ယာသွင်းအားစုများအနက်မှ တစ်ခု ဖြစ်သည့် မြေဩဇာကို လိုအပ်သည့်ပမာဏ၊ လိုအပ်သည့်အချိန် အတိုင်း အသုံးပြုနိုင်ရေးသည်လည်း အရေးကြီးသည်။ မိမိတို့နိုင်ငံ တွင် စိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာကို လိုအပ်ချက်နှင့်အညီ ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်စွမ်းမရှိခြင်းကြောင့်     ပြည်ပမှ တင်သွင်းနေရသည်။ ကမ္ဘာ့နိုင်ငံများတွင် ဓာတ်မြေဩဇာဈေးနှုန်း များ မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးတောင်သူများအနေဖြင့် အရည်အသွေးပြည့်ဝသော   မြေဩဇာများ   ရရှိသုံးစွဲနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းကျဆင်း မသွားစေရေးတို့အတွက်  ကြိုးပမ်းရုန်းကန်နေကြရကြောင်း သိရသည်။


မိမိတို့နိုင်ငံတွင်   သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး မြေဩဇာအသုံးပြုမှုကို လေ့လာပါက စပါးသီးနှံစိုက်ပျိုးရာတွင် ပမာဏအများဆုံးသုံးစွဲကြသည်ဟု သိရသည်။ အခြားသီးနှံများ ဖြစ်သည့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၊ အစေ့ထုတ်ပြောင်း၊ ဝါ၊ ကြံ၊ ဂုန်လျှော်ကဲ့သို့သော စက်မှုသီးနှံများ၊ မီးဖိုချောင်သုံး သီးနှံများ နှင့် သစ်သီးဝလံ၊  ဟင်းသီးဟင်းရွက်များ  စိုက်ပျိုးရာတွင်လည်း   သုံးစွဲနေကြရသည်။    မြန်မာနိုင်ငံတွင်      စိုက်ပျိုးရေးကဏ္ဍ     ဓာတ်မြေဩဇာသုံးစွဲမှုမှာ   တစ်နှစ်ထက်တစ်နှစ် တိုးတက်မြင့်မား လျက်ရှိသော်လည်း အိမ်နီးချင်းနိုင်ငံများ၏ သုံးစွဲမှုနှင့်နှိုင်းယှဉ်ပါ က    ပမာဏများစွာကွာခြားနိမ့်ကျနေသေးသည်ကို      တွေ့ရှိရ ကြောင်းနှင့်   အဓိကအကြောင်းရင်းမှာ ဓာတ်မြေဩဇာဈေးနှုန်းများ မှာ အိမ်နီးချင်းနိုင်ငံများထက် ဈေးနှုန်းအမြင့်မားဆုံး ဖြစ်နေခြင်း ကြောင့်ဟူ၍ သိရှိရသည်။ စပါးစိုက်ပျိုးရာတွင် ပန်းတိုင်အထွက် နှုန်းတစ်ဧကလျှင် စပါးတင်း ၁၀၀ ထွက်ရှိနိုင်ရန်အတွက် တစ်ဧက လျှင် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် သို့မဟုတ် ကွန်ပေါင်းဓာတ်မြေ ဩဇာသုံးအိတ်သုံးစွဲရန် လိုအပ်ပြီး မိုးစပါး၊ နွေစပါးစိုက်ဧက စုစု ပေါင်း ၁၈ သန်းအတွက် ဓာတ်မြေဩဇာတန်ချိန် ၂ ဒသမ ၇ သန်း ခန့် နှစ်စဉ်လိုအပ်မည်ဖြစ်ကြောင်းနှင့် အခြားသီးနှံများအားလုံး အတွက်   ဓာတ်မြေဩဇာတန်ချိန်  သုံးသန်း  နှစ်စဉ်လိုအပ်ရာ စုစုပေါင်းဓာတ်မြေဩဇာတန်ချိန် ၅ ဒသမ ၇ သန်းခန့် နှစ်စဉ် လိုအပ်ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ သိရှိရသည်။


တောင်သူများ စိုက်ပျိုးရေးအတွက် လိုအပ်သည့်မြေဩဇာ များ ဖြည့်ဆည်းပေးရာတွင် မြေဆီလွှာကျန်းမာရေးကို ရေရှည် ကောင်းမွန်တိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေသော စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရန်တို့အတွက်  ဓာတ်မြေ ဩဇာနှင့်  သဘာဝမြေဩဇာများကို အချိုးကျပေါင်းစပ်သုံးစွဲရေး၊ သစ်စိမ်းမြေဩဇာပြုလုပ်သုံးစွဲရေး၊ နေရာဒေသနှင့် သီးနှံပုံစံကို လိုက်၍   ဘက်စုံအပင်အာဟာရ    စီမံခန့်ခွဲခြင်းနည်းလမ်းများ တောင်သူ့လက်ဝယ်ရောက်ရှိရေး စသည့်နည်းပညာပေးလုပ်ငန်း များကို အရှိန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းရှင်များ ကိုလည်း သဘာဝမြေဩဇာစက်ရုံများ ထူထောင်လုပ်ကိုင်လာ ကြစေရန် အားပေးလျက်ရှိသည်။


သဘာဝမြေဩဇာထုတ်လုပ်ရာတွင် တိရစ္ဆာန်စွန့်ပစ္စည်းများ၊ လယ်ယာစိုက်ပျိုးရေးဘေးထွက်ပစ္စည်းများ၊ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ သစ်စက် စသည့်စက်ရုံ‌ဘေးထွက်ပစ္စည်းများဖြစ်သော မြေပဲ၊ နှမ်း၊ ဝါ၊ တမာကြိတ်ဖတ်များ၊ စပါးခွံ၊ မြေပဲခွံ၊ စက်ဖွဲပြာ၊ လွှစာမှုန့်စသည်များ၊ အပင်များ၊ အပင်အကြွင်းအကျန်များ၊ ဗက် တီးရီးယား၊ ထရိုင်ကိုဒါးမား၊ အီးအမ်အစရှိသည့် အဏုဇီဝများကို ကုန်ကြမ်းအဖြစ် အသုံးပြုခြင်းဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် သဘာဝမြေဩဇာထုတ်လုပ်မှုလုပ်ငန်းများမှာ  အပြန်အလှန်အကျိုးပြုလျက်ရှိသည်။ ဒေသအလိုက်  ရရှိနိုင်သော စိုက်ပျိုးရေး၊  မွေးမြူရေးကုန်ကြမ်းများကို  လေလွင့်ဆုံးရှုံးမှုမဖြစ် စေဘဲ သဘာဝမြေဩဇာများ ထုတ်လုပ်သုံးစွဲခြင်းဖြင့် နိုင်ငံခြားမှ ဝယ်ယူသုံးစွဲရမှုကို လျှော့ချနိုင်သည့်အပြင် ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သည့် မြေဆီလွှာပြဿနာ များကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်။
သဘာဝမြေဩဇာကို တောင်သူတစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ နှင့် စုပေါင်း၍ဖြစ်စေ ထုတ်လုပ်နိုင်သကဲ့သို့ စက်ရုံများတည်ထောင် ထုတ်လုပ်၍လည်း စီးပွားဖြစ်လုပ်ကိုင်နိုင်သည်ဖြစ်ရာ နိုင်ငံခြားသွင်းကုန်အစားထိုးနိုင်ရေး၊    စိုက်ပျိုးမွေးမြူလုပ်ငန်းများတွင် အပြန်အလှန်အကျိုးပြု၍  တောင်သူများ၏  လူမှုစီးပွားမြင့်မားရေးတို့အတွက်   ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရန်   အကျိုးမျှော်၍ နှိုးဆော်အပ်ပါကြောင်း။          ။