နိုင်ငံအတွင်းရှိ ပြည်သူများ၏ အလုပ်လုပ်လိုသည့်စိတ်(Willing- ness to work)နှင့် အလုပ်လုပ်နိုင်သည့်စွမ်းရည် (Ability to work)တို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လွန်စွာအရေးပါသည် ဟု ပညာရှင်များက ဆိုသည်။ အလုပ်လုပ်လိုစိတ်သည် စိတ်ပိုင်း ဆိုင်ရာနှင့်သက်ဆိုင်ပြီး အလုပ်လုပ်နိုင်သည့်စွမ်းရည်မှာမူ ရုပ်ပိုင်း ဆိုင်ရာ အရည်အချင်းဖြစ်သည်။ လူတို့တွင် အလုပ်လုပ်နိုင်သည့် စွမ်းရည်များ ပြည့်စုံနေစေကာမူ အလုပ်လုပ်လိုသည့်စိတ်ဓာတ် ကင်းမဲ့နေမည်ဆိုပါက စွမ်းရည်များမှ လက်တွေ့အလုပ်ဖြစ်ပေါ် လာမည်မဟုတ်။ သို့ဖြစ်ရာ လူများအလုပ်လုပ်လိုစိတ်ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပေးနိုင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် လိုအပ်သည်။ အခွင့်အလမ်းများရှိနေသော ပတ်ဝန်းကျင်အခြေ အနေများကသာ လူအများကို အလုပ်လုပ်လိုစိတ်ဖြစ်ပေါ်လာစေ ရန် လှုံ့ဆော်ပေးနိုင်သည်ဟုလည်း ပညာရှင်များက ဆိုကြသည်။
“ကုန်သွယ်မှုမှရရှိသည့် ဝင်ငွေသည် ပို့ကုန်(Export)ထက် သွင်းကုန် (Import)က ပိုမိုများပြားနေသဖြင့် လိုငွေပြနေခြင်းဖြစ် ကြောင်း၊ ပို့ကုန် (Export) နည်းပါးခြင်းသည် မိမိတို့နိုင်ငံ၏ လိုအပ်ချက်ကြောင့်မဟုတ်ဘဲ အလုပ်မလုပ်သည့်အတွက်သာ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လုပ်ကိုင်စားသောက်နိုင်မည့် ရေမြေသယံဇာတနှင့် ရာသီဥတုတို့ကို ပိုင်ဆိုင်ထားပြီး ဖြစ်သော် လည်း အလုပ်ကို ဖိဖိစီးစီးဆောင်ရွက်မှုမရှိသောကြောင့် ကုန်ထုတ် လုပ်မှုများ အားနည်းခဲ့ခြင်းဖြစ်ကြောင်း”။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစည်းအဝေး (၆/၂၀၂၃)တွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိ မိမိတို့နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) သည် ကိုယ့်အတိုင်းအတာ နှင့်ကိုယ် တိုးတက်နေသည်ဟုဆိုနိုင်သော်လည်း အာဆီယံနှင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်မည်ဆိုပါက နည်းပါးနေသည်။ ယင်းအခြေအနေကို ပြုပြင်ပြောင်းလဲနိုင်စေရန်မှာ ပြည်သူများ အတွင်း အလုပ်လုပ်နိုင်သည့်စွမ်းရည် ပြည့်စုံစေရန်နှင့် အလုပ်လုပ်လိုသည့်စိတ်ဓာတ် မြင့်မားစေရန် လှုံ့ဆော်ပေးနိုင်သည့်အခြေအနေများ ဖန်တီးပေးရမည်ဖြစ်သည်။
မြေပေါ်မြေအောက်သယံဇာတအရင်းအမြစ်များ နည်းပါး ချို့တဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရန်အခွင့်အလမ်းမသာသည့်ကြားမှပင် အလုပ်လုပ်နိုင်သည့်စွမ်းရည်နှင့် အလုပ်လုပ်လိုသည့်စိတ်ဓာတ် မြင့်မားသော လူသားအရင်းအမြစ်၏စွမ်းအားဖြင့် ဖွံ့ဖြိုးတိုးတက် သောနိုင်ငံများအဖြစ် တက်လှမ်းသွားနိုင်ခဲ့ကြသည့် အာရှနိုင်ငံ များမှာ မိမိတို့စံနမူနာယူဖွယ်ပင်ဖြစ်သည်။ အဆိုပါနိုင်ငံများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်းထန်ခိုင်မာသည့် အမျိုးသား ရေးစိတ်ဓာတ်ဖြင့် တစ်မျိုးသားလုံးက တစိုက်မတ်မတ် ဆောင် ရွက်ကြခြင်းအားဖြင့် အောင်မြင်မှုရရှိခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံများ၏ သာဓကအရ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စိတ်ဓာတ် အားမာန်နှင့် လက်တွေ့စွမ်းဆောင်နိုင်မည့်အရည်အသွေး၊ အရည် အချင်းများသည် ခေါင်းဆောင်တွင်သာမက ပြည်သူတွင်လည်း ရှိနေရန် လိုအပ်သည်။ ပြည်သူတို့က ၎င်းတို့၏စွမ်းရည်များကို အကောင်းဆုံးဖော်ထုတ်အသုံးချလုပ်ကိုင်လာစေရန် တစ်နည်း အားဖြင့် တက်ကြွသောအင်အား (Dynamic Force)အဖြစ် စုစည်း ဖော်ဆောင်ပေးနိုင်ရန် ဆောင်ရွက်ရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ နည်းဗျူဟာ၊ မဟာဗျူဟာများကို ရေးဆွဲ၍ ယင်းတို့ကို ပြည်သူလူထုက ဘဝင်ကျကျ နားလည်လက်ခံလာသည်အထိ ရှင်းလင်းပြကြရန်လိုပြီး ပြည်သူက နက်နဲသော အသိအမြင်ဖြင့် ခံယူလာသည်နှင့်အမျှ တစ်စုံတစ်ရာနှိုးဆော်မှုမပါဘဲ တက်ကြွ စွာ ပူးပေါင်းပါဝင်လာမည်ဖြစ်သည်ဟု တောင်ကိုရီးယားသမ္မတ ပတ်ချုံဟီး က ရေးသားဖော်ပြခဲ့ဖူးသည်။
နိုင်ငံတစ်နိုင်ငံတွင် ရှိနေသည့် ပြည်သူလူထု၏ လုပ်နိုင် ကိုင်နိုင်သည့် အရည်အသွေးနှင့် အလုပ်လုပ်လိုသည့်စိတ်ဓာတ်က နိုင်ငံ၏ ဖွံ့ဖြိုးမှုအဆင့်ကို ပြဋ္ဌာန်းသည်။ နိုင်ငံ၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုကဏ္ဍအသီးသီးတွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်နေကြသူများအားလုံး အလုပ်လုပ်နိုင်သည့်စွမ်းရည် နှင့် အလုပ်လုပ်လိုသည့်စိတ် မြင့်မားရေးအတွက် လှုံ့ဆော်ပေးနိုင် သည့် ပတ်ဝန်းကျင်ကို ဖန်တီးဖော်ဆောင်ပေးခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း။ ။