၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်းနှင့်မိဖုရားတို့ကို ကျူးကျော် နယ်ချဲ့လာသူ အင်္ဂလိပ်တို့က ဖမ်းဆီးခေါ်ဆောင်ခြင်းဖြင့် ပဒေ သရာဇ်ခေတ် မြန်မာနိုင်ငံ၏သမိုင်းမှာ အဆုံးသတ်ပြည်ဖုံးကား ချသွားခဲ့သည်။ ထိုနေ့ကို အရှင်နှစ်ပါး ပါတော်မူသောနေ့၊ မြန်မာ့ ဦးစွန်းအနောက်သို့ ယွန်းသောနေ့ စသည်ဖြင့် နာကြည်းစွာ မှတ်သားခဲ့ကြပြီး နောင်တွင် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား ရေးစိတ်ဓာတ် လှုံ့ဆော်ရေးတို့အတွက် အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် စဉ်းစားခဲ့ကြသည်ကို သမိုင်းတွင် တွေ့ရှိရသည်။
အင်္ဂလိပ်နယ်ချဲ့တို့သည် မြန်မာနိုင်ငံကို ၁၈၂၄ ခုနှစ်မှစ၍ နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း သုံးကြိမ်စစ်ပြုကာ တစ်ပိုင်း ပြီးတစ်ပိုင်း သိမ်းပိုက်ဝါးမျိုခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးချိန်တွင် နောက်ထပ်နှစ်ပေါင်း ၆၀ ကျော် ကျွန်ပြု အုပ်ချုပ်၍ အမြတ်ထုတ်သွားခဲ့ခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးကို ကျွန်ဇာတ်သွင်း၍ အုပ်ချုပ်ရာတွင် လက်အောက်ခံနိုင်ငံသား များအကြား ဘာသာရေး၊ လူမျိုးရေးအရသော်လည်းကောင်း၊ လူများစု လူနည်းစုအရသော်လည်းကောင်း၊ ဒေသအလိုက်သော် လည်းကောင်း ခွဲခြားအုပ်ချုပ်ခဲ့ပြီး မတူကွဲပြားသူများအကြား မုန်းတီးအောင်၊ သံသယစိတ်များဝင်လာအောင်၊ ဆန့်ကျင်လာ အောင် နည်းမျိုးစုံဖြင့် ဖန်တီးခဲ့ကြသည်။ ဒေသတစ်ခုနှင့်တစ်ခု အကြား နယ်ကျော်သွားလာခွင့်မပြုခြင်း၊ လူမျိုး တစ်မျိုးကို ဖိနှိပ်ထားပြီး အခြားလူမျိုးတစ်မျိုးကို အခွင့်အရေးပိုပေးထားခြင်း စသည့်ခွဲခြားအုပ်ချုပ်သည့်နည်းလမ်းများကို နယ်ချဲ့တို့က ၎င်းတို့ သိမ်းပိုက်အုပ်စိုးရာ နိုင်ငံတိုင်းတွင် ကျင့်သုံးခဲ့ကြခြင်းဖြစ်သည်။ အိမ်ကြက်ချင်းအိုးမဲသုတ်၍ ခွပ်ခိုင်းသည့် နည်းလမ်းဖြင့် အလွယ် တကူ အုပ်ချုပ်နိုင်စေရန်၊ ကျွန်သက်ရှည်ကြာစေရန် စီမံဖန်တီး ခဲ့ပြီး တိုင်းရင်းသားအထက်တန်းလွှာအချို့ကိုမူ မြန်မာ့ယဉ်ကျေးမှု ကို စွန့်လွှတ်ကာ ဘိုစိတ်ပေါက်လာစေရန်အတွက် အင်္ဂလိပ် ဇာတ်သွင်းခဲ့သည်။
မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက် ကျရောက်သွားချိန် တွင် နိုင်ငံရော လူမျိုးပါ ပျောက်ကွယ်သွားခဲ့ရခြင်းဖြစ်သည်။ တိုင်းတစ်ပါးလက်အောက်ခံဘဝတွင် နိုင်ငံသူ နိုင်ငံသားအားလုံး ခွဲခြားဖိနှိပ်ခံရခြင်းနှင့်အတူ အမျိုးသားယဉ်ကျေးမှုနှင့် အမျိုးသား ရေး စိတ်ဓာတ်တို့ ပါးလျားပျောက်ကွယ်စေရန်လည်း တိုက်စား ခံရသည်။ နယ်ချဲ့တို့၏ ဖိနှိပ်မှုအောက်တွင် ဟိုတစ်စ သည်တစ်စ ပြန့်ကျဲကာ ပျောက်ကွယ်နေသယောင် ငုပ်လျှိုးနေခဲ့သည့် အမျိုးသားရေးစိတ်ဓာတ်သည် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ဥပဒေအရေးတွင် တစ်ခဲနက် စုစည်းညီညွတ်စွာ ပေါ်ထွက်လာပြီး နယ်ချဲ့အစိုးရကို ပထမဆုံးအကြိမ်အဖြစ် အန်တုခဲ့သည်။ စုစည်း ညီညွတ်ခဲ့သည့် အမျိုးသားရေးစိတ်ဓာတ်သည် နောက်မျိုးဆက် များသို့ လက်ဆင့်ကမ်း၍ လွတ်လပ်ရေးကြိုးပမ်းမှုဆီသို့ တက်လှမ်းနိုင်ခဲ့သည်။ မြန်မာ့နောက်ဆုံးဘုရင် ပါတော်မူခဲ့ရ သည့် နာကြည်းဖွယ်ရာနေ့အစား နယ်ချဲ့ဆန့်ကျင်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် စုစည်းညီညွတ်ခဲ့ကြသည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲ နေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။
ယခုနှစ် ၂၀၂၃ ခုနှစ်တွင် (၁၀၃)နှစ်မြောက်ခဲ့ပြီဖြစ်သည့် အမျိုးသားအောင်ပွဲနေ့၏ ဆောင်ပုဒ်မှာ “ပြည်ထောင်စုငြိမ်းချမ်း ရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ဖြစ်သည်။ တောင်ပေါ်မြေပြန့်မကျန် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းရှင်လူ၊ တိုင်းရင်းသား၊ နိုင်ငံသား ပြည်သူလူထုတစ်ရပ်လုံး၏ အလိုလား ဆုံးသောဆန္ဒမှာ ပြည်ထောင်စုကြီးတစ်ဝန်းလုံး ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သည်။ ယနေ့ မိမိတို့ မျက်မှောက်တွင် ဖြစ်ပေါ်နေသည့် အဖြစ်အပျက်များနှင့် မြင်ကွင်း များသည် ပြည်သူလူထုတစ်ရပ်လုံး၏ အလိုဆန္ဒနှင့် ဆန့်ကျင် နေသော ဖြစ်ရပ်များပင်ဖြစ်သည်။ နိုင်ငံတော်တစ်ဝန်းလုံး၊ ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှ သာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်းနိုင်မည်ဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ စုစည်းညီညွတ် သောအင်အားဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ယင်းမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အားသွန်ကြိုးပမ်းဆောင်ရွက် ကြရပါမည့်အကြောင်း။ ။