စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် လှုပ်ရှားမှု

 

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံတွင် စာတတ်မြောက်မှု ၈၉ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး  ၂၀၁၉ ခုနှစ်  ကြားဖြတ်သန်းခေါင်စာရင်းအရ   စာတတ် မြောက်မှု ၈၉ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ စာမတတ် သူအရေအတွက်အားဖြင့်  ၂၀၁၄  ခုနှစ်  သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူ ၃ ဒသမ ၅၅ သန်းခန့် ရှိနေပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်း ၄ ဒသမ ၁ သန်းခန့်ရှိနေ သည်ဟု သိရသည်။


အဆိုပါ  သန်းခေါင်စာရင်းများ၏  အချက်အလက်များအရ မြန်မာနိုင်ငံတွင် စာမတတ်သူဦးရေသည် နှစ်အလိုက် တိုးလာ နေသည်ကို တွေ့ရပြီး ထိုအချက်က မိမိတို့နိုင်ငံတွင် စာတတ်မြောက် ရေးလှုပ်ရှားမှုများကို   စဉ်ဆက်မပြတ်   ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်  လိုအပ်လျက်ရှိကြောင်း ပြသနေခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ လာခြင်းနှင့် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာမှုကြောင့် နိုင်ငံ အတွင်း ဒေသအချို့တွင် မတည်မငြိမ်မှုများ၊ အကြမ်းဖက်တိုက်ခိုက် မှုများ ဖြစ်ပေါ်လာခြင်း   စသောအခြေအနေများကြောင့် လက်ရှိ ကာလတွင် နိုင်ငံအတွင်း စာမတတ်သူလူဦးရေ ပိုမိုတိုးလာဖွယ် ရှိသည်ဟူ၍လည်း မှန်းဆနိုင်သည်။ မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ် တည်ဆောက် လျက်ရှိရာ နိုင်ငံသူ နိုင်ငံသားများ ပညာရည်မြင့်မားရန်နှင့် အခြေခံ အားဖြင့် စာတတ်မြောက်ရန်လိုသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သော မြန်မာစာကို တိုင်းရင်းသားများ အားလုံး တတ်မြောက်နေရန်လိုအပ်သည်။

နိုင်ငံသားတိုင်း စာတတ်မြောက်ရေးအတွက် ပညာရေးဝန်ကြီး ဌာနက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) တွင် ကျောင်းပြင်ပရောက် ကလေးငယ်များအတွက် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့်  ကျောင်းပြင်ပအလယ်တန်းပညာရေး လုပ်ငန်းများ   တိုးချဲ့လုပ်ဆောင်ရေး၊  စာမတတ်သူများအတွက် အခြေခံစာတတ်မြောက်ရေးအစီအစဉ်များကို လုပ်ငန်းအစီအစဉ် များ ချမှတ်၍ နှစ်အလိုက် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူများကို နှစ်အလိုက် လျှော့ချနိုင် ရေးအစီအစဉ်ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် စာတတ်မြောက်ရေးလှုပ်ရှားမှုဆောင်ရွက်ရာတွင် လူထုလှုပ်ရှား မှုအသွင် ကိုယ့်မူကိုယ့်ဟန်ဖြင့် တစ်မျိုးသားလုံး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ကြီးကြီးမားမား အောင်မြင်မှုလည်း ရရှိခဲ့ခြင်းကြောင့် ကမ္ဘာကျော်ခဲ့သော နိုင်ငံဖြစ်သည်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့က ချီးမြှင့်သည့် မိုဟာမက်ရီဇာ ပါလာဗီဆုကို ၁၉၇၁ ခုနှစ်တွင်လည်းကောင်း၊ နိုမာဆုကို ၁၉၈၃ ခုနှစ်တွင်လည်းကောင်း ရရှိခဲ့သည့်သာဓကများ ရှိထားသည်။


မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေးလှုပ်ရှားမှု အအောင်မြင် ဆုံးကာလကို ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ၂၄ နှစ်တာကာလ အတွင်း တွေ့မြင်နိုင်သည်။ အဆိုပါကာလသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရခေတ်ဖြစ်ပြီး ပါတီက စည်းရုံးမှုနှင့်ဦးဆောင်မှု ပေးနိုင်ခဲ့ခြင်း၊ စာတတ်မြောက်ရေးကော်မတီများ ကို ပြည်နယ်/တိုင်းမှသည်  ခရိုင်၊  မြို့နယ်နှင့်   အောက်ခြေရပ်/ကျေးအထိ အဆင့်ဆင့်ဖွဲ့စည်း၍ လှုပ်ရှားရာတွင် တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသူကျောင်းသားများက နှစ်စဉ် နွေရာသီကျောင်းပိတ်ရက် များတွင် ဆရာ ဆရာမများအဖြစ် တက်ကြွစွာပါဝင်ခဲ့ကြခြင်းတို့ ကြောင့် အဆိုပါ ၂၄ နှစ်တာ ကာလအတွင်း လူပေါင်း ၂ သန်း ၄ သိန်းကျော်   စာတတ်မြောက်ခဲ့ကြသည်။   မြန်မာနိုင်ငံသည် စာတတ်မြောက်ရေးလှုပ်ရှားမှု အတွေ့အကြုံ ကြီးမားရင့်ကျက် သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း နိုင်ငံ၏ အခြေအနေအရ ကျောင်းပြင်ပ ပညာရေးနှင့်စာတတ်မြောက်ရေး လှုပ်ရှားမှုတို့ကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နေရဦးမည်ဖြစ်သည်။


၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ မူလတန်းပညာ ပြီးဆုံးအောင် မသင်ကြားနိုင်ခဲ့သည့် ကလေး သူငယ် ၂ ဒသမ ၇ သန်းရှိပြီး  အသက် ၁၅  နှစ်နှင့်အထက် စာမတတ်သူ ၃ ဒသမ ၅ သန်း ရှိနေခြင်းတို့က  နိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုကြီးပင်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံသားများ ပညာရည်နိမ့်ကျနေခြင်းနှင့် စာတတ်မြောက်မှုမရှိခြင်းတို့က နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်‌စေသည်။ လူတိုင်းအတွက် ပညာရေး (Education for All) ကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ပြီး နိုင်ငံသား တိုင်း စာတတ်မြောက်မှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော   ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် လူသားအရင်းအမြစ်    ဖွံ့ဖြိုးတိုးတက်မှုကို     ရရှိနိုင်မည် ဖြစ်ပါကြောင်း။           ။