ထလော့ မြန်မာ၊ မြန်မာ ထလော့

 

ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသော နိုင်ငံတိုင်း သည် ကိုလိုနီဘဝသို့ ကျရောက်ခဲ့ဖူးကြသည်။ သို့သော် ကိုလိုနီ ဘဝကျရောက်ခဲ့သည့် နိုင်ငံတိုင်း ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည် မဟုတ်ဟုဆိုသည်။ ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီအင်ပါယာများ တစ်ခုပြီးတစ်ခု ပြိုလဲရာမှ မြန်မာအပါအဝင် နိုင်ငံအမြောက်အမြား လွတ်မြောက်ခဲ့ကြပြီး     နိုင်ငံပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်ကြိုးပမ်းခဲ့ကြရာတွင် အောင်မြင်သည်လည်းရှိ၊ မအောင် မြင်သည်လည်း ရှိခဲ့ကြသည်။ အောင်မြင်ရခြင်း၊ မအောင်မြင်ရ ခြင်းတို့တွင် အကြောင်းအကျိုး ဆက်စပ်မှုများလည်း ရှိနေသည်။


နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်းဆိုသည်မှာ ခေတ်မီခြင်း သို့မဟုတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိခြင်း သို့မဟုတ် စုစုပေါင်း အမျိုးသားထုတ်ကုန်တန်ဖိုး တိုးတက်ခြင်း (Increased natio- nal output) သို့မဟုတ် အမှန်တကယ်အမျိုးသားဝင်ငွေ (Real national income) ကာလရှည်တိုးတက်မှုရရှိနေခြင်းဖြစ်သည် ဟု ပညာရှင်များက ဖွင့်ဆိုထားကြသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက် သည်ဟု ဆိုရာတွင်လည်း နိုင်ငံ၏အမျိုးသားဝင်ငွေရော လူတစ်ဦး ချင်းဝင်ငွေပါ   သိသာထင်ရှားစွာ   တိုးတက်ခြင်း၊   ၎င်းဝင်ငွေ တိုးတက်မှုသည် လုပ်ငန်းလွှာအဆင့်ဆင့်နှင့် ဝင်ငွေအုပ်စုအားလုံး တို့ထံ ပျံ့နှံ့ခြင်း၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဘက်စုံပြောင်းလဲ မှုများကို အခြေခံ၍ ဝင်ငွေတိုးတက်မှုဖြစ်ပေါ်လာရာတွင် ကာလ ရှည်စွာတည်မြဲနေခြင်းဆိုသည့် လက္ခဏာရပ်များ စုပေါင်းပါဝင် နေသည်ဟုလည်း ဆိုသည်။


ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲနွမ်းပါးသည့် နိုင်ငံအဖြစ်မှ ရုန်းထွက် ရာတွင် အကြောင်းအကျိုး အဆက်အစပ်များဖြစ်သည့် ရင်းနှီး မြှုပ်နှံမှု   လိုအပ်ချက်၊    လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်၊ ပြည်သူများ ပူးပေါင်းပါဝင်မှု လိုအပ်ချက်၊ အမျိုးသားစုစည်းမှုနှင့် ပြည်သူတို့၏    လူမှုစည်းကမ်းထိန်းသိမ်းမှု     လိုအပ်ချက်များ နက်နက်ရှိုင်းရှိုင်းပါဝင်နေပြီး အဆိုပါလိုအပ်ချက်များကို ဖြည့် ဆည်းခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ပယ်ရှားကျော်လွှားခြင်းတို့သည်  နိုင်ငံရေးနယ်ပယ်တွင် အခြေစိုက်လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အစိုးရနှင့်ပြည်သူတို့၏ နိုင်ငံရေးရင့်ကျက်မှု (political maturation) သည်   မရှိမဖြစ်  အခြေအနေတစ်ရပ် ဖြစ်ပြီး အစိုးရနှင့် ပြည်သူတို့အကြား အပြန်အလှန်နားလည်မှု နှင့် တာဝန်ရှိမှု (mutual understanding and responsibility) အမြင်များ တိုးတက်မြင့်မားရန်လိုအပ်သည်ဟု သုတေသီတို့က ဆိုသည်။


မိမိတို့နိုင်ငံသည် နိုင်ငံလွတ်လပ်ရေးသက်တမ်း နှစ်ပေါင်း  ၇၀ ကျော်  ၈၀ သက်တမ်းသို့  ချင်းနင်းဝင်ရောက်လာသည့်တိုင် ဖွံ့ဖြိုးမှုနိမ့်ကျသည့် ဝဲဩဃထဲမှ ရုန်းမထွက်နိုင်သေး။ ကဗျာစာဆို တော်ကြီး ဆရာဇော်ဂျီ  ၁၉၃၅ ခုနှစ် ကိုလိုနီခေတ်တွင်ရေးသား ခဲ့သည့် “ထလော့မြန်မာ၊ အိုမြန်မာတို့၊ တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊ စေတီစပါး၊ များလည်းများ၏၊ များပါလေလဲ၊ တမွဲမွဲနှင့်၊ ဆင်းရဲ ကာသာ၊ ကာလကြာလျှင်...” အစချီသည့် “တို့တိုင်းပြည်”ကဗျာ ကလေးပင်   နှစ်ပေါင်း ၉၀ ခန့်ရှိပြီဖြစ်သော်လည်း   မြန်မာတို့ မထနိုင်ကြသေး။   သူများက   ခြေတစ်လှမ်း  လှမ်းလျှင်  မိမိတို့က ခြေလှမ်း လေး၊ ငါး၊ ဆယ်လှမ်း လှမ်းနိုင်မျှ တန်ကာကျမယ်ဟု   အမျိုးသားခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်းက  နှိုးဆော် တိုက်တွန်းခဲ့သော်လည်း  သူများကိုမီအောင်  မိမိတို့  မလှမ်းနိုင် ကြသေး။


“ထလော့မြန်မာ၊ မြန်မာထလော့၊ အားမပျော့နှင့်၊ မလျှော့ လုံ့လ၊ သူကစ၍၊ ငါကအားလုံး၊ လက်ရုံးမြားမြောင်၊ ဉာဏ်မြား မြောင်နှင့်၊  စွမ်းဆောင်ကြလေ၊  ဆောင်ကြလေလော့၊  ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ၊ ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊ ထားလော့ တာဝန်၊ ပွန်လော့လုပ်ငန်း၊ ဉာဏ်ရှေ့ပန်း၍၊ တစ်ဝမ်းတစ်စိတ် ညီစေသတည်း”ဟူသည့် တို့တိုင်းပြည်ကဗျာမှ တိုက်တွန်းချက်နှင့် အညီ   စိတ်ဝမ်းညီညာ၊   စည်းလုံးညီညွတ်စွာဖြင့်  တစ်ယောက် တစ်လက်ကာယအား၊  ဉာဏအားတို့   စုစည်းကာ  နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး တည်ဆောက်ကြရပါမည့်အကြောင်း။        ။