တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထံတွင် သင်တန်းတက်ရောက်ခဲ့မှုနှင့် နိုင်ငံပိုင် အဆောက်အဦကို မီးရှို့ဖျက်ဆီးမှုတို့ကို ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ်အသီးသီး ချမှတ်

 

နေပြည်တော်   ဇွန်     ၂၅


ရန်ကုန်တိုင်းဒေသကြီး   ဒဂုံမြို့သစ်   (တောင်ပိုင်း)  မြို့နယ်  (၂၄)ရပ်ကွက်နေ သူဇာ (ခ) ရှမ်းမ (ဘ) ဦးစိုးမြင့်သည် ဖေဖော်ဝါရီ ၅ ရက် မှ ဧပြီ ၂၈ ရက်အထိ ကာလများအတွင်းတွင်  လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာတစ်ဝိုက်ရှိ တောင်ကုန်းပေါ်၌ လူအင်အား ၃၀ ခန့်နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုပ်ငန်းအဖွဲ့ကို အနိုင်ထက်ဖြစ်စေ၊  သောင်းကျန်းသောနည်းဖြင့်ဖြစ်စေ  ဖြိုဖျက်ရန် (သို့မဟုတ်) ဖျက်ဆီးရန် သင်တန်း တက်ရောက်သင်ကြားခဲ့သည့် အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ခ(က) အရ ၎င်းအား ဇွန် ၂၄ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်” အမိန့်ကို ချမှတ် လိုက်သည်။


ထို့ပြင်  ဒဂုံမြို့သစ် (တောင်ပိုင်း)  မြို့နယ်   ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးကို ဧပြီ ၇ ရက်  နံနက် ၅ နာရီ ၄၅  မိနစ်ခန့်တွင်  မေသူ  (ဘ) ဦးအောင်မြင့်နှင့် ရဲဆွေ (ဘ) ဦးချစ်ဆွေ တို့သည် မီးရှို့ဖျက်ဆီး ခဲ့သဖြင့်     ပြည်သူပိုင်      ပစ္စည်းမှန်းသိပါလျက်နှင့်      ပြည်သူပိုင် ပစ္စည်းကို  မီးဖြင့်  အကျိုးဖျက်ဆီးမှုကို   ကျူးလွန်ခဲ့သည့်အတွက်    စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ   ရာဇသတ်ကြီးပုဒ်မ-၆(၁)  အရ  ၎င်းတို့အား ဇွန် ၂၄ ရက်တွင်  “အလုပ်နှင့် ထောင်ဒဏ်  (၇) နှစ်”   အမိန့်ချမှတ်လိုက်ကြောင်း သိရှိ ရသည်။


အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် ရဲဆွေ (ဘ) ဦးချစ်ဆွေ သည် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်