မျိုးရိုးဗီဇပြောင်း ကိုဗစ် - ၁၉ နှင့် အသက်ရှူလမ်းကြောင်းရောဂါများ ကာကွယ်ရေး

 

ကိုဗစ် - ၁၉ ရောဂါ အပတ်စဉ်ပိုးတွေ့ရှိရမှု  အနည်းငယ်မြင့်တက် နေခြင်းနှင့်စပ်လျဉ်း၍       တစ်ကိုယ်ရေကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနက    ပြည်သူလူထုသို့    အသိပေးတိုက်တွန်းနှိုးဆော် ချက်   ထုတ်ပြန်ထားသည်။   လွန်ခဲ့သည့်လအတွင်း  ဒေသတွင်း နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တွင်   ကိုဗစ် - ၁၉ မျိုးရိုးဗီဇ ပြောင်း    အိုမီခရွန်ရောဂါပိုး      JN.1    ကူးစက်မှု   များပြားခဲ့ရာမှ မြန်မာနိုင်ငံသို့လည်း     ဝင်ရောက်လာပြီး     ကိုဗစ် - ၁၉ ရောဂါ အပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်။ 


ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး JN.1 သည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတွင် အဓိကလွှမ်းမိုးကူးစက် ခဲ့ပြီး ထိုမှတစ်ဆင့် အာရှ၊ အရှေ့တောင်အာရှအထိ ကူးစက်လာ ခြင်းဖြစ်သည်။ အသစ်ထွက်ပေါ်လာသည့်  ကိုဗစ် - ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများသည် ကူးစက်ပျံ့နှံ့မှုမြန်သော်လည်း ရောဂါ ပြင်းထန်မှုမရှိကြောင်းနှင့်         ပြည်သူ့ကျန်းမာရေးထိခိုက်မှု အန္တရာယ်ဖြစ်နိုင်ခြေလည်း နည်းပါးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားသည်။  ကိုဗစ် - ၁၉ ဗီဇပြောင်းမျိုးကွဲများ ကြောင့် ကိုဗစ် - ၁၉  ကူးစက်မှုအနည်းငယ် ပြန်လည်မြင့်တက် လာသည်မှာ   စိုးရိမ်ဖွယ်ရာမဟုတ်သော်လည်း   မပေါ့ဆရန်နှင့် ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ်သည်။ ရောဂါကူးစက်ခံရ သူများမှာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အကြိမ်ရေ နည်းသူများ၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားမှု ကြာမြင့်နေ ပြီဖြစ်သူများ ဖြစ်သည့်အတွက် ကိုဗစ် - ၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးကို မပျက်မကွက် ထိုးနှံထားကြရန် ကျန်းမာရေး ပညာရှင်များက သတိပေးထားကြသည်။


ကိုဗစ် - ၁၉ ရောဂါအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ခြင်းမှကာကွယ်နိုင်ရန်  လူထူသည့်  နေရာ၊  အလုံပိတ်နေရာ၊   လေဝင်လေထွက်မကောင်းသည့်နေရာများ၊ အများပြည်သူသုံးယာဉ်၊ ရထား၊ လေယာဉ်၊ သင်္ဘောများဖြင့် ခရီး သွားလာသည့်အခါ၊ ဆေးရုံ၊ ဆေးခန်း၊ ရိပ်သာများသို့ သွားသည့် အခါတို့တွင် ပါးစပ်နှာခေါင်းစည်း(Mask) များ တပ်ဆင်ရန် လိုအပ် သလို အသက်ကြီးသူ၊  နာတာရှည်ရောဂါ  ခံစားနေရသူ၊ ကိုယ်ခံ အားနည်းသူ၊ အဝလွန်သူ၊ အထွေထွေကျန်းမာရေးမကောင်းသူ များ၊ ကိုဗစ် - ၁၉ နှင့် နှာစေး၊  ချောင်းဆိုး၊ အဖျားရောဂါ လက္ခဏာ ဖြစ်ပေါ်နေသူများလည်း     ပါးစပ်နှာခေါင်းစည်းတပ်ဆင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။


ကိုဗစ် - ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများသည် ကူးစက်ပျံ့နှံ့ မှု ပိုမိုမြန်ဆန်ပြီး ရောဂါပြင်းထန်မှုမရှိဟု ဆိုသော်လည်း အကယ်၍ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေ မြင့်မားသူအုပ်စုများမှာ ကိုဗစ် - ၁၉ ရောဂါထပ်ဆောင်းကာကွယ် ဆေးထိုးနှံမှုခံယူကြရန် လိုသည်။ နိုင်ငံတကာသတင်းများအရ ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး JN.1 ကူးစက် ခံရခြင်းကြောင့်  ဆေးရုံတက်ရောက်ကုသမှုခံယူရသူများ၊ အထူး ကြပ်မတ်ကုသမှုခံယူရသူများရှိနေရာ  အသက်အန္တရာယ်မရှိဟု ဆိုသည့်တိုင် ရောဂါကူးစက်မခံရစေရန် မိမိကိုယ်ကို ကာကွယ် နေထိုင်ကြဖို့လိုသည်။ ကိုဗစ် - ၁၉ ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာ သည့်      အိမ်နီးချင်းနိုင်ငံများတွင်လည်း    ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရန်၊      လူစုလူဝေးရှောင်ကြဉ်ရန်၊     လက်ဆေးရန်၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန် ဆော်ဩမှုများ ပြုလုပ်နေကြ ရခြင်းဖြစ်ရာ ကပ်ရောဂါဟူသည် နယ်စည်းမခြားသည့်အလျောက် တစ်ကိုယ်ရေကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို ကျင့်သုံး ခြင်းဖြင့် ကာကွယ်ကြရမည်ဖြစ်သည်။


၂၀၁၉ ခုနှစ်နှောင်းပိုင်းမှစ၍ ကမ္ဘာတွင် ကူးစက်ပျံ့နှံ့ခဲ့သည့် ကပ်ရောဂါသည်  စိုးရိမ်ဖွယ်အဆင့်ကို  ကျော်လွန်ခဲ့ပြီဖြစ်သော် လည်း  ပြီးဆုံးသည့်အဆင့်သို့ မရောက်သေး။   မျိုးဗီဇတစ်မျိုးပြီး တစ်မျိုးပြောင်း၍  ဆက်လက်တည်ရှိနေခြင်းဖြစ်ရာ ကူးစက်ခံရ ပါက   မိမိတို့၏ကိုယ်ခံအားအလျောက်   ခံစားကြရဦးမည်သာ။ မည်သည့်ရောဂါမျှ   ကူးစက်မခံရခြင်းသည်သာ အကောင်းဆုံး ဖြစ်သည့်အလျောက် ထပ်ဆောင်းကာကွယ်ဆေး မပျက်မကွက် ထိုးနှံခြင်း၊    ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊    လူစုလူဝေး ရှောင်ကြဉ်ခြင်းတို့အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနက အကြံပြု လမ်းညွှန်တိုက်တွန်းနှိုးဆော်မှုများကို   အထူးဂရုပြု၍    လိုက်နာ ဆောင်ရွက်ကြရပါမည့်အကြောင်း။          ။