သာသနာထွန်းလင်း ငြိမ်းချမ်းသောလူ့ဘောင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၇၃)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သဘောရေးဖြေအောင်မြင်တော်မူကြသော ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒနှင့် ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ် တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၁၁ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင် လက်မှတ် ဆက်ကပ်ချီးကျူးပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ကမ္ဘာအေးကုန်းမြေ၌ ကျင်းပခဲ့ပေသည်။


သာသနာပြုပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားရှင် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်း တို့အား ၄၅ ဝါ ကာလပတ်လုံး ဟောကြားတော်မူအပ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ သုံးဖြာသောပိဋကတ်တို့ကို ကျောက်ထက်အက္ခရာ၊ ပေထက်အက္ခရာ၊ စာထက် အက္ခရာတို့ဖြင့် အပြင်ပိုင်းဗဟိဒ္ဓ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ သည်သာမက သာသနာ့အာဇာနည် အရှင်သူမြတ်များ၏ အတွင်းပိုင်း အဇ္ဈတ္တ သန္တာန်၌ အစဉ်ထာဝရ ကိန်းအောင်းတည်ရှိနေစေရန်အတွက် တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို နှစ်စဉ်နှစ်တိုင်း  ကျင်းပခဲ့ရာ  သာသနာ့အာဇာနည် အရှင်သူမြတ်များ ပေါ်ထွန်းလာပေသည်။


ထိုသို့ပေါ်ထွန်းလာခြင်းသည်    မြတ်စွာဘုရားရှင်၏ဆန္ဒတော်ကို    တစ်စိတ် တစ်ဒေသအားဖြင့် ပြည့်ဝအောင် ဖြည့်ကျင့်ခြင်းဖြစ်သည်ဟု နှလုံးသွင်းဆင်ခြင်ပြီး ကြည်လင်ရွှင်ပျ ဝမ်းမြောက်ခြင်းဖြစ်ရပေသည်။ မြတ်စွာဘုရားရှင်၏ သုံးဖြာသော ပိဋကတ်တော်တို့ကို နှုတ်ငုံဆောင်ပြီး ဓမ္မာနုဓမ္မပဋိပတ်ကို အထွတ်အထိပ်ရောက် အောင် ကျင့်ကြံပွားများ ကြိုးစားအားထုတ်ကြလျှင် မြတ်စွာဘုရားရှင်၏ ဆန္ဒတော် ကို ပြည့်စုံအောင် ဖြည့်ကျင့်ရာရောက်ပြီး ဗုဒ္ဓသာသနာတော်ကြီးလည်း နေလို လလို ထွန်းလင်းတောက်ပလာမည်ဖြစ်၍ ဤသာသနာပြု အောင်မြင်တော်မူမှုအတွက် သာဓုအနုမောဒနာခေါ်ဆိုအပ်ပါသည်။


သာသနာပြုလုပ်ငန်းဟူသည် အကုသိုလ်မှန်သမျှ မပြုလုပ်အောင်၊ ကုသိုလ် ဟူသမျှတို့ကို ပြုလုပ်အောင်၊ စိတ်ထားဖြူစင်အောင်ထားခြင်းဟူသော မြတ်စွာ ဘုရားရှင်၏ အဆုံးအမတို့ကို လူအများလိုက်နာကျင့်ကြံလာအောင် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြစ်သည်။ ကြီးလေးလှသော ဒုက္ခအပေါင်းမှ လွတ်မြောက်အောင် ထုတ်ဆောင်ကယ်တင်ပေးသောအလုပ်သည် အဘယ်မျှမြင့်မြတ်ပြီး အကျိုးကြီး သော အလုပ်ဖြစ်ကြောင်း စဉ်းစားကြည့်နိုင်ပေသည်။ ကိုယ်တိုင်သာသနာမပြု နိုင်ပါက သာသနာပြုနေသောပုဂ္ဂိုလ်တို့အား ချီးမြှောက်ထောက်ပံ့ပေးသင့်ကြပေ သည်။ အစိုးရအဆက်ဆက်တို့က စေတိယင်္ဂဏ၊ သကျသီဟ၊ ဝိနယာဓိက စသည့် ရဟန်းတော်များအတွက် ပရိယတ်ဆိုင်ရာ စာမေးပွဲများအား နှစ်စဉ်ကျင်းပပေးပြီး စာချပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်နှင့်ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိသည်။


နေမင်းကြီးတည်ရှိသောအခါ အလင်းရောင်ကို တွေ့မြင်ရသကဲ့သို့ မြတ်စွာ ဘုရားရှင် ဟောကြားတော်မူအပ်သော  သုတ္တန်၊  အဘိဓမ္မာ ဒေသနာတော်များ အထင်အရှားရှိနေသမျှ၊ ဝိနည်းတရားတော်များ ထွန်းကားနေသမျှကာလပတ်လုံး သူတော်ကောင်းတရား ဘုရားသာသနာတော်တည်းဟူသော အလင်းရောင်ကို တွေ့မြင်နေကြရလိမ့်မည်။ နေမင်းကြီး ဝင်သွားသည်ရှိသော် လောကကြီး၌ အမိုက်အမှောင်ဖြစ်သကဲ့သို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော သုတ္တန်၊ အဘိဓမ္မာ    ဒေသနာတော်များ   အထင်အရှားမရှိခဲ့သော်၊  ဝိနည်းတရားတော် များလည်း ပျောက်ပျက်ခဲ့သည်ရှိသော် လောကကြီး၌ မသူတော်တရား အားကြီးပြီး အမိုက်မှောင်ဖုံးခြင်းတို့ အားကြီးနေပေလိမ့်မည်။ ထို့ကြောင့် ဝိနည်းတရားတော်များ မပျောက်ပျက်အောင် သာသနာကို ချီးမြှောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။


“ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”ဆိုသကဲ့သို့ ဆရာ၊ ဒကာ လက်တွဲကြည်သာ ဝမ်းမြောက်ချီးမြှောက်ကြပြီး သာသနာပြုလုပ်ငန်းများကို အရှည်လုပ်ကိုင်နိုင်ပါက သာသနာတော်ကြီးလည်း နှစ်ပေါင်းရှည်ကြာ တည်တံ့ခိုင်မြဲနိုင်မည်ဖြစ်သည်။ အသက်မဝင်သေးသော ပိဋကတ်စာပေတို့ကို အသက်ဝင်အောင် ကြိုးပမ်းအားထုတ် တော်မူကြသော သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွန်းနေသရွေ့ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော်ကြီးလည်း နေလို လလို ထွန်းလင်းတောက်ပနေမည်ဖြစ်သည်။  သာသနာတော် ထွန်းလင်းသည့်အခါ သာသနာတော်ကို ပြန့်ပွားအောင် လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့က ဆက်လက်ကြိုးပမ်းအားထုတ်ကြခြင်းဖြင့် လောကကို အလင်း ဆောင်အောင် ဆောင်ကြဉ်းပေးနိုင်ပေလိမ့်မည်။


သို့ဖြစ်ရာ အလှူတကာ့အလှူတွင် တရားအလှူသည် အမြတ်ဆုံးဖြစ်သကဲ့သို့ ပြုသမျှလုပ်ငန်းတို့တွင် သာသနာပြုလုပ်ငန်းသည် အကြီးဆုံးကုသိုလ်ဖြစ်ရာ လောကအမိုက်ဖုံးခြင်းမှ ကင်းဝေး၍ ငြိမ်းအေးချမ်းသာခြင်းသို့ ရောက်ရှိစေရေး အတွက် ပရိယတ္တိစာပေကို စွမ်းစွမ်းတမံကြိုးပမ်းအားထုတ်သူတို့အား ဆရာ၊ ဒကာ လက်တွဲညီညာစွာဖြင့် ပစ္စယာနဂ္ဂဟ ချီးမြှင့်ထောက်ပံ့ခြင်းဖြင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး နေလိုလလိုတွန်းတောက်ကာ ငြိမ်းချမ်းသာယာသော လောက လူ့ဘောင်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။    ။