မျက်မှောက်ကာလ၌ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကျော့ ပြန် ကူးစက်မှုမြင့်တက်လာသည်ကို မြင်တွေ့နေရသည်။ ဥရောပနိုင်ငံများတွင် ကူးစက်မှု နေ့စဉ်မြင့်မားနေပြီး မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများတွင်လည်း ရောဂါကူးစက်မှုမြင့်မားနေသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှား နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်မှုမှာ ပြီးခဲ့သည့်မေလကုန်မှစ၍ တစ်နေ့ထက်တစ်နေ့ ကူးစက်မှု နှုန်းမြင့်မားနေပြီး လူသေဆုံးသူအရေအတွက်လည်း နေ့စဉ်တိုးနေသည်။
ယနေ့ကမ္ဘာတွင် ကိုဗစ်-၁၉ တတိယလှိုင်းဟု ခေါ်ဆိုနိုင်လောက်သော ရောဂါ ကူးစက်ပြန့်ပွားမှုမှာ မျိုးရိုးဗီဇပြောင်း ဗီဇမျိုးကွဲ ဗိုင်းရပ်စ်ပိုးမျိုးစိတ်သစ် သုံးမျိုး ကြောင့် ကူးစက်ဖြစ်ပွားသေဆုံးမှု မြန်ဆန်နေခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ပိုးမျိုးစိတ်သစ် သုံးမျိုးတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ဒယ်တာဗိုင်းရပ်စ်ပိုးသစ်သည် ကူးစက်မှုအမြန်ဆုံး ဖြစ်ပြီး ယင်းရောဂါပိုးသစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကမ္ဘာ့နိုင်ငံများက ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အင်္ဂလန်ပြည်သူ့ကျန်းမာရေး၏ သုတေသနပြုထုတ်ဖော် မှုအရ Astra Zeneca ကာကွယ်ဆေးသည် ဗီဇပြောင်းဒယ်တာကြောင့် ဆေးရုံတက်ရခြင်းကို ၉၂ ရာခိုင်နှုန်းကာကွယ်ပေးပြီး Pfizer ကာကွယ်ဆေးသည် ၉၆ ရာခိုင်နှုန်း ကာကွယ်ပေးသည်ဟု သိရသည်။
ကိုဗစ်-၁၉ မျိုးစိတ်သစ်သည် ပိုမိုကူးစက်မှုမြန်ဆန်သည့်အတွက် ကူးစက် ဖြစ်ပွားသူအရေအတွက် ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံတွင်လည်း မြင့်မားတိုးတက် လာခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးပညာရှင်များက ရောဂါဖြစ်ပွားမှု မြင့်မားနေသောဒေသများတွင် ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ရန်လိုအပ်လာ ကြောင်း အကြံပြုပြောကြားကြသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ချင်းပြည်နယ်ရှိ မြို့နယ်ဒေသအချို့ကို မိမိ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်ကို စတင်ပြုလုပ်ခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နှင့် ဖြူးမြို့နယ်တို့ကို မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ထပ်မံအသိပေးကြေညာခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တို့တွင် နေထိုင်ကြသော ပြည်သူတို့အနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့သည်။ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများ တွေ့ရှိမှုများပြားလာပြီး ပိုးတွေ့နှုန်းမြင့်တက်လျက်ရှိသဖြင့် အဆိုပါ မြို့နယ်များတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်တွင် နေထိုင်ပြီး သတ်မှတ်ထားသော ကျန်းမာရေးစည်းကမ်းများနှင့်အညီ နေထိုင်ကြရန်လိုအပ် သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားလာမှုနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ လွန်လွန်ကဲကဲမဖြစ်စေလိုဘဲ လူတိုင်း လူတိုင်း သတိတရားထားပြီး ကျန်းမာရေးစည်းကမ်းများကို လေးလေးစားစား လိုက်နာဆောင်ရွက်ကြရန် လိုအပ်သည်။ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေစနစ်တကျတပ်ဆင်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို အထူး ဂရုပြု မပျက်မကွက်ပြုလုပ်ကြရန်လိုအပ်ပြီး မိမိတို့အချင်းချင်းလည်း ပူးပေါင်း လက်တွဲဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်း ဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်း လမ်းညွှန်”နှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်းလူတိုင်း၊ မိသားစုတိုင်းမိသားစုတိုင်းက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာပေါ်တွင် တစ်ကျော့ပြန် ခေါင်းထောင်ထလာနေပါသဖြင့် ရောဂါကင်းဝေးအောင် သတိပြုကြရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်ဘေးထက် အဆမတန်ကြီးမားပါသောကြောင့် ကိုဗစ်-၁၉ ရောဂါကင်းဝေးရေးကို လူတိုင်း လူတိုင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။