ငြိမ်းချမ်းလိုက ငြိမ်းချမ်းကြရမည်သာ

 

ယနေ့မြန်မာပြည်သူတစ်ရပ်လုံး၏ လိုအင်ဆန္ဒမှာ ငြိမ်းချမ်းရေး ပင်ဖြစ်သည်။ အကယ်၍ ငြိမ်းချမ်းရေးကို မလိုလားဘဲ တိုက်ပွဲ များကို  လိုလားသူများရှိနေသည်ဆိုပါက   ၎င်းတို့သည်   နိုင်ငံနှင့် ပြည်သူ  မငြိမ်းချမ်းမှုအပေါ်တွင်  အကျိုးစီးပွားဖြစ်နေသူများ သို့မဟုတ်   မှန်မှန်ကန်ကန်၊   ဆင်ခြင်တုံတရားရှိရှိ   စဉ်းစား မြော်မြင်နိုင်စွမ်းမရှိသူ စစ်သွေးကြွများသာလျှင် ဖြစ်နိုင်သည်။ တိုင်းတစ်ပါးလက်အောက် ကျွန်သပေါက်ဘဝတွင် တစ်နိုင်ငံလုံး ငြိမ်သက်ခဲ့သမျှ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံ ဘဝတွင်   အကြောင်းရင်းခံအမျိုးမျိုးနှင့်   လက်နက်ကိုင်အဖွဲ့ အစည်းအမျိုးမျိုးပေါ်ပေါက်လာခဲ့ပြီး   ပဋိပက္ခတို့  ယနေ့တိုင် မပြီးဆုံးနိုင်သည်မှာလည်း ပြည်သူလူထုအဖို့ နားမလည်နိုင်စရာ ပင် ဖြစ်သည်။


မိမိတို့နိုင်ငံတွင် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် အဖြေရှာသည့်အလေ့အထမှာ    လွတ်လပ်ရေးရပြီးစကာလမှ စတင်ခဲ့ရာ   ယခုအခါ   ဓလေ့ထုံးစံတစ်ခုသဖွယ်ပင်   ဖြစ်နေပြီ ဖြစ်သည်။ နိုင်ငံတွင် အစိုးရသစ်တစ်ရပ်တက်တိုင်း လက်နက်ကိုင် အဖွဲ့အစည်း သို့မဟုတ် သူပုန်အသစ်တစ်ဖွဲ့ ပေါ်လာလေ့ရှိသည် မှာ   အဆိုပါဓလေ့ထုံးစံ၏   သက်သေသာဓကပင်ဖြစ်သည်။ စစ်ရေးနည်းလမ်းကို ရွေးချယ်ခြင်းကြောင့်  ဖြစ်ပေါ်လာသည့် အကျိုးဆက်များမှာ အနုတ်လက္ခဏာနှင့်  အပျက်သဘောများ သာဖြစ်ပြီး အနီးဆုံးခံစားရသူများ၊ တိုက်ရိုက်ခံစားရသူများမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ နယ်ပယ်ဒေသများအတွင်းမှ ဒေသခံပြည်သူများဖြစ်သည်။ နောက်တစ်ဆင့်မှာ နိုင်ငံတော်နှင့်  ပြည်သူတစ်ရပ်လုံးဖြစ်သည်။ တည်ငြိမ်အေးချမ်းမှု၊ ငြိမ်းချမ်းမှု ကင်းမဲ့ခြင်းကြောင့် တည်ဆောက်၍မရ၊ ဖွံ့ဖြိုးတိုးတက်အောင် လုပ်၍လည်း မရသည့်အပြင် ရှိရင်းစွဲအနေအထားတို့ပါ ပျက်စီး ရသည်။  နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါးခန့်  သက်ဆိုးရှည်နေပြီ ဖြစ်သည့်     လက်နက်ကိုင်ပဋိပက္ခကို    ခေတ်အဆက်ဆက် မရှင်းလင်းနိုင်ခဲ့ခြင်းကြောင့် နိုင်ငံ၏အခြေအနေမှာ နောက်သို့ ရောက်သည်ထက်ရောက်နေပြီဖြစ်သည်။


ပြည်တွင်းရှိ   လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားရာဒေသ များတွင် လူနေမြို့ရွာများပါမရှောင်  တိုက်ပွဲများဖော်ဆောင်လျက် ရှိရာ ဒေသခံပြည်သူများမှာ နေရပ်ကိုစွန့်ခွာ၍ တိုက်ပွဲရှောင် ကြရသည်။  ယခင်နှစ်များကဆိုလျှင် ကိုဗစ် - ၁၉ ကပ်ရောဂါ၊ မုန်တိုင်းနှင့်  သဘာဝဘေးအန္တရာယ်များ၊ လက်ရှိကာလတွင် အယ်နီညိုကြောင့် အပူရှိန်မြင့်မားလာမှုတို့ကပါ ယာယီတိုက်ပွဲ ရှောင်ပြည်သူတို့အတွက် ထပ်ဆင့်အန္တရာယ်ဖြစ်သည်။ ထို့အပြင် ကျောင်းနေအရွယ်ကလေးများအဖို့ ပညာရေးအခွင့်အလမ်း ဆုံးရှုံးမှု၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ မသန်စွမ်း သူများ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးငယ်ရွယ်များအဖို့ စားဝတ်နေရေး၊  ကျန်းမာရေးနှင့်  ဘဝလုံခြုံရေးခက်ခဲမှုတို့က အသက်နှင့် ခန္ဓာ  တည်မြဲနိုင်ရေးအတွက် တိုက်ပွဲရှောင်လာကြ သည့်တိုင်အောင်  ထပ်မံရင်ဆိုင်ကြရသည့်  အကျပ်အတည်း များပင်ဖြစ်သည်။ သို့ဖြစ်ရာ ဒေသအတွင်း မည်သည့်တိုက်ပွဲမှ မရှိလျှင် ရှောင်စရာမလိုတော့ဘဲ တည်ငြိမ်အေးချမ်းစွာ နေထိုင် နိုင်ကြမည်ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးကိုပါ တည်‌ဆောက်နိုင် ပြီဆိုပါက ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အခွင့်အလမ်းများလည်း ဖြစ်ပေါ်နေမည်ဖြစ်ရာ ပြည်သူတို့အဖို့ ငြိမ်းချမ်းရေးကိုသာ မျှော်လင့်ကြရခြင်းဖြစ်သည်။

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့၏ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို မတ် ၂၈ ရက် နံနက်ပိုင်းတွင် နေပြည်တော် ၌ ကျင်းပခဲ့သည့်သတင်းက ငြိမ်းချမ်းရေးကို လိုလားတောင့်တ ကြသည့် ပြည်သူလူထုအတွက် မျှော်လင့်ချက်အလင်းရောင် က‌လေးကို ဆက်လက်ထွန်းလင်းတောက်ပနေစေသည်။ ပစ်ခတ် တိုက်ခိုက်မှုများရပ်စဲခြင်း၊ ငြိမ်းချမ်းရေးရယူခြင်းတွင် ထိပ်ပိုင်း ခေါင်းဆောင်တို့က သော့ချက်ပင်ဖြစ်ပြီး ငြိမ်းချမ်းရေးကို အမှန် တကယ်ရယူဖော်ဆောင်လိုသည့် ဆန္ဒရှိပါက ငြိမ်းချမ်းရမည်ဟု ရိုးသားစွာယုံကြည်သည်။ တိုက်ပွဲရှောင်ပြည်သူတို့၏  အခက် အခဲ၊ အကျပ်အတည်းများနှင့် ဘဝများ၊ ငြိမ်းချမ်းရေးကို လိုလား တောင့်တကြသည့် ပြည်သူတို့၏ ဆန္ဒများကို အလေးအနက်ပြု မျက်နှာမူထောက်ထားလျက်  ထာဝရငြိမ်းချမ်းရေးကို   ရှေးရှု  ဖော်ဆောင်နိုင်ကြပါစေကြောင်း။         ။