အပူချိန်မြင့်မားမှုကာကွယ် ဥတုသပ္ပါယမျှတစွာနေထိုင်

 

အားအသင့်အတင့်ရှိသော အယ်နီညို၏ အကျိုးသက်ရောက်မှု နှင့်အတူ ယခုနှစ် နွေရာသီ၏ နေ့အပူချိန်များ မြင့်မားလျက် ရှိသည်။ ပြင်းထန်သည့် အပူချိန်သည် အပူလျှပ်ခြင်း၊ သတိလစ် မေ့မြောခြင်း၊ ရုတ်တရက်သေဆုံးခြင်းကဲ့သို့သော ကျန်းမာရေး ဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ မြင့်မားသည့်အပူချိန်ကို ကာလကြာရှည်ခံစားရပါက အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်း၊ နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားခြင်း၊ အရွယ်မတိုင်မီ သေဆုံးခြင်းတို့ ဖြစ်စေနိုင်သည်။


အပူဒဏ်ကို လူတိုင်းခံစားကြရခြင်းဖြစ်သော်လည်း သက်ကြီး ရွယ်အိုများ၊ နာတာရှည်ရောဂါတစ်ခုခုရှိသူများ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၊   ကလေးငယ်များ၊   နေပူချိန်   ပြင်ပတွင် အလုပ်လုပ်ကြရသူများ၊ ကာယလုပ်သားများ စသည်တို့မှာ အပူ ဒဏ်ကို ပို၍ ထိခိုက်ခံစားကြရသည်။ အပူဒဏ်ကြောင့် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်လာသည့်အခါ ပျို့ခြင်း၊ ခေါင်းမူးခြင်း၊ ကြွက်တက် ခြင်းနှင့် ကြွက်သားများလျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးချည့် ခြင်း၊ ရေဆာခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ကိုယ်အပူချိန် မြင့်တက်ခြင်း  စသည့်ရောဂါလက္ခဏာများ  ခံစားရနိုင်သည်။ ရောဂါပိုမိုပြင်းထန် ဆိုးရွားလာပြီး အပူဒဏ်ကြောင့် သတိလစ် ခြင်း (Heat Stroke)ကို ခံစားရပါက အရေပြားပူ၍ ခြောက်သွေ့ ခြင်း(သို့မဟုတ်) ချွေးအလွန်အကျွံထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊   တက်ခြင်း၊   ခန္ဓာကိုယ်အပူရှိန်မြင့်တက်ခြင်း ရောဂါလက္ခဏာများ ခံစားရနိုင်သည်။


နေ့အချိန်တွင်  မြင့်မားသည့်အပူဒဏ်ကို  ကာကွယ်နိုင်ရန်  အတွက်  နေ့လယ်နေ့ခင်းအချိန်များတွင်   အရိပ်ရအေးမြပြီး လေဝင် လေထွက်ကောင်းသည့်နေရာများ၌ နားနေကြရန်လို သည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ သွေးတိုး၊ နှလုံး၊ ဆီးချို စသည့်ရောဂါအခံရှိသူများ၊ ကိုယ်ဝန်ဆောင်  များ စသည့်ထိခိုက်ခံစားလွယ်သူများ ယင်းသို့ အနားယူကြရ မည်ဖြစ်သည်။   ပူပြင်းသည့်နေရောင်အောက်တွင်   ကာယ အလုပ်များ လုပ်ခြင်း၊ သွားလာလှုပ်ရှားခြင်းတို့မပြုရန်နှင့် မလုပ် မဖြစ်    လုပ်ကြရပါကလည်း  အရိပ်လုံလောက်စွာရရှိရန်နှင့် အရိပ်ရအေးမြသည့်နေရာများတွင် ခေတ္တအနားယူခြင်းတို့ကို  မကြာမကြာ  ပြုလုပ်ရန်လိုသည်။ ထို့ပြင်  နေပူမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊  နံနက် ၁၀ နာရီမှ  ညနေ ၅ နာရီကြား   အပူချိန်မြင့်မားနေစဉ် လွင်တီးခေါင်၊ မြစ်ကမ်းနားတို့၌ ရေချိုး အဝတ်လျှော်ခြင်းတို့ကို မပြုလုပ်ရန်၊ အရက်သေစာသောက်စားမှု  ရှောင်ကြဉ်ရန်၊ ရေနှင့်ဓာတ်ဆား လုံလောက်စွာသောက်သုံးရန် သက်ဆိုင်ရာက လမ်းညွှန်အကြံပြုထားသည်။


အပူဒဏ်အန္တရာယ်ခံစားနေရသည့်   လူနာကို  အရေးပေါ် ရှေးဦးပြုစုရာတွင် အရိပ်ရအေးမြသော နေရာ၊ ပန်ကာ/အဲကွန်း ရှိသောနေရာတွင်  လူနာကို  ရွှေ့ပြောင်းထားရှိရန်၊  လူနာကို ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ရန်၊  ဆေးရုံ/ဆေးခန်း သို့ ပို့ဆောင်နေစဉ် လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားပေးပြီး လူနာကို   ပက်လက်ထားရန်၊  လူနာ၏အဝတ်အစားများကို ချွတ်ပေးရန်၊ လူနာကောင်းစွာသတိရနေပါက  ရေအေးအေး တိုက်ပေးရန်၊ လူနာ၏ ကိုယ်ပေါ်သို့ ရေအေးအေးဖျန်းပေးရန်၊ လူနာ၏   လည်ပင်း၊   ချိုင်းနှစ်ဖက်၊  ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးအေး/ရေခဲရေစိမ်ထားသော    ရေဖတ်အဝတ်များဖြင့် အုပ်ပေးရန်၊ လူနာကို ပန်ကာလေမှုတ်ပေးရန်/ယပ်ခတ်ပေးရန် တို့ကို ပြုလုပ်ပေးကြရမည်ဖြစ်သည်။ 


အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမေ့ခြင်း၊ သတိ လစ်ခြင်းတို့သည် အသက်အန္တရာယ် ထိခိုက်နိုင်သည့်အလျောက် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာရှိကြရန် လိုသည်။ အရေးပေါ်အခြေအနေများ  တွေ့ရှိပါကလည်း နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းပို့ဆောင်ကြရန်လိုသည်။အပူဒဏ် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဥတုသပ္ပါယ မျှတစွာနေထိုင်ကာ အသက်ကိုဉာဏ်စောင့်လျက် မိမိနှင့်တကွ မိသားစုတို့ကိုပါ စောင့်ရှောက်နိုင်ကြပါစေကြောင်း။      ။