2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၀) ကျင်းပ

Image not available
 
 
နေပြည်တော် ဖေဖော်ဝါရီ ၁၁
 
2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟို အဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၀) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယခုဖြစ်ပွားနေသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (2019-nCoV acute respiratory disease) ဖြစ်ပွားပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ဆက်လက်မြင့်မားလျက် ရှိပြီး (epicenter) ဖြစ်သော ဝူဟန်မြို့တွင် ကူးစက်ပျံ့ပွား မှုနှင့်သေဆုံးမှုသည် အဓိက ဆက်လက်ဖြစ်ပွားနေ ကြောင်း။
 
လုံးဝအရှိန်မလျှော့ဘဲ ဆက်လက်လုပ်ဆောင်
 
မြန်မာနိုင်ငံ၌ သံသယလူနာနှင့်စောင့်ကြည့်လူနာများ၌ 2019 Novel Coronavirus ရောဂါပိုး မတွေ့ရှိ ရသေးသော်လည်း ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကိုလုံးဝအရှိန်မလျှော့ဘဲ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၊ တိုင်း ဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အဖွဲ့အစည်းများ၏ အသေးစိတ်ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ် သည့်အခါ၌ ကျေနပ်မှုများစွာ ရှိပါကြောင်း၊ ဤကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးဆောင်မှု ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများသည် မိမိတို့ကျန်း မာရေးနယ်ပယ် တိုးတက်ရန်အတွက် အလွန်ကောင်းသော လက္ခဏာ ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း လုပ်ဆောင် ကြစေလိုပါကြောင်း။
 
ယခုအချိန်၌ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ် ငန်းများ အောင်မြင်မှု၏ အတိုင်းအတာမှာ ပြည်သူများ၏ ပါဝင်မှုအတိုင်းအတာနှင့် တိုက်ရိုက်အချိုးကျမူတည်နေ သဖြင့် ပြည်သူများကို မှန်ကန်သော သတင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်ရန်မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
 
ဦးစားပေးဆောင်ရွက်
 
လေကြောင်းခရီးမှ ဝင်ရောက်လာသော တရုတ်ပြည် သူ့သမ္မတနိုင်ငံသားများကို လေ့လာကြည့်သောအခါ ၎င်း တို့အများစုသည် မူလကတည်းက ငှားရမ်းထားသော နေအိမ်တိုက်ခန်းများတွင်သာ သွားရောက်နေထိုင်ကြသည် ကို သိရှိရသဖြင့် ၎င်းတို့နေထိုင်ရာ ရပ်ကွက်များ၌ ကျန်းမာရေး အသိပညာပေးမှုများ၊ အသိပေးနှိုးဆော်မှု များကို ဦးစားပေး၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
 
နေရပ်ပြန်နိုင်ငံသားများသာမက နိုင်ငံအတွင်းသို့ဝင်ရောက်ပြီးဖြစ်သော ဧည့်သည်နိုင်ငံခြားသားများ၏တည်းခိုနေထိုင်မှု အခြေအနေများ၊ အထူးသဖြင့် ၎င်းတို့ နေထိုင်လေ့ရှိသည့် ရပ်ကွက်များကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ကာ လိုအပ်သော ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုလုပ်ငန်းများကိုဆောင်ရွက်ရန် လိုပါကြောင်း။
 
စက်ရုံ၊ အလုပ်ရုံများ၌လည်း လူစုလူဝေးအဖြစ် အလုပ်လုပ်ကိုင်သည့်အတွက်လည်းကောင်း၊ အခြားနိုင်ငံ မှ လာရောက်၍ လုပ်ကိုင်နေသော နိုင်ငံခြားသားဝန်ထမ်း များရှိသဖြင့်လည်းကောင်း ထိုနေရာများကိုလည်း ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မျက်ခြည်မပြတ်လုပ် ဆောင်ရမည်ဖြစ်ပါကြောင်း။
 
မိမိတို့အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၌ လုပ်ကိုင် နေသော အခြေခံကျန်းမာရေးပညာရှင်များဖြစ်သော ကျန်းမာ ရေးမှူး၊ အမျိုးသမီးကျန်းမာရေးဆရာမ၊ ပြည်သူ့ကျန်းမာ ရေးကြီးကြပ်(၁)၊ သားဖွားဆရာမများနှင့် ရောဂါစောင့်ကြပ် ကြည့်ရှုထောက်လှမ်းသည့်နေရာများ၌ လုပ်ကိုင်လျက်ရှိ သော တာဝန်ခံများကို ခုနစ်လက်မ Mobile Tablet ဖုန်း ၂၃၉ လုံးနှင့် ၎င်းမြို့နယ်၌ရှိသော တိုက်နယ်ဆရာဝန်နှင့် မြို့နယ်ဆရာဝန်တို့ကို ရှစ်လက်မ Mobile Tablet ဖုန်းများ ကို ဗဟိုမှ သက်ဆိုင်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများသို့ ယနေ့တွင်ပင် ဖြန့်ဝေရန်စီစဉ် ပြီး ဖြစ်ပါကြောင်း။
 
ထိုသို့ ချက်ချင်းဖြန့်ဝေရခြင်း၏ အဓိကရည်ရွယ်ချက် မှာ ဤရောဂါနှင့်ပတ်သက်သော အကြောင်းအရာများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စသည်တို့နှင့် ပတ်သက်၍ ကျန်းမာရေးစကားဝိုင်းငယ်လေးများ နေရာ အနှံ့အပြား ပြုလုပ်စေလို၍ ဖြစ်ပါကြောင်း၊ အဆိုပါ Mobile Tablet များတွင် ဤရောဂါနှင့်ပတ်သက်၍ ထုတ်ဝေထား သော ၂၂ မျိုးသော ကျန်းမာရေးပိုစတာနှင့် လက်ကမ်း စာစောင်များနှင့် လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများ ကိုလည်း ထည့်သွင်းထားပြီး ဖြစ်ပါကြောင်း၊ သီးခြားထားရှိ ကုသခြင်းနှင့် အသွားအလာ တားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ် ခြင်း၏ အရေးကြီးမှုကို ပြည်သူများ သေချာစွာသိရှိနားလည် ရန်မှာ အရေးကြီးပါကြောင်း။
 
ချက်ချင်းကုသမှုပေးနိုင်
 
ထိုသို့ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်း ခံရသူတွင် အကယ်၍ 2019-nCoV လတ်တလောအသက် ရှူလမ်းကြောင်းရောဂါလက္ခဏာများ ပေါ်ပေါက်လာပါကချက်ချင်းကုသမှုပေးနိုင်သည့်အတွက် ရောဂါပြင်းထန် သေဆုံးနိုင်ခြေ နည်းပါးသည့်အပြင် ၎င်းမှတစ်ဆင့် အတူ နေထိုင်သော မိသားစုများနှင့်မိတ်ဆွေများထံသို့ ကူးစက်မှု မဖြစ်ပွားနိုင်တော့သဖြင့် အားလုံးအတွက် အကျိုးရှိသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ ကုသမှုပိုင်းဆိုင်ရာ၌ စနစ်ကျ၍ ပိုမို ထိရောက်နိုင်စေရန်အတွက် clinical management ကော် မတီကိုလည်း ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း။
လေဆိပ်ဝင်ပေါက်မှ ဝင်ရောက်သူများမှာ အရေ အတွက်နည်းပါးလာသည်ကို တွေ့ရှိရပါကြောင်း၊ တရားဝင် နှင့် တရားမဝင် နယ်စပ် ဝင်ပေါက်/ထွက်ပေါက် ကုန်းလမ်းများ မှ ဝင်ရောက်လာသူများကို အထူးဦးစားပေး၍ ကာကွယ် ထိန်း ချုပ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်ရမည်ဖြစ်ပါ ကြောင်း။
 
ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် သံသယလူနာများကို စောစီးစွာထောက်လှမ်းခြင်း (Early case detection)သည် အရေးကြီးသည့်အတွက် သံသယ လူနာတွေ့ရှိပါက ပြည်သူများ၏ သတင်းပေးပို့မှုသည် လွန်စွာအရေးကြီးပါကြောင်း၊ အကျဉ်းထောင်များ၏ အချုပ် သား၊ အကျဉ်းသားအသစ်များတွင် ဖျားနာလူနာပါရှိပါက ၁၄ ရက် သီးခြားထားရှိကုသရေး ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်း များဆောင်ရွက်ရာတွင် မြို့နယ်များ၊ ကျေးလက်ဒေသများ တွင် ပြည်သူ ၁၀ ဦးခန့်စီအား ကျန်းမာရေးအသိပညာပေး ဟောပြောမှု (Health Talk) စကားဝိုင်းငယ်များကို ပိုမို အရေးပေး ဆောင်ရွက်သွားစေလိုပါကြောင်း၊ အထူးသဖြင့် ကျောင်းများ၊ စေတီဘုရားများ၊ ဈေး၊ စက်ရုံနှင့် လူစည်ကား သောနေရာများတွင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
 
တိုက်တွန်းပြောကြား
 
ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ရောဂါစောင့် ကြပ်ကြည့်ရှုရေး၊ ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ် ငန်းများကို အရှိန်အဟုန်မြှင့် တက်ကြွစွာဆောင်ရွက်လျက် ရှိသည့်အတွက် အားရကျေနပ်ပါကြောင်းနှင့် ယခုဖြစ်စဉ်ပြီး ဆုံးသည်အထိ အရှိန်အဟုန်မလျှော့ဘဲ ဆက်လက်ဆောင် ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
 
အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ် မှ နောက်ဆုံးထုတ်ပြန်ချက်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက် ရောဂါဗေဒရှုထောင့်မှ အသေးစိတ်သုံးသပ်ချက်များ၊ ကမ္ဘာ ပေါ်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေ၊ ဆက်လက် တိုးတက်နေသော case အရေအတွက်နှင့် မြန်မာနိုင်ငံ အတွင်းရှိ သံသယလူနာတစ်ဦးနှင့် စောင့်ကြည့်လူနာ ၁၉ ဦး တို့၏ အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက် များ၊ ဓာတ်ခွဲနမူနာများကို လေကြောင်းလိုင်းများဖြင့် ချိတ်ဆက်ပို့ဆောင်မှုနှင့် ဂျပန်နိုင်ငံနှင့် US CDC တို့မှ ရောက်ရှိလာမည့် 2019 Novel Coronavirus ဓာတ်ခွဲစမ်း သပ်မှုပစ္စည်းများ၏ အခြေအနေကို ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ရောဂါစောင့်ကြပ်ကြည့် ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှု အခြေအနေ များနှင့် ထူးခြားဖြစ်စဉ်များကို တင်ပြခြင်း၊ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရှစ်ခုမှ မြို့နယ် ၂၀ မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက် ၂၇ ခုတွင် အဖျားရောဂါစောင့်ကြပ် ကြည့်ရှုသည့် အခြေအနေနှင့် သံသယလူနာ/စောင့်ကြည့် လူနာ မတွေ့ရှိရခြင်း၊ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက် ပေါက်များတွင် ခရီးသွားများအား သေချာစွာစိစစ်နိုင်ရေးဆက်လက်လုပ်ဆောင်ရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေအား တင်ပြခြင်း။
 
ဆွေးနွေးအကြံပြု
 
ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သတင်း ပေးပို့ချက်များကို MoHS Dashboard ပေါ်တွင် အချိန်နှင့် တစ်ပြေးညီ တင်ပြနိုင်ရန်စီစဉ်ထားခြင်း၊ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များရှိသည့် Fever Surveillance Points များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရှိသော ကျေးလက်ကျန်းမာရေးဌာနများတွင် Tablet များ ဖြန့်ဝေကာ အရေးကြီးသတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် စီစဉ်ထားရှိခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပြည်ဝင်ခွင့်ဗီဇာများ (e - Visa) ထုတ်ပေးရာ၌ ကျန်းမာရေးစစ်ဆေးထားသော ဆေးလက်မှတ် (Medical Certificate) များ ပူးတွဲ၍လျှောက်ထားစေရန် စီစဉ်ဆောင် ရွက်ထားရှိမှုအား တင်ပြခြင်း၊ နိုင်ငံပိုင်သတင်းဌာနများနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများတင်ပြခြင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသော မြန်မာ နိုင်ငံသားပညာသင် ၅၉ ဦး၏ ကျန်းမာရေးအခြေအနေသည် ယနေ့နံနက်ပိုင်း စစ်ဆေးချက်များအရ ကောင်းမွန်လျက် ရှိကြောင်း တင်ပြခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများစုဆောင်း ထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေအနေနှင့် PPE များ၊ Thermal scanများ၊ Ventilator များကို ထပ်မံဖြည့် တင်းဝယ်ယူနိုင်ရေး နိုင်ငံတော်အရေးပေါ်ရန်ပုံငွေဖြင့် ဝယ်ယူရန် စီစဉ်မှုအခြေအနေကို တင်ပြခြင်း၊ ကုသရေး ဦးစီးဌာနမှ တရားဝင်နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များနှင့်ချိတ်ဆက်ဆောင်ရွက်မည့် တာချီလိတ်၊ ကျိုင်းတုံ၊ မူဆယ်၊ မြဝတီနှင့် မြစ်ကြီးနားပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင် ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြခြင်း၊ Emergency Operations Centre (EOC) Hot Line Service ကို၂၄ နာရီပိတ်ရက်မရှိ ဖွင့်လှစ်ဆောင် ရွက်နေမှု အခြေအနေစသည်တို့အပါအဝင် နောက်ဆုံး သတင်းအချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်သည်။
 
အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည် ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး) ၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါ နှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန် ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ဆေးရုံ အုပ်ကြီး (ကျွမ်းကျင်သူ)၊ ကူးစက်ရောဂါကုသရေးဆိုင်ရာပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်း မာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှတာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်