နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြား သင်ယူနေမှုအခြေအနေများအား လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး

Image not available
 
 
တောင်ကြီး ဖေဖော်ဝါရီ ၁၁
 
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် တောင်ကြီးမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် ပြီး ပညာသင်ကြားသင်ယူနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးဦးမင်းသူ၊
ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာ မြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူယနေ့မွန်းလွဲပိုင်းတွင် အထူးလေယာဉ် ဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုး မြို့သို့ ရောက်ရှိရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံး ဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်း သားများက ဟဲဟိုးလေဆိပ်၌ ရင်းရင်း နှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
 
ကြိုဆိုနှုတ်ဆက်
 
ထို့နောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် ဟဲဟိုးမြို့မှ တောင်ကြီးမြို့သို့ ဆက်လက်ထွက်ခွာ ရာ လမ်းဘေးဝဲယာ၌ ဒေသခံတိုင်းရင်း သားများက ရှမ်းရိုးရာကိန္နရီကိန္နရာ အက၊ တိုးနရားအက၊ တိုင်းရင်းသား ရိုးရာအကများဖြင့်လည်းကောင်း၊ ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူလေးများကနိုင်ငံတော်အလံငယ်များကို ဝှေ့ယမ်း၍ လည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
 
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များ သည် တောင်ကြီးမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား ကျောင်းသူ လေးများက အဆိုအကများ၊ တိုင်းရင်း သားရိုးရာအကများဖြင့် ကပြကြိုဆို နှုတ်ဆက်ကြသည်။
 
ထို့နောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်သည် အဆိုပါကျောင်းရှိ ဒေါ်ခင်သိန်း ကျောင်းဆောင်မျက်နှာ စာ၌ ကျောင်းသား ကျောင်းသူလေး များနှင့်တွေ့ဆုံ၍ ဆုံးမဩဝါဒစကား ပြောကြားသည်။
 
တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား ကျောင်းသူများအား အခက်ဆုံးဘာသာ၊ အကြိုက်ဆုံးဘာသာ၊ အကြိုက်ဆုံး နိုင်ငံ၊ ပြည်ထောင်စုနေ့ အကြောင်း၊ နောင်အနာဂတ်ရည်ရွယ်ချက် စသည် တို့ကိုမေးမြန်းပြီး အပြန်အလှန်ရင်းနှီး စွာ ဆွေးနွေးကြသည်။
 
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အမှတ်(၁) အခြေ ခံပညာအထက်တန်းကျောင်းသို့ လာ ရောက်ရခြင်း၏ အဓိကရည်ရွယ်ချက် သည် ကျောင်းသား ကျောင်းသူလေးများနှင့်တွေ့ဆုံပြီး အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၌ ပညာ သင်ကြားပို့ချမှုနှင့် ကျောင်းသား ကျောင်းသူ လူငယ်လေးများ၏ ပညာ သင်ယူမှုအခြေအနေများကို ကြည့်ရှု ကာ လိုအပ်သည်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားရန် ဖြစ်ပါ ကြောင်း၊ စာသင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူများသည် အရေးကြီးသကဲ့သို့ ဆရာ ဆရာမ များသည်လည်း မရှိမဖြစ်အရေးကြီး ပါကြောင်း။
 
ကြိုးစားလေ့လာစေလို
 
ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုနေ့ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနေ့၏ အဓိပ္ပာယ်နှင့် အဆိုပါနေ့ကို မည်သည့်ရည်ရွယ်ချက် ဖြင့်ကျင်းပခြင်းဖြစ်သည်ကို နားလည် သိရှိအောင် ကြိုးစားလေ့လာစေလိုပါ ကြောင်း၊ မိမိတို့နေထိုင်သည့်နိုင်ငံ သည် ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုဆိုသည်မှာ မတူကွဲပြားမှုများကို စုစည်းပြီးညီညွတ် အောင်လုပ်ထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း။
 
မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက် သည့် ပြည်ထောင်စုဖြစ်အောင် မတူ ကွဲပြားမှုများကို မည်သို့ပေါင်းစည်းအောင်ဆောင်ရွက်မည်၊ တစ်ယောက် နှင့်တစ်ယောက် မည်သို့ညီညွတ် အောင်လုပ်မည်ကို စဉ်းစားရန်လိုအပ် ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် ညီညွတ်မှုရှိမှ ချမ်းသာမည်ဖြစ်ပါ ကြောင်း၊ မိမိနိုင်ငံချမ်းသာအောင် လုပ်လိုသည့် စိတ်ဓာတ်ကို အားလုံး တွင် ရှိစေလိုပါကြောင်း။
 
တာဝန်ဆိုသည်မှာ မိမိက ဆောင်ရွက်ပေးရန် ရှိသည်များကို ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ငယ်ငယ်ကတည်းက နားလည်ထားရန် လိုအပ်သည်မှာ မိမိ လိုချင်တာရှိလျှင် မိမိပေးနိုင်တာလည်း ရှိရမည်ဖြစ်ပါကြောင်း၊ မိသားစုနှင့် သက်ဆိုင်သည့် တာဝန်များကိုဆောင် ရွက်ပေးခြင်းသည် မိသားစုတာဝန် ကျေပွန်ခြင်းဖြစ်ကြောင်း၊ ပညာသင် ကြားစဉ် အချိန်ကို တန်ဖိုးရှိရှိအသုံးချ ပြီး စာကိုကြိုးစားသင်ယူခြင်း ၊ စည်းကမ်းရှိခြင်း၊ သူငယ်ချင်းအပေါင်း အသင်းများနှင့် ခင်မင်ရင်းနှီးစွာ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံ ခြင်း၊ မှန်မှန်ကန်ကန်နှင့် ပွင့်ပွင့် လင်းလင်း ပြောဆိုတတ်ခြင်းတို့ကို ကျင့်ကြံအားထုတ်ကြစေလိုကြောင်း၊မိမိကပေးနိုင်တာမရှိဘဲ လိုချင်တာ ချည်းပဲရှိနေသည်ဆိုပါက တန်ဖိုးရှိ သည့် လူဖြစ်လာမည်မဟုတ်ပါ ကြောင်း၊ မိမိနိုင်ငံကိုလည်း ကူညီနိုင် မည်မဟုတ်ပါကြောင်း၊ မိမိနိုင်ငံ တိုးတက်မှ မိမိလည်းတိုးတက်မည်ဖြစ် ပါကြောင်း၊ မိမိနိုင်ငံချမ်းသာမှ မိမိ လည်း ချမ်းသာမည်ဖြစ်ပါကြောင်း။
 
အချိန်ကို ကောင်းမွန်စွာအသုံးချ
 
အချိန်များစွာ ပိုင်ဆိုင်ထားမှု သည် ကလေးများ၏ အင်အားဖြစ်ပါ ကြောင်း၊ အချိန်ကို ကောင်းမွန်စွာ အသုံးချရန်၊ တန်ဖိုးရှိစွာ အသုံးပြုရန် နှင့် မိမိကိုယ်တိုင်လည်း တန်ဖိုးရှိသည့် လူဖြစ်အောင် ကြိုးစားရန် လိုအပ်ပါ ကြောင်း၊ လူငယ်များအနေဖြင့် မိမိ ကိုယ်ကိုမိမိ တာဝန်ယူသည့်စိတ် ယခုကတည်းက မွေးမြူပြီး မိမိအတွက် လည်းကြိုးစားရန် လိုအပ်သကဲ့သို့ မိမိ နိုင်ငံအတွက်လည်း ကြိုးစားရန်လို အပ်ပါကြောင်း၊ နိုင်ငံအတွက် ကြိုး စားခြင်းသည် အလွန်မြင့်မြတ်သည့်အလုပ်ဖြစ်ပါကြောင်း၊ တစ်ယောက်နှင့် တစ်ယောက်လည်း ခင်ခင်မင်မင်ဆက် ဆံရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမ များကလည်း ကျောင်းသား ကျောင်းသူ များအပေါ် ကြင်ကြင်နာနာဖြင့် ပညာ တတ်အောင် ဝိုင်းဝန်းပြီး သင်ကြားပေး မည်ဟုယုံကြည်ပါကြောင်း ပြောကြား သည်။
 
ထို့နောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား ကျောင်းသူလေးများ၊ ဆရာ ဆရာမ များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီးကျောင်း၏ ဧည့်သည်တော်မှတ်တမ်း တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူဟောင်းများ က အမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
 
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များ နှင့်အတူ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ပြန်လည် ထွက်ခွာပြီး တောင်ကြီးမြို့၌ ညအိပ် ရပ်နားကြသည်။
 
သတင်းစဉ်