မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်  ဇွန်   ၂၉    


အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်  ကြေညာထား သော CRPH ၊  NUG  အဖွဲ့များသည်   နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို  ပျက်ပြားစေရန် ရည်ရွယ် ချက်ဖြင့် အဖျက်အမှောင့်လုပ်ငန်းများ၊ မိုင်းထောင် ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုနှင့် အကြမ်းဖက်လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ လုပ်ဆောင် ရာတွင်    အသုံးပြုလျက်ရှိသည့်   လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ဆေးရှာဖွေ သတင်းဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ အကြမ်း ဖက်မှုလုပ်ရပ်များတွင် ပါဝင်သူ သန်းဝင်း၏ ထွက်ဆို ချက်အရ   ဇွန်  ၂၈  ရက်  နံနက်  ၂  နာရီခန့်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် (၅/၈)ရပ်ကွက်နေ ပြောင်ကြီး (ခ)ခင်မောင်ထွေး(ခ)ချစ်မင်းနှင့် ရန်နိုင်စိုး တို့  နှစ်ဦး၏  နေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့ရာ ပြောင်ကြီး (ခ) ခင်မောင်ထွေး (ခ) ချစ်မင်းကို ၎င်း၏ နေအိမ်အတွင်းမှ    အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး နံနက် ၄ နာရီခန့်တွင် ရန်နိုင်စိုး၏ နေအိမ်သို့ သွားရောက် ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်၌ မတွေ့ရှိ ရဘဲ နေအိမ်အတွင်းမှ  ပွိုင့် 45 Auto ကျည် ၁၆ တောင့်၊ ပွိုင့် 45 4CP ကျည် ၄ တောင့်၊ လက်လုပ်မိုင်း ခုနစ်လုံး၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြု သည့်   ဆက်စပ်ပစ္စည်းများအား  လည်းကောင်း၊ ဆက်လက်၍      လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြောင်ကြီး(ခ) ခင်မောင်ထွေး(ခ)ချစ်မင်း၏ ထွက်ဆို ချက်အရ  မွန်းလွဲ  ၁၂  နာရီခွဲတွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်      စက်မှုဇုန်(၂)နေ    ကိုလင်း (စိစစ်ဆဲ) ပိုင်ဆိုင်သော Lucky 7 KTV သို့ သွားရောက် ရှာဖွေရာ ၎င်းအား မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ MG-1 လက်ပစ်ဗုံး နှစ်လုံးအား သိမ်းဆည်းရမိကြောင်း သိရသည်။


သိမ်းဆည်းရမိ


အလားတူ မွန်းလွဲ ၃ နာရီခန့်တွင် တနင်္သာရီ တိုင်းဒေသကြီး ရေဖြူမြို့နယ် မလွှဲတောင် စစ်ဆေး ရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေး ခြင်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့ ရွှေမြိုင် သီရိရပ်ကွက်နေ ဦးဝေ(၆၄)နှစ် မောင်းနှင်လာသည့် MON 3N/5700 “ဂရိတ်” ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ခုံအမှတ်(၆)တွင် လိုက်ပါလာ သည့်   ခရီးသည်  ထားဝယ်မြို့  ဘဝပင်ကျေးရွာနေ ကျော်စိုး (၅၂)နှစ် (ဘ)ဦးအုန်းကြိုင်၏ ထိုင်ခုံအောက် နှင့် ထိုင်ခုံရှေ့ခြေနင်းနေရာတို့တွင် တင်ဆောင်လာ သော စက္ကူဖာအတွင်းမှ ဝိုင်ယာကြိုးတပ်ထားသော လျှပ်စစ်ဒီတိုနေတာ တစ်ဖာလျှင် အချောင်း ၅၀၀ ပါ  ခြောက်ဖာ(ပေါင်း အချောင်း ၃၀၀၀)၊ ဝိုင်ယာကြိုး တပ်ဆင်ထားခြင်းမရှိသေးသည့် လျှပ်စစ်ဒီတိုနေတာ  တစ်ဖာလျှင် အချောင်း ၅၀၀ ပါ ခြောက်ဖာ(ပေါင်း အချောင်း ၃၀၀၀)၊ လျှပ်စစ်ရှော့တိုက်သတ္တုကြိုးခွေ ၁၆ ခွေတို့အား   သိမ်းဆည်းရမိခဲ့ကြောင်း    သိရ သည်။


ထို့အတူ   မွန်းလွဲ  ၄  နာရီ  မိနစ် ၂၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မြို့တော ကျေးရွာနေ  ဦးပေါ်လာ(၅၄)နှစ်  (ဘ) ဦးတဉ်၏ နေအိမ်ကို  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်၌ မတွေ့ရှိ ရဘဲ  ၎င်း၏  နေအိမ်ခြံဝင်းအတွင်းမှ  အမိုနီယမ် နိုက်ထရိတ် တစ်အိတ်လျှင် ၄၀ ကီလိုဂရမ်ပါ ၁၆ အိတ်နှင့် တစ်အိတ်လျှင်  ၅၀ ကီလိုဂရမ်ပါ လေးအိတ် စုစုပေါင်း အိတ် ၂၀ (၈၄၀ ကီလိုဂရမ်)တို့အား တွေ့ရှိ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


အလားတူ  ည  ၁၂  နာရီ  ၁၀  မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး   ငဖဲမြို့ပေါ်ရပ်ကွက်များ အတွင်း   လုံခြုံရေးတပ်ဖွဲ့ဝင်များက  ဧည့်စာရင်း စစ်ဆေးမှုများ  ဆောင်ရွက်နေစဉ်  ကျောက်တွင်း ရပ်ကွက် အောင်ဇေယျလမ်းနေ ဟိန်းရာဇာဟိန်း (၃၆)နှစ် (ဘ) ဦးခင်အိုင်၏  နေအိမ်သို့  ဝင်ရောက် စစ်ဆေးခဲ့ရာ   ၎င်းအား   နေအိမ်တွင်  မတွေ့ရှိရဘဲ အဆိုပါနေအိမ်အတွင်းမှ အရှည် သုံးလက်မခန့်ရှိ လက်လုပ်သေနတ် တစ်လက်၊ အကြမ်းဖက်တိုက်ခိုက် ရာတွင်   အသုံးပြုသည့်  ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ထို့အတူ ဇွန် ၂၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး     စမ်းချောင်းမြို့နယ် ကျွန်းတော(မြောက်)ရပ်ကွက် ပြည်လမ်း အမှတ် (၃၁၃-စီ) ၄ လွှာ ထက်အောင်ရှိန် (ခ)ဇာဏီထွန်း (၂၉)နှစ်၏   နေအိမ်ကို  သတင်းအရ  လုံခြုံရေး တပ်ဖွဲ့ဝင်များက   ဝင်ရောက်စစ်ဆေးခဲ့ရာ  CCI STANDARD VELOCITY 22LR တံဆိပ်ပါ အပြာရောင် စက္ကူဘူးဖြင့် ထည့်ထားသော ပွိုင့် ၂၂ ကျည်ဆန် အတောင့်    ၅၀   ပါ   လေးဘူး၊     သံဘောစေ့    ၄၅၀   နှင့်အတူ    တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


အရေးယူဆောင်ရွက်သွားမည်


အထက်ပါဖြစ်စဉ်များမှ   အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိ သူအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။


သတင်းစဉ်