
နတ်မောက် မေ ၂၅
နိုင်ငံတော်၏ဆီဖူလုံမှုကို အထောက်အကူဖြစ် စေရန်နှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံအထူးဇုန် ဧရိယာများ သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံ အထူးဇုန်(၁) ဧရိယာအတွင်းတွင် ရှိသည့် မကွေးခရိုင် နတ်မောက်မြို့နယ်၌ မိုးဆီထွက်သီးနှံ စုစုပေါင်းစိုက်ဧက ၂၆၀၀၀၀ ခန့် စိုက်ပျိုးရန်လျာထားပြီး မြေပဲ ၄၆၉၅၆ဧက၊ နှမ်း ၁၈၃၀၃၄ဧက၊ နေကြာ ၂၉၈၃၅ ဧက စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆီထွက်သီးနှံ အထူးဇုန်(၁) ဧရိယာအတွင်း တွင်ရှိသည့် နတ်မောက်မြို့နယ်၌ မိုးမြေပဲ အထူးဇုန် ၄၆၉၅၆ဧကတွင် ၂၅၆၉၅ ဧက၊ နှမ်း အထူးဇုန်လျာထား ၁၀၉၃၀၁ ဧကတွင် ၈၀၂၅၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ အထူးဇုန် ဧရိယာများတွင် တစ်ဧကမျှော်မှန်းအထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်၊ အထွက် နှုန်းကောင်းမျိုးများသုံးစွဲရေး၊ မြေယာပြုပြင်မှု နည်းစနစ်များမှန်ကန်ရေး၊ မျိုးစေ့နှုန်းထားနှင့် မြေဩဇာအချိန်ကိုက် အချိုးကျသုံးစွဲနိုင်ရေး၊ စိုက်စနစ်မှန်ကန်ရေး၊ အပင်ဦးရေပြည့်မီရေး တို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း များက တောင်သူပညာပေးဆွေးနွေးပွဲများ၊ ကျေးရွာအုပ်စုအလိုက် ရာသီချိန်အမီ စိုက်ကွင်း အတွင်း လက်တွေ့ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှသိရသည်။
တောင်သူများအနေဖြင့် နှမ်းသီးနှံစိုက်ပျိုး သည့်နေရာတွင် စိုက်ထယ်ရေးပြင်ချိန် သဘာဝ မြေဩဇာ လှည်း ငါးစီးမှ ၁၀ စီး၊ ယူရီးယား ၅၆ ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက် ၂၈ ပေါင် နှုန်း၊ မြေပဲသီးနှံတွင် သဘာဝမြေဩဇာလှည်း ငါးစီးမှ ၁၀ စီး၊ ယူရီးယား ၂၈ ပေါင်၊ တီစူပါ ၈၄ ပေါင်၊ ပိုတက် ၂၈ပေါင်နှင့် ကျောက်မှုန့် ၅၆ ပေါင်နှုန်း ထည့်သွင်းစိုက်ပျိုးသွားနိုင်ရေး၊ စိုက်ထယ်ရေးပြင်ချိန်တွင် နေကြာသီးနှံ အထွက်နှုန်းတိုးတက်စေရန်အတွက် သဘာဝ မြေဩဇာလှည်းငါးစီးမှ ၁၀ စီး၊ ယူရီးယား ၁၁၂ ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက် ၅၆ ပေါင် ထည့်သွင်းနိုင်ရေးနှင့် အပင်ဦးရေပြည့်မီအောင် စိုက်စနစ်မှန်ကန်စွာစိုက်ပျိုးနိုင်ရေး စိုက်ပျိုး ရေးဝန်ထမ်းများက အသိပညာပေးလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သိမ့်သိမ့်မိုး