
ယဉ်လာဒ်၊ ဓာတ်ပုံ-သူရဦး
ကရင်ပြည်နယ်နဲ့ ဇွဲကပင်တောင်ဆိုတာ ခွဲခြားမရသလို မိုးရာသီနဲ့ ဘားအံမြို့ကလည်း ခွဲခြားလို့ မရနိုင် ပါဘူး။ အခုဆိုရင် မုတ်သုံရာသီ ဝင်ရောက်လာခဲ့ပါပြီ။ ဒီလို မုတ်သုံရာသီကာလဆိုရင် ရေခိုးရေငွေ့တွေ ဖုံးလွှမ်းနေတဲ့ သဘာဝအလှတရားတွေကို မြင်တွေ့ရစေနိုင်တဲ့ ထုံးကျောက်တောင်တန်းတွေကို ဘားအံမြို့မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မိုးရာသီကိုရောက်ပြီဆိုရင် သွားရောက်လည်ပတ်ဖို့သင့်တော်တဲ့ မြို့တွေထဲမှာ ဘားအံမြို့လည်း ပါဝင်ပါတယ်။
‘‘မိုးရာသီကာလဟာ ဘားအံမြို့နယ်ထဲက စိမ်းစိုနေတဲ့စပါးခင်းတွေနဲ့ စိမ်းလဲ့နေတဲ့ရေတွေကို မြင်တွေ့နိုင်တဲ့ရာသီပါ။ ၁၀ လပိုင်းလောက်အထိ ဘားအံမြို့ရဲ့မိုးရာသီက လှပပါတယ်’’လို့ ဘားအံ ဒေသခံတစ်ဦးက စာရေးသူကို ပြောပါတယ်။
ဘားအံမြို့ရဲ့ပတ်ဝန်းကျင်မှာ တောတောင်တွေ က စိမ်းစိုပြီး မြစ်ချောင်းအင်းအိုင်တွေ များစွာရှိပါ တယ်။ ခရီးသွားတွေနည်းပါးတဲ့ မိုးရာသီကာလ(Low season) ကို Green Season အဖြစ် ပြောင်းလဲဖို့ ကြိုးစားလာခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ Low season ကနေ Green season ဖြစ်လာတဲ့ ခရီးသွား ဒေသတွေထဲမှာ ဘားအံမြို့နဲ့ ပုဂံမြို့တို့ ပါဝင်နေ ပါတယ်။
ဘားအံမြို့ရဲ့
လည်ပတ်စရာနေရာတွေ
ဘားအံမြို့မှာ လည်ပတ်စရာနေရာတွေက များလှပါတယ်။ ဒီအထဲကမှ ခရီးသွားတွေ အများဆုံး သွားရောက်လည်ပတ်တဲ့နေရာတွေက ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ သဘာဝရေလိုဏ်ဂူ၊ လင်းနို့ဂူ၊ ထမင်းဆုပ် တောင်၊ ကျောက်ကလပ်၊ လုမ္ဗိနီဥယျာဉ်၊ ဇွဲကပင် တောင်၊ ကျိုက်ကဝိရွာ၊ ဆဒ္ဒန်ဂူ၊ ဆင်ဟိုင်းဂူ၊ ကော့ကသောင်ဂူ၊ ပတ္တမြားဂူ၊ တလာဂုဏ်ရွာ (Trek-king)၊ နောင်ပလိန်ဂူ၊ တောင်ဝိုင်းတောင်၊ ဖားပု တောင်၊ ရဲသာတောင်၊ မိဇံတောင်၊ ကော့ကသောင် တောင်၊ ရဲသာရွာ Biking၊ မိကရင် Biking၊ ကျုံထော် ရေတံခွန်၊ ကွီးကျယ်စမ်းချောင်း၊ ပရေကြေတို ရေတံခွန်၊ ထီးဖာဒိုရေတံခွန်၊ တားဂရားရေတံခွန်၊ ထိလောင်စူးရေတံခွန်၊ မုလအိတောင် ၊ လွန်းညရေပြာ ကန်၊ ဣစ္ဆာသယလိုဏ်ဂူ၊ ဝဲပျံဂူ၊ ဓာတ်ကျိုက်ဂူ၊ ပဒုံဂူ၊ စပါးဂူ၊ သာယာရွှေဂူ၊ ရွှေယဉ်မျှော်ပြည်တော်အေး စေတီ၊ ကရင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်၊ ကန်သာယာတံတား၊ ညစျေးတန်း၊ ကြာအင်းတောင်၊ ထွန့်ပတိုင်ရေကန်၊ သရဲဂူ၊ အာလဝံဂူ၊ လွန်းညဂူ၊ ပသီချောင်း၊ နော်ဘူဘောတောင်၊ ရွှေကြာပွင့်ဂူ၊ တောနော်ရေတံခွန်၊ ဘုရင်ညီဂူတို့ကတော့ ပြည်တွင်း ခရီးသွားတွေ အများဆုံး သွားရောက်လည်ပတ်ကြတဲ့ နေရာတွေ ဖြစ်ကြပါတယ်။
ကန်သာယာကန်၊ ကျောက်ကလပ်ဘုရား၊ ကော့ခမိတ်တံတား၊ ကော့ကသောင်တောင်ပေါ်၊ ဇွဲကပင်တောင်ပေါ်၊ ရသေ့ပျံဂူအပေါက်ဝ၊ ကြာအင်း တောင်ပေါ်၊ ထမင်းဆုပ်တောင်၊ ဖားပုတောင်ပေါ်၊ ကော့ဂွန်းတောင်ပေါ်၊ တောင်ဝိုင်းတောင်တို့ကတော့ ဘားအံမြို့ရဲ့ နေထွက်ချိန်ရှုခင်းအလှကို ကြည့်နိုင်တဲ့ နေရာတွေလည်း ဖြစ်ပါတယ်။
နေဝင်ဆည်းဆာချိန် ရှုခင်းအလှကို ကြည့်နိုင်တဲ့ နေရာတွေကတော့ ကျောက်ကလပ်ဘုရား၊ ရသေ့ပျံဂူ၊ ရွှေယဉ်မျှော်ပြည်တော်အေးစေတီ၊ ထမင်းဆုပ် တောင်၊ ကြာအင်းတောင်၊ ဇွဲကပင်တောင် (Tourists များ တောင်ပေါ်အိပ်ခွင့်မရပါ)၊ ဘားအံကမ်းနားလမ်း နဲ့တောင်ဝိုင်းတောင်တို့ ဖြစ်ပါတယ်။
ကျေးလက်သဘာဝဆန်ဆန် အစိမ်းရောင်ရှုခင်းတွေနဲ့ ဆွဲဆောင်မှုရှိ
အထူးသဖြင့် ကျေးလက်သဘာဝဆန်ဆန် အစိမ်းရောင်ရှုခင်းတွေနဲ့ ဆွဲဆောင်မှုရှိနေတဲ့ ဘားအံ မြို့ပေါ်က ကော့မရမ်းရွာဆိုရင် ခရီးသွားတွေကြားမှာ ဓာတ်ပုံရိုက်ကူးဖို့ အကောင်းဆုံးနေရာလို့ ပြောစမှတ် ပြုကြရပါတယ်။ ဒါ့အပြင် ကျောက်စိမ်းရောင် တလက်လက်တောက်ပနေတဲ့ ထွန့်ပတိုင်ရေကန် ဆီကိုလည်း ပြည်တွင်းခရီးသွားဧည့်သည်တွေ အများအပြား လာရောက်လည်ပတ်နေကြပါတယ်။
ဘားအံမြို့ကို ရန်ကုန်ကနေ နေ့ချင်းပြန် သွားရောက်လည်ပတ်နိုင်တာမို့ လက်ရှိအချိန်မှာ ပြည်တွင်းခရီးသွားတွေ အများဆုံးသွားရောက် လည်ပတ်ကြတဲ့ မြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။ ဘားအံမြို့ဟာ တောင်တန်းခုံးခုံးလေးတွေ တောင်ချင်း သွယ်ယှက်ပြီးတည်ရှိနေတဲ့ တောင်တွေများစွာရှိတဲ့ မြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။
ခရီးသွားရတနာသိုက်ကြီး
ဘားအံမြို့ကို တောင်တွေရဲ့မြို့တော်လို့ တင်စား ကြသလို ဂူပေါင်းများစွာရှိတာမို့ ဂူတွေရဲ့ မြို့တော် လို့လည်း တင်စားကြပါတယ်။ ဘားအံမြို့ကို တောင် ကိုးလုံးက ဝန်းရံထားတာမို့ တောင်ကိုးလုံးရဲ့ မြို့တော် လို့လည်း ခေါ်တွင်နိုင်ပါတယ်။ အမည်နာမပေါင်း များစွာ တင်စားခံရတဲ့ ဘားအံမြို့ဟာ ခရီးသွား ရတနာသိုက်ကြီးဖြစ်နေတယ်လို့တောင် ဆိုနိုင်ပါ တယ်။
ဒါကြောင့် စိတ်ဝင်စားစရာ လည်ပတ်လေ့လာ စရာနေရာတွေ များပြားလှတဲ့ ခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး ယခုလို မိုးရာသီကာလမှာလည်း ခရီးသွား လည်ပတ်ဖို့အတွက် ကောင်းမွန်သင့်တော်တဲ့ ရန်ကုန် မြို့နဲ့အလှမ်းမဝေးလှတဲ့ ဘားအံမြို့တော်ကို သွားရောက်လည်ပတ်ပြီး မိုးရာသီရဲ့ရသကို အပြည့် အဝ ခံစားရစေနိုင်ဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန် အနေနဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။ ။