
ရန်ကုန် မေ ၂၉
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း/ အသစ် လျှောက်ထားခြင်း၊ C of I လျှောက်ထားခြင်း ကိစ္စများနှင့် ပတ်သက်၍ Facebook နှင့် Tik Tok များ အသုံးပြုကာ လိမ်လည်သူများ ရှိနေ ကြောင်းကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက အသိပေးထားပြီး လိမ်လည်သူများကို အရေးယူမည်ဖြစ်ကြောင်းလည်း သံရုံးက ဆိုထားသည်။
ကွာလာလမ်ပူမြို့ မြန်မာသံရုံးသည် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံကူး လက်မှတ် ကိစ္စရပ်များ၊ C of I ထုတ်ပေးသည့် ကိစ္စနှင့် ထောက်ခံစာများ ထုတ်ပေးသည့် ကိစ္စတို့ကို ညွှန်ကြားချက်များနှင့်အညီ www.mekl.org တွင် ရက်ချိန်းရယူထားပြီးသူများ အား နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း/ အသစ်လျှောက်ထားခြင်းနှင့် C of I လျှောက် ထားခြင်းကိစ္စများနှင့်ပတ်သက်၍ အခြေအနေ မှန်ကို မသိနားမလည်သည့် မြန်မာနိုင်ငံသား များကို လိမ်လည်လှည့်ဖြားလိုသူများက Facebook နှင့် Tik Tok များ အသုံးပြု၍ သတင်းအမှား၊ မမှန်ကန်သည့် ရေးသား/ပြောကြားချက်များ ဖြန့်ဝေနေသည်ကို တွေ့ရှိ ရကြောင်း သံရုံးက ဆိုထားကာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာအချို့၏ ပုံများကို ထုတ်ပြန်ထားသည်။ အဆိုပါ လူမှုကွန်ရက် စာမျက်နှာများသည် မြန်မာသံရုံးနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်းနှင့် မြန်မာနိုင်ငံသား များအား လိမ်လည်လှည့်ဖြားနေသူများကို မြန်မာသံရုံးမှ ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာသံရုံးမှ ကောင်စစ်ဝန်ဆောင်မှု ကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပေးစာ များ၊ နိုင်ငံကူးလက်မှတ်အသစ်လျှောက် ခွင့်ပြု ချက်ကျသူများစာရင်းနှင့် C of I ကိစ္စရပ်များကို မြန်မာနိုင်ငံသားများ သိရှိစေရန် သံရုံး၏ Facebook Page “Myanmar Embassy in Kuala Lumpur, Malaysia” နှင့် Website: https://myanmarembassykl.org များတွင် ဖော်ပြပေးလျက်ရှိကြောင်း သိရသည်။
မလေးရှားအစိုးရက နိုင်ငံအတွင်း တရား မဝင်ရောက်ရှိနေသည့် နိုင်ငံခြားသားများ ပပျောက်စေရေး ရည်ရွယ်လျက် စီမံချက်များ ချမှတ်ပြီး Operasi စစ်ဆေးမှုများကို နိုင်ငံ တစ်ဝန်း အရှိန်မြှင့်လုပ်ဆောင်နေသဖြင့် မလေးရှားနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင် နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ယခုကာလအတွင်း အသွားအလာများ ဂရုပြု ကြရန်နှင့် မဖြစ်မနေ ခရီးသွားလာရပါက နိုင်ငံကူးလက်မှတ်နှင့် လိုအပ်သည့် စာရွက် စာတမ်းများကိုလည်း Operasi စစ်ဆေးမှုများ ရှိသည့်အခါတွင် တင်ပြနိုင်ရန်အတွက် ကိုယ်နှင့် မကွာ ဆောင်ထားကြရန်လည်း သံရုံးက အသိပေးထားသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ် ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက မြန်မာသံရုံး၏ WhatsApp no: +601125105774 သို့ စာဖြင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်းလည်း အသိပေးသည်။
MT