
နေပြည်တော် မေ ၃၀
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍ သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက် မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိ ကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန် သွင်းကုန်ဥပဒေ နှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မေ ၃၀ ရက်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၏ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သော သတင်း လွှာ ( ၃/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည်။
အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်း ခွင့်ပြုထားသည့် ကုန်ပစ္စည်းများမှအပ ကျန်ပြည်ပ မှတင်သွင်းသော ကုန်ပစ္စည်းများကို ခွင့်ပြုချက် မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်း ရောက်ရှိခြင်းမပြုလုပ်ရန်နှင့် ခွင့်ပြုချက်မရရှိဘဲ ရောက်ရှိပါက အဆိုပါတင်သွင်းသော ကုမ္ပဏီများ ကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၈ ရက် တွင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၀) ဖြင့် ထုတ်ပြန်ထားသော်လည်း သတ်မှတ်စည်းကမ်း များကို လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ ခွင့်ပြုချက် မရရှိသေးသော ကုန်ပစ္စည်းများကို ကြိုတင် တင်သွင်းဆောင်ရွက် လျက်ရှိသည်။
ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍတို့အတွက် လိုအပ်သော အရေးကြီးကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီး ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက် ခွန် ကုန်လှောင်ရုံများတွင် ထည့်သွင်းခွင့်ပြုထား ပြီးဖြစ်သည်။
သို့ဖြစ်ပါ၍ ထုတ်ပြန်ထားသော ဥပဒေနှင့် စည်းကမ်းများကို အလေးအနက်ထား လိုက်နာ စေရန်ရည်ရွယ်၍ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြု ချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့် လေဆိပ်များသို့ တင်သွင်းရောက်ရှိ မှုမရှိစေရေးအတွက် နှိုးဆော်အသိပေးကြေညာ ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်