ပြည်ပဝယ်လိုအားကြောင့် မန္တလေးစျေးကွက်သို့ ဝင်ရောက်လာသည့် နွေပဲတီစိမ်း(အညာရွှေဝါ)များ အရောင်းအဝယ်ကောင်းနေ

မန္တလေး  မေ  ၃၁ 
ယခုရက်ပိုင်း မန္တလေးပဲဈေးကွက်အတွင်းသို့ နယ်စုံဒေသမှ ရေသွင်းစိုက်ပျိုးပြီး ပေါ်ဦးပေါ်ဖျားဝင်ရောက်လာသည့် နွေပဲတီစိမ်း (အညာရွှေဝါ)များကို ပြည်ပနိုင်ငံမှဝယ်လိုအားကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးပဲကုန်သည် များထံမှ သိရသည်။      
အဆိုပါ ပဲတီစိမ်း(အညာရွှေဝါ)များသည် နွေသီးနှံအဖြစ် မတ္တရာ၊ စဉ့်ကူး၊ ရေစကြို၊ မြောင် စသည့်နယ်ဒေသများမှ ဝင်ရောက်လာကြောင်း၊ ယခုနှစ်ထွက်ရှိလာသည့် ပဲတီစိမ်းများမှာလည်း ရာသီဥတုကောင်းမွန် မှုကြောင့် ရောင်းတန်းဝင်အဖြစ် အရည်အသွေးကောင်းမွန်ပြီး အလုံးအဖန် လည်း ပိုမိုကောင်းမွန်လာကာ  ဈေးကောင်းရရှိနေသည်ကို တွေ့ရှိရ ကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။
“နွေပဲတီစိမ်း(အညာရွှေဝါ)တွေက နယ်စုံကနေ အရေအတွက် များများ ဝင်ရောက်နေပါတယ်။ ခုရက်ပိုင်းမှာ ပေါ်ဦးပေါ်ဖျားပဲတီစိမ်း (အညာရွှေဝါ)တွေ ဈေးကောင်းရပြီး အရောင်းအဝယ်တွေ ကောင်းနေ တယ်။ နွေသီးနှံအဖြစ်  ဒီနှစ်မှာ  အထွက်နှုန်းလည်း လျော့ကျမသွားဘဲ ပုံမှန်အတိုင်းထွက်ရှိလာပါတယ်။ မကြာခင်ကာလမှာလည်း နေပြည် တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ် စတဲ့ဒေသတွေကနေ ပဲတီစိမ်း တွေ ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ ပဲတီစိမ်းက မန္တလေးဈေးကွက် က အဓိကကျပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့  တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကို   နှစ်စဉ်တင်ပို့နေရပါတယ် ”ဟု ၎င်းက‌ ဆက်ပြောသည်။ 
ပဲတီစိမ်းသီးနှံကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စပါးကဲ့သို့ ရာသီမရွေးစိုက်ပျိုးကြပြီး ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင်မူ ပဲတီစိမ်းကို ဆောင်းသီးနှံအဖြစ်သာ စိုက်ပျိုးကြ ကြောင်း သိရသည်။                        မင်းထက်အောင်(မန်းကိုယ်ပွား)