
နေပြည်တော် ဇွန် ၅
၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများ၊ အသင်း အဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး အောင်လင်းဒွေးက အမှာစကား ပြောကြားရာတွင် ကမ္ဘာတစ်ဝန်း ကြုံတွေ့ နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ များကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းဆောင်ရွက်ကြ ရန် ၁၉၇၂ ခုနှစ်တွင် ကုလသမဂ္ဂလူသား နှင့်ပတ်ဝန်းကျင် ညီလာခံကို ကျင်းပခဲ့ သည့် ဇွန် (၅) ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ် ခဲ့ကြောင်း။
ယခုနှစ်ဆောင်ပုဒ်ကို “သဲကန္တာရ တိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံ နိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဟု သတ်မှတ်ထားပါကြောင်း၊ သဲကန္တာရ ဖြစ်ထွန်းလာနိုင်ခြင်း၏ ရှေ့ပြေးလက္ခဏာ များအနေဖြင့် အလွန်အမင်း ခြောက်သွေ့ ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ခြင်း နှင့် ဆူးပင်များ ပေါက်လာခြင်းတို့ဖြစ် ကြောင်း၊ ထို့ကြောင့် လူဦးရေသန်းပေါင်း များစွာ၏ အသက်မွေးဝမ်းကျောင်းနှင့် စားရေရိက္ခာများ ပြည့်ဝဖူလုံစေရန်နှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးတို့ အတွက် မြေယာပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်ရန် ယခုနှစ် အထိမ်းအမှတ် ဆောင်ပုဒ်ဖြင့် သတိပေးတိုက်တွန်း နှိုးဆော်ထားခြင်းဖြစ်ကြောင်း။
စံချိန်သစ်တင်ခဲ့
မိမိတို့နိုင်ငံအနေဖြင့်လည်း ကမ္ဘာနှင့် တစ်ဝန်း ရာသီဥတုပြောင်းလဲမှုနှင့်အတူ အပူချိန် မြင့်မားလွန်းခြင်း၊ ပူပြင်း ခြောက်သွေ့ခြင်း၊ မိုးများခြင်းနှင့် မိုးခေါင် ခြင်း စသည့် အစွန်းရောက်မိုးလေဝသ ဖြစ်စဉ်ဆိုးကျိုးများကို ရင်ဆိုင်တွေ့ကြုံ နေရကြောင်း၊ ယခုနှစ် ဧပြီ ၂၈ ရက်က မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံး အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ်သည် လွန်ခဲ့သည့် ၅၆ နှစ်က ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန် စံချိန်ဟောင်း ၄၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်ပြီး စံချိန်သစ်တင်ခဲ့ကြောင်း၊ အပူချိန် မြင့်တက်လာခြင်းနှင့်အတူ မြစ်၊ ချောင်း၊ အင်း၊ အိုင်များနှင့် ရေတွင်းရေကန်များတွင် ရေများလျော့နည်းလာခြင်း၊ ခန်းခြောက် သွားခြင်း၊ သောက်ရေသုံးရေရှားပါးခြင်း၊ ပူပြင်းခြောက်သွေ့မှုကြောင့် မီးလောင် ကျွမ်းမှုများ ဖြစ်ပွားခြင်း၊ စိုက်ပျိုးသီးနှံများ ပျက်စီးခြင်းနှင့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ၊ ကိုယ်ခံအားနည်းသူ များတွင် အသက်အန္တရာယ် ထိခိုက်သည် အထိ ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပေါ်စေခြင်း စသည့်အကျိုးဆက်များ ကို ခံစားနေကြရပါကြောင်း။
အရှိန်အဟုန်ဖြင့်စီမံဆောင်ရွက်
ရာသီဥတုပြောင်းလဲမှုကြောင့် သစ်ပင် သစ်တောများ နည်းပါးလာခြင်း၊ အပူချိန် လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မြေဆီလွှာ ပျက်စီးပြီး သဲကန္တာရဖြစ်ထွန်းနိုင်မည့် အခြေအနေများကို တွေ့မြင်လာရ ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂသဲကန္တာရ ဖြစ်ထွန်းမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းကို ၁၉၉၇ ခုနှစ် တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ကွန်ဗင်းရှင်း၏ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်ပါ ကတိကဝတ် များကို စီမံချက်များရေးဆွဲ အကောင် အထည်ဖော်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် သစ်တောစိုက်ခင်းများ တည်ထောင် စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ ပြုစု ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းနှင့်စပ်လျဉ်းပြီး စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ပါဝင် သည့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ်ပေါင်း ၅၃ မြို့နယ်တို့တွင် ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ သစ်တောစိုက်ခင်းဧက လေးသိန်းကျော် စိုက်ပျိုးတည်ထောင်ခြင်း၊ သဘာဝတော ဧက ၂ ဒသမ ၂၅ သန်းကို ကာကွယ် ထိန်းသိမ်းခြင်း၊ ထင်းအစား အခြား လောင်စာတိုးမြှင့်အသုံးချရေးနှင့် ရေရရှိ ရေးတို့ကို အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း။
ခရိုင် ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် သက်တမ်း ၂ နှစ်အထက် ပျိုးသက်ရင့်ပျိုးပင်များနှင့် ရွာတစ်ရွာ ၂ ဧက စိုက်ပျိုးနိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားရန် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ်
၂၀၂၄ ခုနှစ် မိုးရာသီတွင် စိုက်ခင်းမျိုးစုံ နှင့် တစ်ရွာ ၂ ဧက ကျေးရွာ ထင်းစိုက်ခင်း အပါအဝင် အပင်ပေါင်း ၂ သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး ကျေးရွာပေါင်း ၈၀၉ ရွာကို အကျိုးပြုစေမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် သစ်တောစိုက်ခင်း မျိုးစုံအပါအဝင် သစ်ပင်ပေါင်း ၂၂ သန်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။
ထို့ပြင် ၂၀၃၀ ပြည့်နှစ်တွင် ကြိုးဝိုင်း ကြိုးပြင်ကာကွယ်တောကို နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေကို နိုင်ငံ့ဧရိယာ၏ ၁၀ ရာခိုင်နှုန်း သတ်မှတ်ဖွဲ့စည်းရန် လျာထားဆောင်ရွက် လျက်ရှိရာ ၂၀၂၄ ခုနှစ် ဧပြီလအထိ သစ်တောနယ်မြေ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော ၁၃၀၄ ခု၊ နိုင်ငံ့ဧရိယာ၏ ၂၅ ဒသမ ၈၈ ရာခိုင်နှုန်းနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေ ၅၉ ခု၊ နိုင်ငံ့ ဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်း ဖွဲ့စည်း ထားရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေး သည့် ကာလ ၆ နှစ်ကျော်ခန့်အတွင်းတွင် လျာထားရည်မှန်းချက် ပြည့်မီအောင် ကာကွယ်ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုး ပြုပြင်ခြင်းများကို ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
လေးစားလိုက်နာဆောင်ရွက်
သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး နှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေးအတွက် မြေယာပြုပြင်ထိန်းသိမ်းမှုများ ဆောင် ရွက်ကြရာတွင် သစ်တောများ ထိန်းသိမ်း တည်ထောင်ခြင်း၊ အပူဒဏ်ခံနိုင်သည့် အပင်များနှင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း၊ ရေချိုသယံဇာတများ ထိန်းသိမ်းခြင်းနှင့် ဓာတ်မြေသြဇာအစား သဘာဝမြေသြဇာများ ပိုမိုအသုံးပြုခြင်း စသည်များဖြင့် ပြုပြင်ထိန်းသိမ်းသွားရ မည်ဖြစ်ကြောင်း၊ ထို့ပြင် အမှိုက်များ စနစ် တကျစွန့်ပစ်ခြင်း၊ ဆွေးမြည့်ရန်မလွယ်ကူ သည့် ပလတ်စတစ်နှင့် ကြွပ်ကြွပ်အိတ် များကို လျှော့၍သုံးစွဲခြင်း၊ ပြန်သုံးခြင်း၊ ပြန်လည်ပြုပြင်သုံးစွဲခြင်း စသည့် 3R စနစ်များကို အလေးထားဆောင်ရွက်ကြ ရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒနှင့် ဥပဒေများကို မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးက လေးစားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
စည်းလုံးညီညွတ်စွာဖြင့်ပူးပေါင်းပါဝင်
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဖြစ်သည့် “သဲကန္တာရ တိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ် ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စိမ်းလန်း စိုပြည်သည့်၊ ရာသီဥတုကောင်းမွန်မျှတ သည့်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာစေရန် သဲကန္တာရ ဖြစ်လာနိုင်ခြင်းမှ ကာကွယ်ရေးနှင့် မိုးခေါင်ရေရှားဒဏ် လျော့နည်းရေးတို့ အတွက် အားလုံးတက်ညီလက်ညီ စည်းလုံး ညီညွတ်စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်း ပြော ကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် (UNEP) အမှု ဆောင်ညွှန်ကြားရေးမှူးတို့၏ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ သဝဏ်လွှာ ဗီဒီယိုများကို ပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အတွင်းရေးမှူးက ၂၀၂၄ ခုနှစ်အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့ဆုရရှိသည့် ရှမ်းပြည် နယ် ကလောမြို့၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော ကျေးရွာဆုရရှိသည့် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သံဘို ရွာသစ်ကျေးရွာ၊ ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှု ကောင်းမွန်သော စက်ရုံဆုရရှိ သည့် မန္တလေးတိုင်းဒေသကြီး သာစည် မြို့နယ် Shwe Taung Cement Co,Ltd (အပါချီ ဘိလပ်မြေစက်ရုံ) တို့မှ တာဝန်ရှိ များကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်သည်။
ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်
ဆက်လက်၍ ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက ၂၀၂၄ ခုနှစ်အတွက် အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်း စိုပြည်သော အကောင်းဆုံး အထက်တန်း ကျောင်းဆုနှင့် အကောင်းဆုံး မူလတန်း ကျောင်းဆု ရရှိကြသည့် ကျောင်းတို့မှ တာဝန်ရှိသူများကို လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်/ကောလိပ် အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုကို ပြသသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးသည် အခမ်း အနားသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်း များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်