ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် စင်ကာပူသမ္မတနိုင်ငံ တရားလွှတ်တော်ချုပ်တို့အကြားငွေကြေးဆိုင်ရာစီရင်ချက်များ အတည်ပြုရန် လမ်းညွှန်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Image not available
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် စင်ကာပူသမ္မတနိုင်ငံ တရားလွှတ်တော်ချုပ်တို့အကြားငွေကြေးဆိုင်ရာစီရင်ချက်များ အတည်ပြုရန် လမ်းညွှန်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
=======================================================
 
နေပြည်တော် ဖေဖော်ဝါရီ ၁၀
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် စင်ကာပူသမ္မတနိုင်ငံ တရားလွှတ်တော်ချုပ်တို့အကြား “ငွေကြေးဆိုင်ရာ စီရင်ချက်များ အတည်ပြုရန် လမ်းညွှန်မှုစာချွန်လွှာ” လက်မှတ်ရေးထိုးပွဲ အခမ်း အနားကို ယနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် စုဝေးခန်းမ၌ ကျင်းပသည်။
 
အခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက လမ်းညွှန်မှုစာချွန်လွှာသည် ဥပဒေအရစည်းနှောင်မှုအားမရှိဟု ဆိုနိုင်သော် လည်း နှစ်နိုင်ငံ တရားစီရင်ရေးကဏ္ဍများအကြား စီရင်ချက်များ အပြန်အလှန် အတည်ပြုဆောင်ရွက်ရန် သဘောတူစာချုပ်များ (သို့မဟုတ်) အခြားအစီအမံများ မရှိသည့်အခြေအနေတွင် အရေးပါသည့် ခြေလှမ်းတစ်ရပ်အဖြစ် အသိအမှတ်ပြုရ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် တရားမကျင့်ထုံးဥပဒေ တွင် နိုင်ငံခြားစီရင်ချက်များကို မြန်မာနိုင်ငံအတွင်း အတည်ပြုနိုင်သည့် နည်းလမ်းများကို ပြဋ္ဌာန်းထားကြောင်း၊ ဤလမ်းညွှန်မှုစာချွန်လွှာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့ အပြန်အလှန် ဆောင်ရွက်ပေးသည့် စည်းမျဉ်းအရ တစ်နိုင်ငံ၏ စီရင်ချက်ကို အခြားတစ်နိုင်ငံ က အတည်ပြုပေးနိုင်သော အခြေအနေများနှင့် ဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းများကို ဖော်ပြထားကြောင်း၊ စာချွန်လွှာကို လက်မှတ်ရေးထိုးပြီးနောက် တွင် စာချွန်လွှာပါ လုပ်ငန်းရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လက်တွေ့ကျသည့် ဆွေးနွေးဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း ပြောကြားသည်။
 
ထို့နောက် စင်ကာပူသမ္မတနိုင်ငံ တရားသူကြီးချုပ် The Hon. Sundaresh Menon က အမှာစကားပြောကြားပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် စင်ကာပူသမ္မတနိုင်ငံ တရားသူကြီးချုပ် The Hon. Sundaresh Menon တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် စင်ကာပူသမ္မတနိုင်ငံ တရားလွှတ်တော်ချုပ်တို့ အကြား “ငွေကြေးဆိုင်ရာစီရင်ချက်များ အတည်ပြုရန် လမ်းညွှန်မှုစာချွန်လွှာ” ကို လက်မှတ်ရေးထိုးလဲလှယ်ကြသည်။
 
လက်ရှိတွင် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများ အများအပြားတွေ့ရှိရပြီး အနာဂတ်တွင်လည်း နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။ ဤ လမ်းညွှန်မှုစာချွန်လွှာသည် ငွေကြေးဆိုင်ရာ စီရင်ချက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် နိုင်ငံခြားစီရင်ချက်ကို အတည်ပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို သဘောတူ သတ်မှတ်ထား သည့်အတွက် နှစ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးများကို တရား စီရင်ရေးကဏ္ဍမှ ဖြည့်ဆည်းပေးခြင်းပင်ဖြစ်ပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင် များအတွက်လည်း ပိုမိုကောင်းမွန်သည့် စီးပွားရေးဆိုင်ရာအခွင့်အလမ်းများ ပေါ်ပေါက်လာစေနိုင်မည်ဖြစ်သည်။
 
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ လွှတ်တော်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ စင်ကာပူသမ္မတနိုင်ငံ တရား လွှတ်တော်ချုပ်မှ တရားသူကြီးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် သံရုံးမှတာဝန်ရှိသူများ၊ အပြည်ပြည် ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက် ကြသည်။
သတင်းစဉ်