ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲကြမည့် အားကစားမောင်မယ်များနှင့် ဒိုင်/ဂျူရီများ သိရှိလိုက်နာသင့်သည့် အားကစားစိတ်ဓာတ်နှင့် Fair Play အကြောင်း တစေ့တစောင်း

Type

 

ကိုဌေး (ကနောင်)

(ယမန်နေ့မှ အဆက်)
“အားကစားသမား”ဟု   ဆိုရာတွင်    လေ့ကျင့်မှု ပြည့်ဝသည့်    အားကစားသမားတစ်ဦးသည်   မိမိ ကစားမည့်အားကစားနည်းကို  ယှဉ်ပြိုင်နိုင်သည် အထိ လေ့ကျင့်ထားရန် လိုအပ်ပါသည်။ အချိန်ပြည့် ယှဉ်ပြိုင်ကစားနိုင်ရန်လည်း အရေးကြီးပေသည်။ မိမိပါဝင်ယှဉ်ပြိုင်ကစားမည့် အားကစားနည်း၏ စည်းမျဉ်း၊ စည်းကမ်းဥပဒေများကိုလည်း    သိရှိ အောင် လေ့လာထားရန် လိုအပ်သည်။ လေ့ကျင့်မှု မပြည့်ဝသော    အားကစားသမားတစ်ဦးသည် မောပန်းလာသည့်အခါ မိမိ၏ နဂိုရှိသည့် အားကစား ဆောင်ရွက်မှုများ လျော့နည်းလာပြီး မလိုလားအပ် သော ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။  
အကယ်၍ အားကစားစိတ်ဓာတ်ကင်းမဲ့သည့် အားကစားသမားဖြစ်ပါက မိမိထက်ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ ကြံ့ခိုင်မှုကောင်းသော ပြိုင်ဘက်ကစား သမားအား ထိခိုက်စေလိုသောစိတ်ဆန္ဒဖြင့် ပြစ်မှု ကျူးလွန်တတ်ပါသည်။ ဤကဲ့သို့ပြစ်မှုကျူးလွန် သော   အားကစားသမားအား  ဒိုင်လူကြီးများက အပြစ်ပေးပြန်လျှင်လည်း မချေမငံ ဆက်ဆံခြင်းမျိုး များ ဖြစ်လာစေပါသည်။ နောက်ဆက်တွဲပြဿနာ များအနေဖြင့် မိမိကစားသမား၏ ပကတိအခြေ အနေကို နားမလည်နိုင်ဘဲ နိုင်လိုမှုတစ်ခုတည်းကို ဦးတည်လာသော ပရိသတ်များပါဝင်လာပြီး ဆူပူမှု ကို ဖြစ်ပေါ်လာနိုင်ပါသည်။ တစ်ဖန် အားကစားသမား တစ်ဦးသည် မိမိကစားမည့် အားကစားနည်း၏ ဥပဒေကို  သေချာနားလည်သဘောပေါက်အောင် လေ့လာထားရန် လိုအပ်ပါသည်။ (၎င်းဥပဒေနှင့် ပတ်သက်သည့် အချက်အလက်များကို နည်းပြဆရာ များက ရှင်းလင်းသင်ကြားပေးထားသင့်ပါသည်။) 
အားကစားသမားများနှင့် အားကစားစိတ်ဓာတ်
ဆိုလိုသည်မှာ     “အားကစားသမားများနှင့် အားကစားစိတ်ဓာတ်” “Sportsman & Sporting Spirit” ရှိရန်လိုပါသည်။  အားကစားသမားတိုင်း Sporting Spirit အား သိရှိရန်၊ လိုက်နာတတ်ရန် နှင့် လိုက်နာရန် တာဝန်ရှိသည်ဆိုသည့်အသိလည်း ရှိရမည်ဖြစ်ပါသည်။   မိမိ၏  ပြုမူချက်ကြောင့် ဒိုင်လူကြီးက အပြစ်ပေးလျှင် နာခံတတ်ရပေမည်။ မိမိတစ်ဦးကြောင့် မိမိအသင်း ထိခိုက်မှုမရှိစေရန် လိုအပ်ပါသည်။ မိမိသည် ဒိုင်လူကြီးအား လေးစား သကဲ့သို့   ဘောလုံးပွဲ (သို့)   အားကစားပြိုင်ပွဲအား လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်နှင့် မိမိ အသင်း၏       တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း လေးစားရန်လိုအပ်ပါသည်။   မိမိကြောင့်၊  မိမိ၏ အားနည်းချက်ကြောင့်     အပြစ်ပေးခံရခြင်းကို ဖြေဖျောက်ရန် ပရိသတ်နှင့်  ဒိုင်လူကြီးကို  ရန်တိုက် ပေးခြင်းမျိုးမဖြစ်သင့်ပါ။ ကမ္ဘာ့ဖလားနှင့် အိုလံပစ် ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် အာရှ နိုင်ငံများဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ တို့မှ အမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းများ၏ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်မှုအခြေ အနေတို့မှာ   အထူးအတုယူ   အားကျသင့်လှပေ သည်။ 
ပြိုင်ပွဲတိုင်းတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက် ကို   လေးစားလိုက်နာသည့်အကျင့်စရိုက်၊    မိမိ ထက် အဘက်ဘက်ကသာလွန်သည့်အသင်းများကို အားကစားစိတ်ဓာတ်အပြည့်အဝဖြင့်   အားကြိုး မာန်တက်၊ ကျားကုတ်ကျားခဲ ယှဉ်ပြိုင်အနိုင်ယူသွား ကြသည်ကို လေးစားဂုဏ်ယူ  အားကျဖွယ်တွေ့ရ ပါသည်။ မည်သည့်ပြိုင်ပွဲမဆို   ဒိုင်လူကြီး၏ ဆုံးဖြတ် ချက်ကို      အားကစားသမားက   စောဒကတက်၍ ပြုပြင်ပြောင်းလဲပေးသည့်သာဓက   မရှိသည်ကို လည်း အားကစားသမားများ သတိမူသင့်ပါသည်။ အားကစားနည်းအလိုက်   ပြိုင်ပွဲဝင်   အားကစား သမားများအား  အသိပေးလိုသည်မှာ  အားကစား သမားတစ်ဦးအနေဖြင့် မိမိ၏ ရပ်တည်ဆောင်ရွက် ချက်အပေါ် ပရိသတ်များ၊  ပြိုင်ပွဲကို  တာဝန်ယူ ကြီးကြပ်သူများ၊ မိမိ၏အသင်းကစားဖော်များ၊ မိမိ ပြိုင်ဘက်အသင်းမှ  ကစားသမားများ စသူတို့က လေးစားခံရသူ၊ အားကစားစိတ်ဓာတ်ရှိသူအဖြစ် အသိအမှတ်ပြုခံရသူဖြစ်အောင်       မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့်   ဂုဏ်ယူတတ်သူဖြစ်စေရေး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပြုမူကြိုးစားသင့် ကြောင်း တိုက်တွန်းလိုပါသည်။
အလားတူ    ပြိုင်ပွဲကို   တာဝန်ယူကြီးကြပ် ရသည့် ဒိုင်လူကြီးများအနေဖြင့်လည်း တရားခွင်တွင် တရားသူကြီးသည် အရေးကြီးသကဲ့သို့ အားကစား ပြိုင်ပွဲတိုင်းတွင်လည်း  ဒိုင်လူကြီးသည်  အရေးကြီး ပါသည်။     အဆုံးအဖြတ်    ပေးရမည့်သူဖြစ်ခြင်း ကြောင့် အထူးအရေးကြီးပါသည်။
 “သ” ခြောက်လုံး ပြည့်စုံရန် လိုအပ်
အားကစားပြိုင်ပွဲကောင်းတစ်ခု ဖြစ်ဖို့ဆိုလျှင် အားကစားသမား၊ ဒိုင်လူကြီး၊ ပွဲကြည့်ပရိသတ်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီတို့     “လေးပွင့်ဆိုင်” ကောင်းမှသာလျှင် ပြိုင်ပွဲကောင်းတစ်ခုဖြစ်ပေသည်။ ထိုလေးပွင့်ဆိုင်တွင်   အချက်တစ်ခုခု   ချို့ယွင်း ဖောက်ဖျက်ပါက   ပွဲပျက်ရပြီး   ပြဿနာများစွာ၊ အဓိကရုဏ်းများစွာ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ဒိုင်လူကြီးတစ်ယောက်သည်     “သ” ခြောက်လုံး ဟူသော “သစ္စာ၊ သိက္ခာ၊ သမာဓိ၊ သတ္တိ၊ သမ္မစိတ္တ၊ သုတေသန” ဟူသောအချက်များ ပြည့်စုံရန် လိုအပ် ကြောင်း မှတ်သားဖူးပါသည်။
“သစ္စာ”ဟူသည် ဒိုင်လူကြီးကောင်းတစ်ယောက် သည် မိမိပါဝင်ပတ်သက်နေသော အားကစားအပေါ် တွင် သစ္စာရှိရပါမည်။ တစ်နည်းအားဖြင့်ဆိုသော် အဂတိလိုက်စားမှုကင်းခြင်း၊ ငါဟူသော အစွဲအလမ်း ဖြစ်သည့် ငါ့တပည့်၊ ငါ့ဆွေမျိုး၊ ငါ့သား၊ ငါ့သမီး ဟူသော    အစွဲအလမ်းမရှိဘဲ    မှန်မှန်ကန်ကန် သစ္စာရှိရှိ ဆုံးဖြတ်ဖို့လိုပါသည်။
“သိက္ခာ” ဆိုသည်မှာ      ဒိုင်လူကြီးကောင်း တစ်ယောက်သည် မိမိရရှိထားသောနေရာ၊ ရာထူး နှင့်လိုက်ဖက်စွာ မိမိဂုဏ်သိက္ခာကို စောင့်ထိန်း၍ တစ်ဖက်စောင်းနင်း  မဆုံးဖြတ်ဖို့လိုပါသည်။   မိမိ ဒေသအစွဲ၊ မြို့အစွဲများကိုမကြည့်ဘဲ လတ်တလော မြင်ကွင်းပြိုင်ပွဲကို မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့လိုပါ သည်။
“သမာဓိ” ဆိုသည်မှာ       ဒိုင်လူကြီးကောင်း တစ်ယောက်သည် စိတ်ဓာတ်ခိုင်မာဖို့လိုပါသည်။ ဟိုလိုလို၊ သည်လိုလိုနှင့် ဝေခွဲမရသော သံသယဒွိဟ စိတ်များ မဖြစ်ဖို့လိုပါသည်။
“သတ္တိ”  ဆိုသည်မှာ      ဒိုင်လူကြီးကောင်း တစ်ယောက်သည် မိမိဆုံးဖြတ်ချက်၊ မိမိထင်မြင် ချက်ကို   မမှိတ်မသုန်   ဆုံးဖြတ်ချက်ချနိုင်ဖို့လိုပါ သည်။ တခြားတစ်ဦးတစ်ယောက်၏ သြဇာလွှမ်းမိုး မှု၊ တိုက်တွန်းမှု၊ ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်မရှိဘဲ ဆုံးဖြတ်နိုင်ဖို့လိုပါသည်။
“သမ္မစိတ္တ” ဆိုသည်မှာ    ပြိုင်ပွဲကျင်းပနေစဉ် ပြိုင်ဘက်အသင်းများအပေါ်    (သို့)    ပြိုင်ပွဲဝင် အားကစားသမားများအပေါ်    မျှမျှတတ    ဝေဖန် ပိုင်းခြားခြင်း၊ ဆုံးဖြတ်တတ်ခြင်းတို့ လိုပါသည်။
“သုတေသန” ဆိုသည်မှာ    ဒိုင်လူကြီးကောင်း တစ်ယောက်သည်        မိမိနှင့်ပတ်သက်သော အားကစားအကြောင်း၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေ များကို    ခေတ်နှင့်အညီ    သိကျွမ်းဖို့လိုပါသည်။ ထို့အပြင် မိမိအားကစားနှင့်ပတ်သက်သော အသိုင်း အဝိုင်း၊ အားကစားသမားများအကြောင်းကိုလည်း တီးမိခေါက်မိဖို့ လိုပါသည်။
ဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေစဉ် ဓာတ်ပုံ ရိုက်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ ပြိုင်ဘက် အသင်းမှ အားကစားသမားများကို နည်းပြပြုလုပ် ခြင်း၊    အခြားဒိုင်လူကြီးတစ်ဦးဦးကို    ကြိုတင် တစ်  ပေးခြင်း၊    သြဇာလွှမ်းမိုးခြင်း၊     ဒိုင်တစ်ဦး တစ်ယောက်ကို စကားပြောခြင်းများ မပြုလုပ်ရပါ။ ထို့အပြင် အမြင်အာရုံမကောင်းသော၊ မျက်စိမှုန်သူ (မျက်မှန်တပ်သူ)များကို   ဒိုင်လူကြီးတာဝန်မပေး သင့်ပါ။ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက် အမှား/အမှန်ကို ပွဲကြည့်ပရိသတ်များကဝိုင်း၍       မျက်လုံးပေါင်း ထောင်သောင်းမက စိတ်အာရုံစူးစိုက်ကာ မျှော်လင့် နေကြပေသည်။
ထို့ကြောင့် ဒိုင်လူကြီးကောင်းတစ်ဦးဖြစ်ရန် “သ”ခြောက်လုံးကိုဆောင်၍ တည်ကြည်လေးနက် သော  အားကစားစိတ်ဓာတ်ဖြင့် ဆောင်ရွက်မည် ဆိုပါက အမှားအယွင်းနည်းစွာဖြင့် ဆုံးဖြတ်တတ် သော  ဒိုင်လူကြီးကောင်းတစ်ယောက်ဖြစ်မည်ဟု မှတ်သားဖူးပါသည်။
တရားသူကြီးတစ်ဦး၏ တရားခွင်၌ ဆုံးဖြတ် ခြင်းသည် အခန်းကျဉ်းလေးတွင် ဖြစ်သော်လည်း အားကစားပွဲဒိုင်လူကြီးမှာ     မြင်ကွင်းကျယ်သည့် ပရိသတ်အများစု၏   ရှေ့မှောက်တွင်   အချိန်တို အတွင်း ချက်ချင်းဆုံးဖြတ်ရသဖြင့် ပိုမို၍အရေးကြီး လှပါသည်။    အားကစားဒိုင်လူကြီးများအနေဖြင့် တည်ငြိမ်စွာ    ကုလားထိုင်တွင်ထိုင်ပြီး   အချိန်ယူ စဉ်းစားဆုံးဖြတ်ရသည့်ပုံစံမဟုတ်ဘဲ      လှုပ်ရှား ပြေးလွှားရင်း   ချက်ချင်းဆုံးဖြတ်ချက်ချရသည့် ကိစ္စမှာ ထင်သလောက်မလွယ်ကူပါ။ 
ပရိသတ်များအနေဖြင့် မိမိထိုင်ခုံတွင် ထိုင်ပြီး အားပေးရင်း မိမိထင်ရာမြင်ရာကို ဆုံးဖြတ်ချက်ချ နိုင်ပါသည်။ မိမိထင်မြင်ယူဆချက်ကို တရားခွင်မှာ ကဲ့သို့ မဟုတ်ဘဲ လွတ်လပ်စွာ အော်ဟစ်ပြောဆိုနိုင် ပါသည်။ ပရိသတ်၏အမြင်နှင့် ဒိုင်လူကြီး၏ အဆုံး အဖြတ်    ကိုက်ညီရန်    အတော်ခက်ခဲပါသည်။ ဤအချက်တစ်ချက်တည်းနှင့်ပင် စဉ်းစားမိသည်မှာ ဒိုင်လူကြီးတစ်ဦးသည် ဥပဒေကို နားလည်ရန်လိုအပ် သလို ပရိသတ်နှင့် အားကစားသမားများသည်လည်း ဥပဒေကို  နားလည်ထားရန်လိုအပ်သည်ဟု သုံးသပ် မိပါသည်။ 
အသိပညာပေးရန် ဝိုင်းဝန်းကြိုးပမ်း
အငြင်းပွားမှု၊   ခိုက်ရန်ဖြစ်ပွားမှု  အများဆုံး ဖြစ်သော   ဘောလုံးအားကစားနည်းအပါအဝင် အခြားသော အားကစားနည်းအားလုံး၏ ဥပဒေများ နှင့် တိုးတက်ပြောင်းလဲလာသည့်  ဥပဒေများကို ကျယ်ပြန့်စွာ အသိပညာပေးရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သင့်ကြောင်းလည်း အကြံပြုလိုပါသည်။ အားကစားနည်းအလိုက်      ပြင်ဆင်ပြောင်းလဲ သတ်မှတ်လိုက်သည့် ဥပဒေသစ်များကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊  စာစောင်များတွင် ဖော်ပြခြင်းများ၊ အားကစားနည်းအလိုက်     စည်းမျဉ်းစည်းကမ်း ဥပဒေလက်စွဲစာစောင်များကို ကျယ်ပြန့်စွာရိုက်နှိပ် ထုတ်ဝေခြင်းများအပြင်   မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၊ မြဝတီ၊ Sky Net ၊ MRTV-4 တို့ကဲ့သို့ ရုပ်မြင် သံကြားလိုင်းပေါင်းစုံမှလည်း ကျွမ်းကျင်သူများက အသိပညာပေးဟောပြောခြင်း၊ ရှင်းလင်းသရုပ်ပြသ ခြင်း အစီအစဉ်များအပြင် FM ရေဒီယိုလိုင်းပေါင်းစုံက လည်း အသိပညာပေး ဆွေးနွေးဟောပြောခြင်းများ ထုတ်လွှင့်၍ အများပြည်သူများ အသိပညာတိုးပွား လာစေရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်နေ ပြီဖြစ်ကြောင်းလည်း     ထပ်လောင်းအကြံပြုလို ပါသည်။
ပရိသတ်များမှာ အားကစားကို ဝါသနာအရ လာရောက်ကြည့်ရှုအားပေးသူများဖြစ်ရာ ပရိသတ် များ၏    အသိပညာမြင့်မားလာစေရေးအတွက် Media များဖြင့် ပူးပေါင်းကာ ပညာပေးခြင်းလုပ်ငန်း များကို    အထက်တွင်    ဖော်ပြခဲ့သည့်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်သာ လိုအပ်ပါ သည်။              
လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်များမှာ အလွှာအသီးသီးမှဖြစ်ပြီး အသိဉာဏ်နှင့် ပညာမှာ လည်း  အမျိုးမျိုးရှိကြ၍  ၎င်းတို့၏  အားပေးမှုကို ကြိုဆိုရန်သာ ရှိပါသည်။    
“မီးဘေးရှောင်  မလောင်ခင်တား”    ဆိုသည့် စကားအတိုင်း ပရိသတ်များအား အသိပညာပေးခြင်း ဖြင့်သာ ကာကွယ်တားဆီးကြရမည် ဖြစ်ပါသည်။ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ မရှိစေရေး၊ တည်ဆဲဥပဒေများဖြင့်         တားဆီးကြရမည် ဖြစ်သကဲ့သို့ ဆူပူဆဲဆိုမှုများကိုလည်း ၎င်းတို့၏ မြင်ကွင်းဖြစ်စဉ်များဖြင့်    ပြောင်းလဲဆောင်ရွက် ကြရပါမည်။ 
ထိုတာဝန်မှာ အားကစားသမားနှင့် ဒိုင်လူကြီး များတွင်သာ တာဝန်ရှိပါသည်။ သတ်မှတ်စည်းမျဉ်း စည်းကမ်းဥပဒေအတိုင်း တရားမျှတစွာ ဆောင်ရွက် သည့် ဒိုင်လူကြီး၊ ဥပဒေနားလည်ပြီး လေ့ကျင့်သား ပြည့်ဝ၍  အားကစားစိတ်ဓာတ်ရှိသော အားကစား သမားများရှိပါလျှင် ပရိသတ်များ အလိုလိုယဉ်ကျေး လာမည်ဟု ယုံကြည်ပါသည်။ ဥပဒေကို နားလည် သဘောပေါက်ပြီး နိုင်ငံကြီးသားပီသသူများဖြစ်လာ စေရန်၊     စည်းကမ်းရှိသော၊ စည်းကမ်းတန်ဖိုးကို သိသော       ပရိသတ်များဖြစ်လာစေရန်အတွက် ကိုယ်ချင်းစာတရား    လက်ကိုင်ထားရေးကိုလည်း စည်းရုံးလှုံ့ဆော်   ဆောင်ရွက်သွားကြရမည်  ဖြစ်ပါ သည်။
ပြိုင်ပွဲကျင်းပရေးကော်မတီနှင့်   အားကစား ကွင်းအခြေအနေများဟုဆိုရာ၌ ပြိုင်ပွဲကျင်းပရေး နှင့်    ပြိုင်ပွဲကျင်းပမည့်   အားကစားကွင်းများကို တာဝန်ယူ       ဆောင်ရွက်နေသူများအနေဖြင့် အောင်မြင်သည့် ပြိုင်ပွဲကြီးတစ်ခု ဖြစ်စေရေးအတွက် အဓိက အရေးကြီးပါသည်။ ၎င်းကော်မတီအနေဖြင့် ပြိုင်ပွဲကျင်းပမည့်ရက် သတ်မှတ်ပေးခြင်းနှင့် ပြိုင်ပွဲ စည်းမျဉ်း ကြိုတင်သတ်မှတ်ခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ရပေသည်။ 
နိုင်ငံတကာ    အားကစားပြိုင်ပွဲများဆိုလျှင် ကမ္ဘာ့အိုလံပစ်ကော်မတီ၏   အားကစားပြက္ခဒိန်၊ အာရှ၊  ဥရောပ၊  အာဖရိက၊  အရှေ့တောင်အာရှ စသည့် နေရာ၊ ဌာနအလိုက်ကျင်းပမည့် အားကစား ပြက္ခဒိန်များအား လေ့လာစိစစ်ပြီးမှသာ ဆောင်ရွက် ရပေသည်။ ပြိုင်ပွဲရက် သတ်မှတ်ပြီးလျှင် ပြိုင်ပွဲဝင် နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း၊ အဖွဲ့အစည်းအသီးသီးသို့ ကြိုတင်ပြင်ဆင်       လေ့ကျင့်ဆောင်ရွက်နိုင်ရန် ကြိုတင်အသိပေး အကြောင်းကြားရပေမည်။ သို့မှ သာ အဆင့်ဆင့်သောအဖွဲ့များက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်    အခွင့်အရေး   တန်းတူ မျှတစွာ ကြိုတင်၍ ပြိုင်ပွဲများကျင်းပကာ လူရွေး ချယ်ခြင်း၊ ပြိုင်ပွဲဝင်ရောက်ရန် စခန်းသွင်းလေ့ကျင့် ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ 
ဤကဲ့သို့   တရားမျှတသော   ပြင်ဆင်မှုများ ညီမျှစွာရရှိကြမှသာလျှင် “တရားသောယှဉ်ပြိုင် ခြင်း” ဟူသော ဆောင်ပုဒ်အတိုင်း ဖြစ်လာမည်ဖြစ်ပေ သည်။ ထို့ကြောင့်လည်း တရားသော၊ ညီမျှသော ပြိုင်ပွဲတစ်ခုဖြစ်ရန်မှာ အဓိကဟု ဆိုနိုင်သည့် ပြိုင်ပွဲ ကျင်းပရေးကော်မတီ၏    တာဝန်ဖြစ်ပေသည်။ ၎င်းတို့မှတစ်ဆင့် အဆင့်မီသော အားကစားကွင်း များတွင် ကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက်ခြင်း၊ ရှာဖွေခြင်း၊ ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်ပြီး အဆင့်မီသောပြိုင်ပွဲများကို          ကျင်းပနိုင်မည် ဖြစ်ပါကြောင်း. . . ။      ။