
ရန်ကုန် ဇွန် ၁၃
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသား များအပေါ် အလေးအနက် တန်ဖိုးထား သည့်အနေဖြင့် မည်သို့သောအခြေအနေ နှင့် တွေ့ကြုံရသည့်တိုင် မြန်မာကောင်စစ် ဝန်ချုပ်ရုံး၊ မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံသံရုံးများချိတ်ဆက်၍ အမိနိုင်ငံသား များ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်း လုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ပြန်လည်ရောက်ရှိ
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယူအေးအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသူ မသက်သက် လင်းအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ် ရုံးအနေဖြင့် ယူအေအီးနိုင်ငံ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာ ပြည်နယ် ရဲတပ်ဖွဲ့နှင့် လူ့စွမ်းအားအရင်းအမြစ် နှင့် နိုင်ငံသားအကျိုးစီးပွားမြှင့်တင်ရေး ဝန်ကြီးဌာနတို့မှ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ မသက်သက်လင်းသည် ဇွန်လ ၁၂ ရက်က ဆော်ဒီအာရေဗျနိုင်ငံ ဒူဘိုင်းမြို့မှ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ ယမန်နေ့ည ၁၀ နာရီ ၁၅ မိနစ်တွင် ပြန်လည်ရောက်ရှိ ခဲ့သည်။
မြန်မာနိုင်ငံသူ မသက်သက်လင်း သည် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် အလုပ်လုပ်ကိုင်စဉ် ကျန်းမာရေးအခြေအနေကြောင့် မြန်မာ နိုင်ငံသို့ ပြန်လိုကြောင်း အေဂျင်စီရုံးသို့ ပြောကြားရာ အိမ်ရှင်က နိုင်ငံကူးလက်မှတ် ကုန်ကျစရိတ်၊ လေယာဉ်လက်မှတ်ခ၊ ယူအေအီးနိုင်ငံသို့ ရောက်ရှိချိန် သွားလာ စရိတ်၊ အလုပ်မရမီ စားသောက်စရိတ်များ ပါဝင်သည့် ယူအေအီး ဒါဟမ်း ၂၃၀၀၀ (အမေရိကန်ဒေါ်လာ ၆၅၀၀)အကုန်အကျ ခံပြီး အေဂျင်စီရုံး၌ ပေးချေခေါ်ယူခဲ့ရခြင်း ဖြစ်၍ ထိုငွေကို အိမ်ရှင်ထံ ပေးချေပြီးမှသာ ပြန်ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံမှပို့ဆောင်ခဲ့သော မြန်မာအေးဂျင့် ကို အသိပေးရာတွင်လည်း ဆောင်ရွက် ပေးနိုင်မှုမရှိခဲ့ကြောင်းသိရပြီး မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ယူအေအီးနိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် ညှိုနှိုင်းဆောင်ရွက်ခဲ့ပြီး အသွား/အပြန် လေယာဉ်လက်မှတ်ခ မြန်မာငွေ ကျပ် ၃၃ သိန်း ကျခံစေ၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့ရာ ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
လေ့လာစုံစမ်းပြီးမှသွားသင့်
ဆော်ဒီအာရေဗျနိုင်ငံ၊ အဘူဒါဘီမြို့ တွင် အခက်အခဲကြုံတွေ့ခဲ့ရမှုနှင့် စပ်လျဉ်း ၍ မသက်သက်လင်းက “ကျွန်မက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ချောင်း မြို့နယ် လက်ပံကျေးရွာမှာ နေပါတယ်။ ဒူဘိုင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဆေးရုံမှာ အလုပ်လုပ်ရင်း ဝင်ငွေ အဆင်မပြေတာနဲ့ သူငယ်ချင်းတစ်ယောက် ရဲ့အကူအညီနဲ့ ဒူဘိုင်းမြို့ကို သွားပြီး အလုပ်လုပ်ခဲ့ပါတယ်။ အိမ်ရှင်နဲ့အဆင်ပြေ ပေမယ့် အိပ်ချိန်မလုံလောက်ပါဘူး။ ည ၂ နာရီခွဲမှာအိပ်ရပြီး မနက် ၅ နာရီထရပါ တယ်။ လုပ်ခလစာရပေမယ့် အိပ်ရေးမဝ တဲ့ဒဏ်ကြောင့် အလုပ်လုပ်ရတာ အဆင် မပြေကြောင်းနဲ့ နှစ်ပတ်မှာတစ်ကြိမ် ဖုန်းသုံးခွင့်ရချိန်မှာ အိမ်ကိုလှမ်းပြီး ပြောတော့ လူကုန်တားအဖွဲ့ကို အိမ်မှ မိဘများက အကူအညီ တောင်းခံခဲ့ပါ တယ်။ ဒူဘိုင်းမြို့က မြန်မာကောင်စစ် ဝန်ချုပ်ရုံးက အကူအညီပေးခဲ့တဲ့အတွက် မြန်မာပြည်ကို ပြန်လာခွင့်ရခဲ့တာပါ။ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ စားသောက် မှုပုံစံမတူတဲ့အတွက်လည်း အခက်အခဲ များစွာရှိခဲ့ပါတယ်။ အဲဒီကို သွားမယ်လို့ ပြင်ဆင်နေသူတွေရှိရင်လည်း မသွားစေ လိုပါဘူး။ ရောက်ရှိနေသူတွေ အဆင်ပြေ ရဲ့လားလို့လည်း မြန်မာပြည်က မိဘ ဆွေမျိုးများက လှမ်းပြီးမေးမြန်းသင့်ပါ တယ်။ အဲဒီကိုသွားမယ်ဆိုရင် ငွေတစ်ခု တည်းနဲ့ မက်လုံးပေးတာကို မယုံကြည်ဘဲ လေ့လာစုံစမ်းပြီးမှ သွားသင့်ပါတယ်။ အခက်အခဲတွေအများကြီး စောင့်ကြိုနေ လို့ပါ။ အခုလို မြန်မာနိုင်ငံသားတစ်ဦး ဒုက္ခရောက်နေချိန်မှာ အစစအရာရာ ကူညီဖြေရှင်းပေးပြီး လေဆိပ်ကနေ အမိ နိုင်ငံကိုပြန်ရောက်တဲ့အထိ အကူအညီ ပေးခဲ့တဲ့ ဝန်ထမ်းအားလုံးကို ကျေးဇူးတင် ပါတယ်။ အထူးသဖြင့် မြန်မာကောင်စစ် ဝန်ရုံးချုပ်က လူကြီးမင်းများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်”ဟု ပြောကြား သည်။
ယူအေအီးနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ထိုနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့်အဆင် မပြေမှုဖြစ်ပေါ်ပါက မြန်မာပွဲစားများက တာဝန်ယူဖြေရှင်းပေးမှု မရှိသည့်အပြင် ဒူဘိုင်းအေဂျင်စီရုံးနှင့် အလုပ်ရှင်တို့က နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်း ထားခြင်း၊ ပွဲစားများက အေဂျင်စီရုံးအဆင့် ဆင့်ထံ လက်လွှဲအသုံးချမှုတို့ကို ကြုံတွေ့ နေရကြောင်း သိရသည်။
ကူညီဆောင်ရွက်
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ ရသည့် မြန်မာနိုင်ငံသားများကို မြန်မာ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်း ကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလို အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေ ရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ် သမားနှင့်မိဘဆွေမျိုးများက နိုင်ငံတော် အစိုးရနှင့် မြန်မာသံရုံးကောင်စစ်ဝန်ချုပ် ရုံးတို့အား လှိုက်လှိုက်လှဲလှဲ အထူး ကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိ သည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး/ရဲထွဋ်