
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ဖတ်ကြားတင်သွင်း
=================================================================
နေပြည်တော် ဖေဖော်ဝါရီ ၁၀
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်း လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြား တင်သွင်းသည်။
ကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီအနေဖြင့် လေ့လာ စိစစ်မှုဆောင်ရွက်ရမည့် ဥပဒေ မူကြမ်းများအနေဖြင့် ကျောင်းကုန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း အပါ အဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးက တင်သွင်း ထားသည့် ဥပဒေမူကြမ်း၊ မိတ္ထီလာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးက တင်သွင်း
ထားသည့် ဥပဒေမူကြမ်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်အပါအဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက တင်သွင်းထားသည့်ဥပဒေမူကြမ်း၊ တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ်အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက တင်သွင်းထားသည့် ဥပဒေမူကြမ်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက တင်သွင်းထားသည့် ဥပဒေမူကြမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ နောင်ချိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်(ခေါ်) ဦးထွန်းထွန်းဟိန် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၅၁ ဦးက တင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း(၂)ခု စုစုပေါင်း ဥပဒေမူကြမ်း (၇)ခုအပေါ် တွင် စိစစ်လေ့လာခဲ့ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)တို့တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများကို လေ့လာစိစစ်သည့်အခါတွင် ဦးသိန်းထွန်း တင်သွင်းထားသည့် ပြင်ဆင်လိုသည့်အချက်များအနေဖြင့် ပုဒ်မခွဲ(ခ)တွင် (၆)ချက် အကျုံးဝင်ပါ ကြောင်း၊ ဒေါက်တာမောင်သင်း တင်သွင်းထားသည့် ပြင်ဆင်ချက်များအနေဖြင့် ပုဒ်မခွဲ(က)တွင် (၂)ချက်အကျုံးဝင်ပြီး ပုဒ်မခွဲ(ခ)တွင် (၄)ချက် အကျုံးဝင်ပါ ကြောင်း၊ ဗိုလ်မှူးချုပ်မောင်မောင် တင်သွင်းထားသည့် အချက် (၂)မှာ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်ပါကြောင်း၊ ဗိုလ်မှူးချုပ်အောင်စန်းချစ် တင်သွင်းထားသည့် အချက်(၉)ချက်သည် ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်ပါကြောင်း၊ ဦးစိုင်းသန်းနိုင် တင်သွင်းထားသည့် အချက်(၅)ချက်သည် ပုဒ်မခွဲ(က)တွင် အကျုံးဝင်ပါကြောင်း၊ ဦးထွန်းအောင်(ခေါ်) ဦးထွန်းထွန်းဟိန် တင်သွင်းထားသည့် ဥပဒေမူကြမ်း (၂)ခုတွင် ပုဒ်မခွဲ(က)တွင် (၅၁)ချက် နှင့် ပုဒ်မခွဲ(ခ)တွင် (၆၃)ချက် အကျုံးဝင်ပါ ကြောင်း၊ စုစုပေါင်းအနေဖြင့် ပုဒ်မခွဲ(က)တွင် အချက်ပေါင်း(၅၈)ချက်နှင့် ပုဒ်မခွဲ(ခ) တွင် အချက်ပေါင်း(၈၄)ချက် ရှိပါကြောင်း။
ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပြဋ္ဌာန်းချက်များအနက် ပုဒ်မခွဲ (၂)ခုဖြစ်သည့် ပုဒ်မ ၅၉၊ ပုဒ်မခွဲ(ဂ)နှင့် ပုဒ်မ ၂၀၁၊ ပုဒ်မခွဲ(ဋ)တို့တွင် သဘောထားကွဲလွဲသည့် ပြင်ဆင်ချက်များရှိနေသည်ကို ကော်မတီအနေဖြင့် လေ့လာစိစစ်တွေ့ရှိရပါကြောင်း၊ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သည့် ပြဋ္ဌာန်းချက်များအနက် ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)တွင် တင်သွင်း ထားသည့် ဥပဒေကြမ်း(၂)ရပ်တွင် ပါရှိသည့် ပြင်ဆင်ချက်များသည် ထပ်တူညီနေ သည်ကို လေ့လာတွေ့ရှိရပါကြောင်း။
ဥပဒေရေးထုံးပိုင်းဆိုင်ရာ လေ့လာစိစစ်ချက်အနေဖြင့် ပြင်ဆင်သည့်ဥပဒေ မူကြမ်းတစ်ခုချင်းစီတွင်ပါရှိသည့် ပြင်ဆင်ချက်များကို ပြည်ထောင်စုရှေ့နေချုပ် ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဆောင်သည့် တာဝန်ရှိပုဂ္ဂိုလ်များက ဥပဒေရေးထုံးနှင့် ညီညွတ်မှုရှိစေရန် စိစစ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ မူကြမ်းများဖြစ်သည့်အတွက် ရေးထုံးပိုင်းဆိုင်ရာ ပြင်ဆင်ချက်များကိုသာ ဆောင်ရွက်ခွင့်ရှိပါကြောင်း၊ ဥပဒေအကြောင်းအရာပိုင်း ဆိုင်ရာ ပြင်ဆင်ချက်များကို တစ်လုံးတစ်ပါဒမျှ ပြင်ဆင်တည်းဖြတ်ထားခြင်း မရှိပါကြောင်း၊ အားလုံးသည် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းလာသည့်အတိုင်း လွှတ်တော်သို့တင်ပြထားခြင်း ဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)၊ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)တွင်
ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက
လွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်ခြင်းဆိုင်ရာ လေ့လာစိစစ်ချက် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)၊ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)တွင်ဖော်ပြ ထားသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံ ပြီးနောက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)တွင် ပုဒ်မခွဲ (က)တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှ အပဖြစ်သည့် ကျန်ရှိသည့်ပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင် ရမည်ဟု ပြဋ္ဌာန်းဖော်ပြထားပါကြောင်း။
ယခုအစီရင်ခံစာကို ပြုစုတင်ပြသည့်အချိန်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၅၅ ဦးရှိပါကြောင်း၊ ယနေ့အချိန်တွင် အောင်လံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တိမ်းပါးသွားသည့်အတွက် ၆၅၄ ဦးသာရှိပါ ကြောင်း၊ ထို့ကြောင့် ၇၅ ရာခိုင်နှုန်းကျော်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးထက်ပိုမိုသည့် ထောက်ခံဆန္ဒမဲအရေအတွက် ရရှိမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့်အညီ ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို အတည်ပြုဆောင်ရွက်နိုင်မည်ကို တင်ပြအပ်ပါကြောင်း။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြင်ဆင်သည့် ဥပဒေမူကြမ်းများအပေါ်တွင် ဆွေးနွေးပြီးပါက နောက်ဆက်တွဲအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နှင့် (ခ)တို့နှင့်အညီ ပြုစုစုစည်းထားသည့် (ဇ - ၁) နှင့် (ဈ - ၁)ဟူ၍ ဥပဒေမူကြမ်း(၂)ရပ်ရှိပါကြောင်း၊ အဆိုပါ (ဇ - ၁) နှင့် (ဈ - ၁) ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက်ဇယားအနေဖြင့် နောက်ဆက်တွဲ(ဇ-၂) နှင့် (ဈ-၂)တို့ကို ဖြန့်ဝေတင်ပြထားပါကြောင်း၊ ယင်းဇယား များအပေါ်တွင် သီးခြားစီလွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်သင့် သည်ကို တင်ပြလိုပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပြဋ္ဌာန်းချက်များအနက်မှ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(ဂ)နှင့် ပုဒ်မ ၂၀၁၊ ပုဒ်မခွဲ(ဋ)တို့တွင် သဘောကွဲလွဲသည့် ပြင်ဆင်ချက်များ ရှိနေပါကြောင်း၊ ထို့ကြောင့် ပြင်ဆင်ချက် တစ်ခုချင်းစီအလိုက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲ ရရှိမှု ရှိ/မရှိကို တစ်ခုချင်းစီသီးခြား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ကို သီးခြားစီ ဆောင်ရွက်ပြီးသည့်အခါတွင် ပြင်ဆင်ချက် (၂)ခုစလုံးသည် ထောက်ခံဆန္ဒမဲ ရာခိုင်နှုန်းပြည့်မီပြီး ၇၅ ရာခိုင်နှုန်းကျော်ပါက ထောက်ခံဆန္ဒမဲရာခိုင်နှုန်းများသည့် ပြင်ဆင်ချက်ကို အတည်ပြုဆောင်ရွက်သင့်ပါကြောင်း။
လွှတ်တော်အတွင်း ဆန္ဒပြုခြင်းဆိုင်ရာ လေ့လာစိစစ်ချက်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ကိစ္စရပ်များကို လွှတ်တော်အတွင်း အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲလက်မှတ်အသုံးပြု၍ လျှို့ဝှက်စွာ ဆန္ဒမဲပေး သည့် နည်းလမ်းဖြင့် ဆောင်ရွက်သင့်ပါကြောင်း၊ မိမိတို့ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ပါဝင်သည့် ကော်မတီဝင် ၁၅ ဦး၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ပါဝင် သည့် ကော်မတီဝင် ၁၅ ဦး စုစုပေါင်း ၃၀ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီဝင်များအနက်မှ ကော်မတီဝင် (၄)ဦးက သီးခြားသဘောထားမှတ်ချက်ပြုထားပါကြောင်း၊ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီဝင် ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ်တင့်လွင်၊ ဒေါ်နန်း နီနီအေး၊ ဦးစတီဖန်တို့က အစီရင်ခံစာအပိုဒ်(၁၄)နှင့် အပိုဒ်(၁၈) တွင် ပါရှိသည့် ဖော်ပြချက်များနှင့်စပ်လျဉ်း၍ အစုအဖွဲ့အလိုက်တင်သွင်းလာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ခုချင်းစီအလိုက် ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၁၂)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေအခန်း (၁၈)တို့နှင့်အညီ သီးခြားစီဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ရန် သဘောထားမှတ်ချက် ပြုထားပါကြောင်း၊ ကျန်ရှိသည့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီဝင် အားလုံး၏ သဘောထားမှတ်ချက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ပြင်ဆင်သည့်ဥပဒေမူကြမ်းများအပေါ် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၃၇၊ ၁၃၈ တို့နှင့်အညီ ဆွေးနွေးပြီးသည့်အခါတွင် နောက်ဆက်တွဲ (ဇ-၁)နှင့် (ဈ - ၁)တို့ပါ ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက် ဇယား(၂)ခုဖြစ်သည့် နောက်ဆက်တွဲ(ဇ-၂)နှင့် (ဈ-၂)တို့အပေါ်တွင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၉ နှင့်အညီ အဆုံးအဖြတ်ရယူဆောင်ရွက်သင့် သည်ကို အစီရင်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က နောက်ဆက်တွဲ (ဇ - ၁)နှင့်(ဈ - ၁)ပါ ပြင်ဆင်သည့်ဥပဒေကြမ်းများတွင်ပါဝင် သည့် ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်အတွင်းဆွေးနွေးခြင်းနှင့် အဆုံးအဖြတ် ရယူခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အစီရင်ခံစာ၏ နောက်ဆက်တွဲ (ဇ - ၁)နှင့် (ဈ - ၁)တို့ပါ ပြင်ဆင်သည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၇၊ ၁၃၈ တို့နှင့်အညီ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်ထောင်စု လွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က မိမိတို့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ရပိုင်ခွင့်အရ ၂၀ ရာခိုင်နှုန်း ကိုယ်စီကိုယ်စီ လက်မှတ်ရေးထိုး တင်ပြထားသည့် ဥပဒေမူကြမ်း များ ဖြစ်ပါကြောင်း၊ သို့သော် ယခုအခါ ယင်းဥပဒေမူကြမ်းများသည် ရောထွေး သွားပြီး ဇယားထဲတွင်ပေါင်း၍ ဖော်ပြထားပါကြောင်း၊ မိမိတို့ လိုလားချက် အနေဖြင့် သီးခြားဇယား၊ သီးခြားဥပဒေမူကြမ်းများအဖြစ် လွှတ်တော်သို့ တင်သွင်းရန် တင်ပြထားခြင်းဖြစ်ပါကြောင်း၊ ယင်းအတိုင်းသာ ဆက်လက် ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ယင်းပြောကြားချက်အပေါ် ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော် ကိုယ်စားလှယ်ကိုယ်တိုင် စိစစ်ရေးပူးပေါင်းကော်မတီတွင် ပါဝင်ပါကြောင်း၊ တင်ပြလာသည့် ဥပဒေမူကြမ်းတိုင်းကို စိစစ်ရေးပူးပေါင်းကော်မတီက တစ်ခုချင်းစီ တင်ခဲ့ခြင်းများ ရှိပါကြောင်း၊ ယင်းအချိန်တွင် ဆုံးဖြတ်ထားသည်မှာလည်း ဥပဒေမူကြမ်းအားလုံးကို ပူးပေါင်း၍ ဥပဒေမူကြမ်းတစ်ခုအဖြစ် ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည့်အပိုင်းများလည်း ရှိပါကြောင်း၊ ထို့ကြောင့် စိစစ်ရေးပူးပေါင်း ကော်မတီတွင် ညှိနှိုင်းဆုံးဖြတ်ထားသည့်ကိစ္စကို လွှတ်တော်သို့ တင်ပြလာသည့် အချိန်တွင် လွှတ်တော်အနေဖြင့်လည်း အလေးထားပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)ကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းဆိုသည့် ခေါင်းစဉ်တစ်ခုတည်းအောက်တွင် ပုဒ်မအလိုက် ဆွေးနွေးသွားရမည်ဖြစ်သည့် အတွက် သီးခြားစီဆွေးနွေးရန်မှာ မဖြစ်နိုင်ပါကြောင်း ပြောကြားသည်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူ
ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက က လစ်လပ် လျက်ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ် ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတ၏ အဆိုပြုချက်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်း ပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(က)ပါ သတ်မှတ် အရည်အချင်းများနှင့် မပြည့်စုံကြောင်း ခိုင်လုံသည့် သက်သေအထောက်အထား ပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍
အမည်စာရင်းပေးပို့နိုင်ကြောင်းကိုလည်း တစ်ပါတည်းကြေညာခဲ့ပါကြောင်း၊ တင်ပြပါ နောက်ဆုံးသတ်မှတ်ချိန်အထိ ကန့်ကွက်လိုကြောင်း တင်ပြချက်တစ်စုံ တစ်ရာမရှိသည့်အတွက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘော တူကြောင်း ကြေညာသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေးတည်ငြိမ်မှုအခြေအနေ အစီရင် ခံစာတို့နှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေး တည်ငြိမ်မှုအခြေအနေ အစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏ ပြန်လည်ရှင်းလင်းတင်ပြချက်ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ထားသော လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်၏သဘောထား ရယူအတည်ပြုသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက မြန်မာနိုင်ငံ လူမွဲ ခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည် ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးကြေညာသည်။
နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့်
ပြန်လည်ပေးပို့ထားသော လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူအတည်ပြု
ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ထားသော လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စု လွှတ်တော်နာယက က လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည် ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးကြေညာသည်။
ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဓာတ်မြေဩဇာစက်ရုံများလုပ်ငန်း တိုးတက်မှုအခြေအနေ နှင့် ရှေ့ဆက်ဆောင်ရွက်မည့်အခြေအနေတို့ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြရာ တွင် ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်၏ အမျိုးသားစီမံကိန်း ဥပဒေကြမ်းအပေါ်တွင် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်အစီရင်ခံစာကို တင်သွင်းသည့်အချိန်တွင် ရင်းနှီးမြှုပ်နှံမှု များနှင့် လုပ်ငန်းစီမံကိန်းများကို နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက် အကူပြုမှု၊ လူမှုစီးပွားဘ၀မြင့်မားတိုးတက်ရေးအတွက် အထောက်အကူပြုမှု၊ စီးပွားရေးအကျိုးအမြတ်ရလဒ်ဖြစ်ထွန်းမှု စသည့် အချက်များအပေါ်တွင် မူတည်၍ လုပ်ငန်းစီမံကိန်းအမျိုးအစား(၃)ရပ်အဖြစ် ခွဲခြားစိစစ်ခြင်းပြုခဲ့ပါကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းစီမံကိန်း (၅၂)ခုကို လတ်တလောရပ်ဆိုင်း ထားသင့်သော လုပ်ငန်းစီမံကိန်းများ၊ ပြည်တွင်းပြည်ပမှ နည်းပညာနှင့် အရင်း အနှီးများ ဖိတ်ခေါ်၍ အကျိုးတူဆောင်ရွက်သင့်သောလုပ်ငန်းများ၊ ပြည်ထောင်စု အစိုးရအဖွဲ့က ကြပ်မတ်ပြီး ဆက်လက်လုပ်ဆောင်သင့်သော လုပ်ငန်းစီမံကိန်း များဟူ၍ အမျိုးအစား (၃)ရပ်ခွဲခြားခဲ့ပါကြောင်း၊ လတ်တလောရပ်ဆိုင်းထား သင့်သော လုပ်ငန်းစီမံကိန်းများ ခွဲခြားရာတွင် စက်မှုဝန်ကြီးဌာန၏ စက်ရုံ(၃၄)ရုံနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စက်ရုံနှင့် လုပ်ငန်း(၁၀)ခုတို့ပါဝင်သွားခဲ့ ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည့် လတ်တလောရပ်ဆိုင်းထားသင့်သော စက်ရုံနှင့် လုပ်ငန်း(၁၀)ခုအနက် အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)တို့ ပါဝင်လာခဲ့ပါကြောင်း။
ဓာတ်မြေဩဇာစက်ရုံ (၂)ရုံကို
ပြန်လည်လည်ပတ်ခွင့်ပြုပေးခဲ့
အဆိုပါ စက်ရုံများကို ရပ်ဆိုင်းလိုက်ရပါက နိုင်ငံတွင် တည်ရှိပြီးဖြစ်သည့် စက်မှုကဏ္ဍ(၁)ခု ရပ်တန့်သွားနိုင်ခြင်း၊ ယင်းစက်ရုံ(၂)ရုံတွင် လက်ရှိတာဝန် ထမ်းဆောင်နေ ဆဲဖြစ်သည့် ဝန်ထမ်းဦးရေ (၈၀၀)ခန့်သည် ပိုလျှံဝန်ထမ်းများဘ၀ ရောက်သွားနိုင်ခြင်း၊ ထိုပိုလျှံဝန်ထမ်းများကို သင့်လျော်ရာနေရာများကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့ပါက ဓာတ်မြေဩဇာနည်းစဉ်ကို ကျွမ်းကျင်ပိုင်နိုင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်မျိုးဆက်များ တိမ်ကောသွားနိုင်ခြင်း၊ လက်ရှိ စက်ရုံ(၂)ရုံမှ အရည်အသွေးပြည့်မီသည့် ဓာတ်မြေဩဇာထုတ်လုပ်မှုများ ရပ်တန့် သွားနိုင်ခြင်းစသည့် အချက်များကို အခြေခံ၍ ပြည်ထောင်စုလွှတ်တော်ထံ လက်ရှိကြီးမားသည့်အရှုံးဖြစ်ပေါ်နေမှုများကို ပြန်လည်ကုစား၍ တစ်နှစ်ထက် တစ်နှစ် အရှုံးလျော့နည်းစေရန်နှင့် အရှုံးများကို ရေရှည်တွင်ပပျောက်သွားရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းတင်ပြခဲ့ရာတွင် ပြည်ထောင်စုလွှတ်တော်က အဆိုပါ ဓာတ်မြေဩဇာစက်ရုံ (၂)ရုံ ကို ပြန်လည် လည်ပတ်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပါကြောင်း။
ထို့ကြောင့် စက်ရုံ(၂)ရုံလုံးကို အရှုံးလျော့နည်းစေရန် ကြိုးပမ်းမည်ဟု အားလုံးတိုင်ပင်၍ တက်ညီလက်ညီဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၈ - ၂၀၁၉ ခုနှစ်မှစတင်၍ စက်ရုံ(၂)ရုံလုံးသည် ၆ ဒသမ ၅ ဘီလီယံကျော်စီ အမြတ်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဝန်ထမ်းများအားလုံး ဝမ်းသာပီတိဖြစ်ခဲ့ရပါ ကြောင်း၊ ဓာတ်မြေဩဇာ စက်ရုံ(၂)ရုံ၏ နေ့စဉ်ကုန်ထုတ်စွမ်းအား ယခုထက် တိုးတက်မြင့်မားလာစေရန်အတွက် စက်ပစ္စည်းများအသစ်လဲလှယ်ပြုပြင်ရန် ကိစ္စရပ်များကိုလည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းဆောင်ရွက်ရန် စက်ရုံ (၂)ရုံအတွက် ပစ္စည်းများအသစ်ဝယ်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃ သန်းခန့် လိုအပ်မည်ဖြစ်ပါကြောင်း၊ ၂၀၂၀- ၂၀၂၁ ဘတ်ဂျက်တွင် တင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြုပေးနိုင်ပါရန်လည်း ကြိုတင် တင်ပြအပ်ပါကြောင်း။
ထို့ကြောင့် အရှုံးပေါ်နေခြင်းကြောင့် လတ်တလောရပ်ဆိုင်းရမည့် နိုင်ငံပိုင် စက်ရုံများစာရင်းတွင် ပါဝင်သွားခဲ့ပြီးသည့်နောက် ဝန်ကြီးဌာန၏ ရှင်းလင်း တင်ပြချက်အရ ပြန်လည်ဆက်လက်လုပ်ကိုင်ခွင့် ရရှိခဲ့သည့် ဓာတ်မြေဩဇာစက်ရုံ (၂)ရုံ၏ အရှုံးပပျောက်ပြီး အမြတ်ရရှိနေမှုအခြေအနေကို ယခုကဲ့သို့ ပြည်ထောင်စု လွှတ်တော်ထံ ပြန်လည်ရှင်းလင်းတင်ပြခွင့်ပြုခြင်းနှင့် ထိုစက်ရုံ(၂)ရုံအား အရှုံးမှ အမြတ်ဆီသို့ ပြန်လည်ပြောင်းလဲရေး ကြိုးပမ်းနိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်က အခွင့်အလမ်းပေးခဲ့သည့်အတွက် ဓာတ်မြေဩဇာစက်ရုံ(၂)ရုံမှ ဝန်ထမ်းများအားလုံးကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ရှင်းလင်းတင်ပြ ချက်များအပေါ် ထပ်မံသိရှိဆွေးနွေးလိုခြင်းရှိပါက သက်ဆိုင်ရာလွှတ်တော် အလိုက် မေးခွန်းမေးမြန်း ဆောင်ရွက်နိုင်ပါကြောင်း၊ အထက်ပါကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြချက်ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ (၆) လတာကာလလုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်း က ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၏ ရည်ရွယ်ချက် သည် အလွန်ကောင်းမွန်သည့်အတွက် ကြိုဆိုပါကြောင်း၊ အစီရင်ခံစာအပိုဒ် ၁ တွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တို့တွင် ဥပဒေအထောက် အကူပြုရုံးခွဲများအား အစီရင်ခံစာကာလအတွင်း ဂုဏ်ယူဖွယ်ကောင်းလောက် အောင် ရုံးဖွင့်နိုင်သည်ကို အသိအမှတ်ပြုရမည်ဖြစ်သော်လည်း ပြည်ထောင်စု တရားသူကြီးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားသူကြီးချုပ်တို့က ဦးဆောင်၍ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဖွဲ့စည်းခဲ့ခြင်း ဟုတ်၊ မဟုတ် မေးခွန်း ထုတ်စရာဖြစ်နေပါကြောင်း၊ နောင်လာမည့် အစီရင်ခံစာများတွင် ဥပဒေဆိုင်ရာအထောက်အကူပေးပေးရေးအဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း တရားစီရင်ရေးပိုင်း တွင် ပို၍ကောင်းသည်၊ ဆိုးသည်တို့ကို သုံးသပ်ဖော်ပြသင့်ပါကြောင်း၊ ထို့ပြင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အနေဖြင့် ဥပဒေပိုင်းဆိုင်ရာနှင့် ပတ်သက်၍ လိုက်နာမှုရှိသော၊ ပွင့်လင်းမြင်သာမှုရှိသော စံပြအဖွဲ့ဖြစ်သင့်ပါ ကြောင်း အကြံပြုဆွေးနွေးသည်။
ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦးက ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လိုက်ပါဆောင်ရွက်ခဲ့သည့် အမှုပေါင်း ၄၇၀ တွင် ပဲခူးတိုင်းဒေသကြီးက ၁၄၆ မှုဖြင့် အများဆုံးဆောင်ရွက် နိုင်ခဲ့ပြီး အားရစရာကောင်းသော်လည်း မြေယာမှုအလွန်ပေါများသည့် ဧရာဝတီ တိုင်းဒေသကြီးတွင် အမှု ၃ ခုဖြင့် အနည်းဆုံးဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ ထိုကိစ္စများကိုသုံးသပ်ကြည့်မည်ဆိုပါက မြို့နယ်များတွင် ဖွဲ့စည်းထားသည့် ဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့များအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု များ အားနည်းနေသည်ကို တွေ့ရသကဲ့သို့ အချို့ ခရိုင်များနှင့် မြို့နယ်များတွင် ဥပဒေပြုရေးအထောက်အကူအဖွဲ့များ ရှိနေသည်ကိုပင် မသိကြသူများရှိပါ ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပြည်သူများသိရှိလာ အောင် အသိပညာပေးမှုများ ဆောင်ရွက်သင့်ပါကြောင်း၊ ထို့ပြင် ရည်ရွယ်ချက် တွင် ပါဝင်သည့် အချက်များအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေ ဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များအနေဖြင့် ရုံးဖွင့်လှစ်ခြင်းလုပ်ငန်းများနှင့် ပြည်သူလူထုသို့အသိပညာပေးမှုတို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သင့် ပါကြောင်း အကြံပြုဆွေးနွေးသည်။
ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ နော်လှလှစိုး၊ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ် တို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေး အဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်၊ ဓာတ်ပုံ-စိုးဝင်းထွန်း(သတင်းစဉ်)