
ရန်ကုန် ဇွန် ၁၅
အာရှဘောလုံးအဖွဲ့ချုပ်က ပထမ ဆုံးကျင်းပမည့် ၂၀၂၄-၂၀၂၅ ရာသီအာရှချန်ပီယံလိဂ် အမျိုး သမီးပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် မြဝတီ အမျိုးသမီးအသင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ဒေသတွင်း အမျိုးသမီးဘောလုံး အဆင့်အတန်း တိုးတက်မြင့်မား ရေးအတွက် အမျိုးသမီးကလပ် ပြိုင်ပွဲကို အဆင့်တိုးမြှင့်ကျင်းပ ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့်နှင့် ခြေစစ်ပွဲအဆင့်တွင် အသင်း စုစုပေါင်း ၂၀ ကျော်အထိ ယှဉ်ပြိုင် မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့် ပုံစံအရ နောက်ဆုံးအဆင့်တွင် အသင်း စုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ရှစ်သင်းမှာ တိုက်ရိုက်ကစားခွင့် ရရှိကာ ကျန်လေးနေရာကို ခြေစစ်ပွဲ အောင်မြင်သည့် အသင်းများ ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။ ခြေစစ်ပွဲတွင် အသင်း ၁၄ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်း ခြေစစ်ပွဲအောင်မြင်မည် ဖြစ် သည်။ ယင်းပြိုင်ပွဲအတွက် မဲခွဲပွဲ ကို ဇူလိုင် ၁၈ ရက်တွင် ပြုလုပ်မည် ဖြစ်သည်။
မြဝတီ အမျိုးသမီးအသင်း သည်၂၀၂၃ ရာသီ မြန်မာအမျိုး သမီးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆု ရခဲ့သဖြင့် ယခုပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခြင်း ဖြစ်သည်။ ခြေစစ်ပွဲအဆင့်တွင် မြန်မာအသင်းအပါအဝင် ထိုင်း၊ ဥဇဘက်ကစ္စတန်၊ အီရန်၊ အိန္ဒိယ၊ ဂျော်ဒန်၊ ဟောင်ကောင်၊ လာအို၊ မလေးရှား၊ နီပေါ၊ ယူအေအီး၊ စင်ကာပူ၊ ဘူတန်နှင့်ဆော်ဒီအာရေဗျ ကလပ်အသင်းများ ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး ဂျပန်၊ မြောက် ကိုရီးယား၊ သြစတြေးလျ၊ တရုတ်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်(တိုင်ပေ) ကလပ်အသင်းများမှာ နောက်ဆုံး အဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ခြေစစ်ပွဲများကို လေးသင်း နှစ်အုပ်စု၊ သုံးသင်း နှစ်အုပ်စုခွဲ၍ သြဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံးနေရာရ တစ်သင်းစီ စုစုပေါင်း လေးသင်း ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MWL