
ဘားအံ ဇွန် ၁၈
၂၀၂၄ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက်(၂၅) နှစ်အောက် အမျိုး သမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၇ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့ လှာကမြင် ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပ သည်။
ဖွင့်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ကျင်းပသည့်ပြိုင်ပွဲသည် ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ သို့ ပါဝင်ယှဉ်ပြိုင်ရန်နှင့် အောင်မြင်မှုရရှိရန် ရည်ရွယ် ကျင်းပသည့် ပြိုင်ပွဲဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစား သမားများအနေဖြင့် သတ်မှတ်ထားသောဘောလုံး စည်းမျဉ်း၊ စည်းကမ်းဥပဒေဘောင်အတွင်းမှ မိမိတို့ အသင်းအနိုင်ရအောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုပြီး ဘောလုံးအားကစားနည်းဖြင့် မိမိတို့၏ မြို့နယ်၊ ပြည်နယ်၊ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင် ကြသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများသည် ပြိုင်ပွဲဝင်အားစကားသမားများအား လိုက်လံနှုတ်ဆက်၍ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ဘင်ခရာ၊ ပန်းဖွားအဖွဲ့ များအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဘောလုံးအားကစားဝါသနာရှင်များက အဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ် ဘောလုံးအသင်း နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြပြီး အဆိုပါ ပွဲစဉ်တွင် ဘားအံမြို့နယ် အမျိုးသမီးဘောလုံးအသင်း က ၁၄ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် အဆိုပါ ပြိုင်ပွဲကို ပြည်နယ်အတွင်းရှိမြို့နယ်များမှ ပြိုင်ပွဲဝင် အသင်း ခုနစ်သင်း အားကစားသမား ၁၄၀ တို့သည် ဇွန် ၁၇ ရက်မှ ဇူလိုင် ၂၆ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)