
ဆိုဖီယာ
ကမ္ဘာတစ်လွှားတွင် သမဝါယမစီးပွားရေးစနစ် ပိုမိုလူသိများ အောင်မြင်လာခဲ့သည့် အဓိကအကြောင်းရင်းတစ်ချက်မှာ ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဘဏ္ဍာရေးနှင့် စီးပွားရေးအကျပ်အတည်းကာလအတွင်း သမဝါယမစနစ်သည် မပြိုလဲဘဲ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
အရှုပ်အထွေးများနှင့် အကျပ်အတည်းဖြစ်ပွား နေသည့် ကာလများအတွင်းတွင် သမဝါယမလုပ်ငန်း များကို လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ထွက်ပေါက် တစ်ရပ်အဖြစ် မြင်ခဲ့ကြပါသည်။ လေ့လာမှုများအရ သမဝါယမအဖွဲ့အစည်းများ၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကြောင့် ၎င်းတို့၏ အမှတ် လက္ခဏာကို ပိုမိုသတိမူလာစေခဲ့ပါသည်။ သမဝါယမ အဖွဲ့အစည်းဆိုင်ရာ လုပ်ဆောင်ချက်များကို ပိုမို စိတ်ဝင်စားမှုဖြစ်လာအောင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း လှုံ့ဆော်ပေးနိုင်ခဲ့ပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့သည် ၂၀၁၂ ခုနှစ်ကို အပြည်ပြည် ဆိုင်ရာ သမဝါယမနှစ်အဖြစ် ကြေညာခဲ့ပြီးနောက် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် သမဝါယမလုပ်ငန်းများ၏ အရေးပါမှုကို ကမ္ဘာ တစ်ဝန်းလုံးတွင် အသိအမှတ်ပြုလာကြပါသည်။
အားနည်းချို့ယွင်းချက်များရှိခဲ့
၁၉၀၄ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် အိန္ဒိယနိုင်ငံအစိုးရ၏ သမဝါယမငွေစုငွေချေး အသင်းများဆိုင်ရာ အက်ဥပဒေအမှတ်(၁၀)အရ အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော မြန်မာ နိုင်ငံသည်လည်း အကျုံးဝင်ခဲ့ပါသည်။ ၁၉၀၄ ခုနှစ် တွင် စတင်ခဲ့သည့် မြန်မာ့သမဝါယမသည် အထူး သဖြင့် မြန်မာနိုင်ငံ၏ ကျေးလက်နေပြည်သူများနှင့် မြို့ပြနေ အခြေခံပြည်သူများ၏ ပကတိအရှိတရား (Reality)အရ ၎င်းတို့၏ လိုအပ်ချက်(Needs)နှင့် ကိုက်ညီလျက်ရှိပါသည်။ ၃-၁-၁၉၀၅ ရက်တွင် စစ်ကိုင်းခရိုင် မြင်းမူ ငွေစုငွေချေးသမဝါယမအသင်း ကို အသင်းသား ၉၀ ဖြင့် စတင်ဖွဲ့စည်းဆောင်ရွက် ခဲ့ပြီး ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် သမဝါယမ အသင်းအဖွဲ့များ စတင်ပေါ်ပေါက်ခဲ့ပါသည်။ မြန်မာ့ သမဝါယမသမိုင်းသည် ယနေ့အထိ နှစ်ပေါင်း ၁၂၀ နီးပါးသက်တမ်းရှိပြီဖြစ်သည်။ ခေတ်အဆက်ဆက်၊ စနစ်အသီးသီးဖြတ်ကျော်ခဲ့ပြီး အားသာချက်၊ အားနည်းချက်များ ရှိခဲ့သော်လည်း အားနည်း ချို့ယွင်းချက်များသောကြောင့် ပြည်သူအများက သမဝါယမစနစ်အပေါ် ယုံကြည်မှု အားနည်းခဲ့ပါ သည်။ မည်သို့ ဆိုစေ -
အတိတ်ကအရိပ်မည်း စိတ်စွဲလို့ထား...
အရင်လို မကြိုးစား ဒုံရင်းပါလား...
မနေ့ကပြဿနာ... ဒီနေ့သင်ခန်းစာ...
ပြုပြင်ကာ ဆောင်ရွက်…
လက်တွဲကာ ပူးပေါင်းလို့ သမဝါယမပန်းတိုင် ဆီသို့…။ ။
ခေတ်အဆက်ဆက် သမဝါယမ…သမဝါယမ...ဟု အပြုသဘောဆောင်သူတွေက တစ်မျိုး၊ အပြုသဘောမဆောင်သူတွေက တစ်ဖုံ အမျိုးမျိုး ပြောဆိုနေကြသည်ကို အားလုံးအသိပဲဖြစ်ပါသည်။ သမဝါယမဆိုသည်မှာ လူအချင်းချင်း ပူးပေါင်းပြီး ပါဝင်သူများ၏ လူမှုရေးနှင့် စီးပွားရေးကို မြှင့်တင် ပေးနိုင်ရန် ဆောင်ရွက်သည့်အသင်းအဖွဲ့ဖြစ်၍ လူကိုအခြေခံထားပြီး လူ၏တန်ဖိုးများကို အလေး ထားသည့် လူ့ကျင့်ဝတ်များကို ထိန်းသိမ်းလိုက်နာ စေသည့် လူမှုစီးပွားရေး (Socio Economy) ပူးပေါင်း ဆောင်ရွက်မှု အသင်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ခြင်း လည်းဖြစ်ပါသည်။ သို့သော် သမဝါယမကတော့ ပြည်သူများ၏ လိုအပ်ချက်များ(Need)ကို စဉ်းစား တွေးခေါ် အမြော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်နေ သည်ကို မိမိသိသမျှ မျှဝေခြင်းဖြစ်ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားမှု၊ သမဝါယမ ဦးစီးဌာန၏အကောင်အထည်ဖော်မှုဖြင့် ကျေးလက် နေ ပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် အသင်းသား တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမို လုပ်ကိုင်လာနိုင်အောင်၊ အထွက်တိုးလာအောင် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
ဤသို့လုပ်ကိုင်ရာတွင် သမဝါယမစနစ်ဖြင့် အမှန်တကယ်အလုပ်လုပ်သူများ၊ ဆန္ဒတူသူများ လုပ်ငန်းတူရာအလိုက် ကျေးရွာအလိုက် စုပေါင်းပြီး သမဝါယမအသင်းများ ဖွဲ့စည်းပြီး တောင်သူများ၏ လိုအပ်ချက်များကို အလေးထား ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ သီးနှံအထွက်တိုးရန် လုပ်ဆောင်ရာမှာလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုး လုံး ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပြီးသော အသင်းများတွင် အသင်းသား တောင်သူများ လိုအပ်သော မျိုးကောင်းမျိုးသန့်ရရှိ ရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများကို ဈေးကွက်ဈေးနှုန်း ခိုင်မာမှုရရှိအောင် ပေါင်းစပ်လုပ်ဆောင်ပေးလျက်ရှိပါသည်။
နိုင်ငံတကာအတွေ့အကြုံရရှိပြီး လက်တွေ့ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဗီယက်နမ် နိုင်ငံရှိ အောင်မြင်နေသော သမဝါယမအသင်းနှင့် လုပ်ငန်းဆောင်ရွက်နေသော နည်းစနစ်များကို လေ့လာနိုင်ရန်အတွက် မိမိအပါအဝင် သမဝါယမ ဦးစီးဌာနမှ အရာထမ်း ရှစ်ဦးကိုလည်း လေ့လာရေး သွားရောက်စေခဲ့ပါသည်။
ဗီယက်နမ်မှ သမဝါယမအသင်းများ
ဗီယက်နမ်နိုင်ငံရှိ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စိုက်ပျိုးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက် တွင်ရှိပြီး သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် သမဝါယမအသင်းများ ကို သတင်းအချက်အလက်နှင့် နည်းပညာများ မျှဝေပေးကြောင်း၊ အသင်းများမှ အကူအညီ တောင်းခံလာပါက ညှိနှိုင်းပေါင်းစပ် ချိတ်ဆက် ဆောင်ရွက်ပေးကြောင်း၊ သမဝါယမအသင်းများ အနေဖြင့် ICA မူများနှင့်အညီ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် သမဝါယမအသင်း ၃၀၀၀၀ ကျော်ရှိသည့်အနက် အသင်း ၂၀၀၀၀ ကျော်မှာ စိုက်ပျိုးရေး သမဝါယမအသင်းများဖြစ် ကြောင်း၊ သမဝါယမအသင်းများမှ စိုက်ပျိုးထုတ်လုပ် သည့် လူသုံးကုန်၊ စားသောက်ကုန်များကို ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက် တွင် ရောင်းချနိုင်ရေး သက်ဆိုင်ရာဆက်စပ်ဌာနများ နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိ ခဲ့ရပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် သစ်တော ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် ဆန်စပါး တို့ကို ပြည်ပသို့ အများဆုံးတင်ပို့ရောင်းချလျက် ရှိပြီး ဗီယက်နမ်နိုင်ငံအနေဖြင့် လယ်သမား ကိုးသန်း ကျော်ရှိရာ ၃ ဒသမ ၇ သန်းသည် သမဝါယမအသင်း သားဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
ဗီယက်နမ်နိုင်ငံရှိ Binh Dinh Agricultural Cooperative အသင်းသည် ၁၉၆၆ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး Rural Development Multi Purpose business အသင်းအဖြစ် ဆောင်ရွက်လျက်ရှိပြီး အသင်းသားဦးရေ ၃၁၅၆ ဦးဖြင့် အသင်း၏လုပ်ငန်း များကို မတည်ငွေ ဗီယက်နမ် ဒေါင် ၁၁၅၀၀ ဘီလီယံ ဖြင့် အသင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ သည်။ ၂၀၂၂ ခုနှစ်တွင် အသင်းမှ နိုင်ငံတော်သို့ ဗီယက်နမ်ဒေါင် ၁၅၇ ဒသမ ၉၈ သန်း အခွန်အခ ပေးသွင်းနိုင်ခဲ့ကြောင်း၊ အမှုဆောင် (BOD) သုံးဦး၊ Supervisory နှစ်ဦးနှင့် ငွေကြေးကော်မတီ သုံးဦး ဖြင့် ဖွဲ့စည်းထားရှိပြီး အသင်းဝန်ထမ်း ၃၃ ဦးနှင့် ကျန်းမာရေးနှင့် လူမှုရေးအာမခံလုပ်ငန်းအတွက် ၁၆ ဦးတို့ရှိကြောင်း သိရှိခဲ့ရပါသည်။
အသင်းမှရရှိလာသည့် အမြတ်ငွေများကို အသင်းသားများသို့ ခွဲဝေပေးခြင်းမပြုဘဲ အသင်း တွင် ရင်းနှီးမြှုပ်နှံမှုထည့်သွင်းစေပြီး အသင်း သားများ၏ ထည့်ဝင်ငွေအဖြစ် ဆောင်ရွက်လျက် ရှိပါသည်။ အသင်းသားများအနေဖြင့် စက်ပစ္စည်းများ ကို ရောင်းဈေးထက် ၅၀ ရာခိုင်နှုန်း လျော့နည်း သက်သာစွာဖြင့် ဝယ်ယူခွင့်ရရှိခြင်း၊ အသင်းက ဝန်ဆောင်မှုပေးခြင်းများကို ခံစားရရှိခြင်း၊ စိုက်ပျိုး ရေးနှင့်ပတ်သက်သည့် နည်းပညာများ၊ ရိတ်သိမ်း ခြင်းနည်းပညာများ၊ စက်မောင်းနည်းပညာများ အခမဲ့သင်ယူခွင့်ရရှိခြင်း၊ စိုက်ပျိုးသည့်သီးနှံများမှ ထွက်ရှိသည့်ပစ္စည်းများကို ပြည်တွင်းစားသုံးခြင်း အပြင် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခြင်း၊ မျိုးစေ့ ထုတ်လုပ်ရောင်းချနိုင်ခြင်း၊ မျိုးစေ့များကို တစ်နှစ် လျှင် ၁ ဒသမ ၃ တန် ပြည်ပသို့တင်ပို့နိုင်ခြင်း၊ စိုက်ပျိုးမြေဧက ၅၅၀ ဟက်တာရှိပြီး စပါးနှင့် အခြား သီးနှံများကို တစ်နှစ် နှစ်ကြိမ်စိုက်ပျိုးကြောင်း၊ မြေဩဇာအသုံးပြုမှုအနေဖြင့် သဘာဝမြေဩဇာ ကိုသာ အဓိကထားသုံးစွဲကြောင်း၊ အသင်းသားများ ၏ စိုက်ပျိုးရေးထုတ်ကုန်များကို ဈေးကွက်အထိ ရောက်အောင်အသင်းက ဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိရပါသည်။
စိုက်ပျိုးစဉ်ကာလမှပင် ဈေးကွက်တင်ပို့နိုင် သည့် ထုတ်ကုန်များဖြစ်စေရေး စနစ်တကျစိုက်ပျိုး ထုတ်လုပ်ကြောင်း၊ Science and Technology လုပ်ငန်း၊ Agriculture Product Marketing လုပ်ငန်း၊ Market Management လုပ်ငန်း၊ Plants and Production လုပ်ငန်း၊ Water Resource လုပ်ငန်း၊ Material Supply လုပ်ငန်း၊ Farming Machine လုပ်ငန်း၊ Internal Credit လုပ်ငန်း၊ Veterinary လုပ်ငန်း၊ Collection Management လုပ်ငန်း၊ Cultivation လုပ်ငန်း၊ Land for Rent လုပ်ငန်း စသည့်အမျိုးအစား ၁၂ မျိုး ဆောင်ရွက်လျက်ရှိပြီး အသင်းသားများအတွက် အမှုဆောင်အဖွဲ့ ဦးဆောင်မှု ဖြင့် လုပ်ငန်းအလိုက်ကြီးကြပ်သူများဖြင့် အောင်မြင် စွာ ဆောင်ရွက်နေကြောင်း တွေ့ရှိခဲ့ရပါသည်။
သမဝါယမပုံရိပ်ကို အောင်မြင်စွာဆောင်ရွက်နေ
စိုက်ပျိုးရေးနည်းပညာ Value Chain နှင့် ကုန်ပစ္စည်းများဈေးကွက်သို့ တိုက်ရိုက်ရောင်းချ ခြင်းအထိပါ တိုးချဲ့ဆောင်ရွက်နိုင်ခြင်း၊ စပ်မျိုးစပါး များကို စိုက်ပျိုးခြင်းဖြစ်ပြီး တစ်ဧက အထွက်နှုန်း တင်း ၂၀၀ ကျော်ရှိပြီး တစ်နှစ်တွင် သုံးသီး စိုက်ပျိုး နိုင်ခြင်း၊ လယ်ယာမြေများကို Soil Test ပြုလုပ်၍ လယ်မြေအခြေအနေနှင့်ကိုက်ညီသော သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာတို့ကို ထည့်သွင်း အသုံးပြုလျက်ရှိပြီး စိုက်ပျိုးထားသည့် အချိန်တွင် အချိန်နှင့်တစ်ပြေးညီ အပင်များကိုပြုစု၍ စနစ် တကျစိုက်ပျိုးနိုင်ခြင်း၊ စပ်မျိုးစပါးအမျိုးအစား ၁၀၀ ကျော်ကို စိုက်ပျိုးရေးသုတေသနမှ တောင်သူများ သို့ ဖြန့်ဝေပေးလျက်ရှိပြီး ယင်းမျိုးများအနက် လယ်မြေအခြေအနေနှင့်ကိုက်ညီသည့် မျိုးများ ရယူ သုံးစွဲလျက် သဘာဝမြေဩဇာများကိုသာ အသုံးပြု ခြင်း၊ ထွက်ရှိလာသည့် သီးနှံများကိုလည်း ဈေးကွက် ရအောင် စုပေါင်းရောင်းချသည့်စနစ်၊ စုပေါင်း လုပ်ကိုင်သည့်စနစ်ဖြင့် သမဝါယမပုံရိပ်ကို အောင်မြင် စွာ ဆောင်ရွက်နေသည်ကို တွေ့ရှိခဲ့ရပါသည်။
လက်ရှိအချို့သမဝါယမအသင်းများသည် စုပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို တစ်ဦးတစ်ယောက် အတွက် နစ်နာသည်ဟုယူဆခြင်း၊ မိမိကိုယ်ကျိုး အတွက် ကြည့်ခြင်း၊ ပရဟိတစိတ်မရှိခြင်း စသည့် အချက်များကိန်းအောင်းနေမှုကို ဖယ်ရှားပေးရမည် ဖြစ်ပါသည်။ သမဝါယမဦးစီးဌာနသည် သမဝါယမ အသင်းများအား စည်းရုံးဆောင်ရွက်ခြင်း၊ ပညာပေး ခြင်းနှင့် ထိန်းကျောင်းတည့်မတ်ခြင်းလုပ်ငန်းများကို ယခင်ကထက်ပို၍ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံအတွင်းရှိ အသင်းသားတောင်သူများ၊ အမှုဆောင်အဖွဲ့များ အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာမှုရှိခြင်း၊ စာရင်းရှင်းခံနိုင်ခြင်း၊ စွန့်စားမှုများ အတွက် စီမံခန့်ခွဲနိုင်စွမ်းရှိခြင်း၊ ထိန်းချုပ်ကွပ်ကဲ ခြင်း၊ ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုကို ပိုင်းခြားထားခြင်း၊ ငွေကြေးပိုင်ဆိုင်မှုအပေါ်တွင် အခြေမခံဘဲ အသင်း သားဖြစ်မှုအပေါ်တွင် အခြေခံခြင်း၊ ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုပိုင်းခြားထားခြင်းကို ခိုင်မာစေခြင်း၊ လူမှန်နေရာမှန်ထားရှိစေခြင်း၊ စီမံခန့်ခွဲသူများ၏ဆုံးဖြတ်ချက်အပေါ် ယုံကြည်မှုရှိခြင်း၊ အသင်းသား များ၏ အကျိုးစီးပွားအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရန် စီမံခန့်ခွဲခြင်း စသည့်အချက်များကို အလေးထားဆောင်ရွက်သင့်ပါကြောင်းနှင့် ဗီယက်နမ် နိုင်ငံရှိ သမဝါယမအသင်းကဲ့သို့ စုပေါင်းဆောင်ရွက် ၍ အင်အားတောင့်တင်းသည့် သမဝါယမအသင်း များအဖြစ် အတုယူဆောင်ရွက်သင့်ပါသည်။
သမဝါယမအသင်းများသည် Social Business, Social Enterprise များဖြစ်သည့် အားလျော်စွာ စီးပွားရေးလုပ်ငန်းဆောင်ရွက်ပြီး လူမှုရေးတာဝန် ကျေပွန်သော အဖွဲ့အစည်းများဖြစ်၍ လွတ်လပ် သော ဆန္ဒဖြင့်အများအကျိုး၊ အသင်းသားများ၏ အကျိုးအတွက် ဦးထိပ်ထားပြီး ဆောင်ရွက်သော အသင်းများအဖြစ် ပြုပြင်ပြောင်းလဲဆောင်ရွက်မည် ဆိုပါက အနာဂတ်သမဝါယမများ လှပနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါကြောင်းနှင့် သမဝါယမအသင်းများ အား နိုင်ငံတော်၏ပံ့ပိုးမှု၊ အသင်းသားတောင်သူများ ၏ ဆန္ဒအရ လက်တွေ့ပါဝင်မှု၊ အမှုဆောင်များ၏ ခိုင်မာသောဝန်ဆောင်မှုများပူးပေါင်းကာ ခိုင်မာအား ကောင်းသည့် သမဝါယမများ ပေါ်ပေါက်စေနိုင်ရန် ရည်ရွယ်ရေးသားတင်ပြလိုက်ရပါသည်။ ။
- Log in to post comments