၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဇူလိုင် ၆ ရက် စတင်ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်ထုတ်ပြန်

ရန်ကုန်  ဇွန်  ၂၀
မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်ဇယား ကို ဇွန် ၂၀ ရက်က ထုတ်ပြန်လိုက်ပြီဖြစ်ပြီး ဇူလိုင် ၆ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။
လာမည့်ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် အသင်းစုစုပေါင်း ၁၂ သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင် ၆ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။ လာမည့်ရာသီ  MNL အမှတ်ပေးပြိုင်ပွဲကို  ရန်ကုန်၊ တောင်ကြီး နှင့်ပုသိမ်မြို့များတွင် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်၊  ရှမ်းယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်အသင်းတို့က     အိမ်ကွင်းပွဲများ   လက်ခံကျင်းပမည်ဖြစ်သည်။   ပွဲစဉ် (၁) ကို   ဇူလိုင်  ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး  ဇူလိုင် ၆ ရက်တွင် YUSC ကွင်း၌   ရန်ကုန်ယူနိုက်တက်အသင်းနှင့်   ရခိုင်ယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ ဒဂုံစတားယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်း၊ ဇူလိုင် ၇ ရက်တွင် တောင်ကြီးကွင်း၌ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းနှင့် မြဝတီအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်း၊ သုဝဏ္ဏကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် Dagon Port အသင်း၊ ဇူလိုင် ၈ ရက်တွင် YUSC ကွင်း၌ အား/ကာသိပ္ပံ အသင်းနှင့် မဟာယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
 MNL အမှတ်ပေးပြိုင်ပွဲကို လာမည့်ရာသီတွင် ၁၅ ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ပြီး ကျင်းပပြီးစီးခဲ့သည့် ၁၄ ကြိမ်တွင် ရန်ကုန်ယူနိုက်  တက်နှင့် ရှမ်းယူနိုက်တက်အသင်းက ငါးကြိမ်စီ၊ ရတနာပုံအသင်းက လေးကြိမ် ဗိုလ်စွဲထားသည်။  ရှမ်းယူနိုက်တက်အသင်း ရရှိထားသည့် ချန်ပီယံဆုငါးကြိမ်ကို နောက်ဆုံးခြောက်ရာသီအတွင်း ရယူထားနိုင်ခြင်း ဖြစ်ပြီး စံချိန်တင်အဖြစ် နောက်ဆုံးလေးရာသီဆက် ဗိုလ်စွဲထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် ယင်းချန်ပီယံဆုရသည့်  ငါးကြိမ်တွင် တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ဖြင့် သုံးကြိမ်၊ နောက်ဆုံးနှစ်ရာသီဆက် ရှုံးပွဲမရှိစံချိန်များလည်း ပိုင်ဆိုင်ထားသည်။ ထို့ပြင် ရှမ်းယူနိုက်တက် အသင်းသည် ၂၀၂၀ ရာသီ ပွဲစဉ် (၅) ကတည်းက  တင်ရှိထားသည့် လိဂ်ရှုံးပွဲမရှိ စံချိန်မှာလည်း ၅၆ ပွဲအထိ ရှိလာပြီဖြစ်သည်။ 
ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး