
ရန်ကင်း - ကိုကိုလေး
၂၀၂၄ ခုနှစ် မေ ၁၆ ရက်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစည်းအဝေးခန်းမတွင် မြန်မာ့ဂီတနေ့ကျင်းပရေး၊ ဂီတအကယ်ဒမီဆုပေးပွဲကျင်းပရေးကိစ္စများနှင့် စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူများ၊ သီးခြားဖိတ်ကြားထားသော ဂီတပညာရှင်များနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဂီတနေ့ကို ရန်ကုန်မြို့၌ ၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်တွင် ဂီတလောကသားများအားလုံး စုစည်းညီညွတ်စွာဖြင့် အောင်မြင်အောင် ဆောင်ရွက်ခြင်းအားဖြင့် ဂီတစွမ်းရည်ကို ပြသနိုင်ရန်ဖြစ်ပါကြောင်း၊ ဂီတအကယ်ဒမီဆုပေးပွဲကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကျင်းပလိုမှုအပေါ် အချိန်မီဆောင်ရွက်နိုင်ရေး အခြားပညာရှင်များကို ဖိတ်ခေါ်၍ အကြံဉာဏ် ရယူပြီး အသေးစိတ်စီစဉ်ဆောင်ရွက်ကြရန် မိန့်မှာချက်များကို မြန်မာ့ရုပ်မြင်သံကြားသတင်းနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ကြားမြင်ဖတ်ရှုရသည်။
မြန်မာ့ဂီတနေ့ ဖြစ်မြောက်ရေးအတွက် မြန်မာ နိုင်ငံဂီတကောင်စီ စည်းရုံးရေးကော်မတီ လက်ထက် (၁၉၇၅-၁၉၈၈)ကာလ၊ ထိုစဉ်က အတွင်းရေးမှူး အဖြစ် တာဝန်ယူထားသူ ဦးလွင်မြင့်သည် ဂီတနေ့ ပေါ်ထွန်းရေးအတွက် ၁၉၈၇ ခုနှစ်မှ စတင်၍ အဆိုပြုခဲ့သည်ကို အမှတ်ရမိပါသည်။
ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြိုဆို
ယနေ့ကာလ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၏ မြန်မာ့ဂီတနေ့နှင့် ဂီတအကယ်ဒမီဆုပေးပွဲ အခမ်း အနားများ ကျင်းပနိုင်ရေးအတွက် လမ်းညွှန်ချက် များကို ဂီတလောကသားများက ဂုဏ်ယူဝမ်းမြောက် စွာဖြင့် ကြိုဆိုလျက်ရှိကြပါသည်။
မြန်မာ့ဂီတနေ့ သတ်မှတ်နိုင်ရန်အတွက် ဂီတ ပညာရှင်များကအကြံပြုကြရာတွင် မြန်မာ့လွတ်လပ် ရေးကြိုးပမ်းမှုတိုက်ပွဲစဉ်တွင် မြန်မာတိုင်းရင်း သားများ၏ တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များကို မြှင့်တင်ပေးသော သမိုင်းပေးတာဝန်ကျေပွန်ခဲ့ကြသည့် ဂီတပညာရှင် ကြီးများကို ဂုဏ်ပြုရာ၊ ဂုဏ်တင်ရာ၊ ဂုဏ်ယူစရာ ဖြစ်အောင်၊ ဂီတသမားများ ထာဝစဉ်အမျိုးသားရေး စိတ်ဓာတ်ရှင်သန်နေစေရအောင် ၁၉၃၆ ခုနှစ် ဇွန်လ ၂၇ရက်တွင် မြင်းခြံမြို့၌ ကျင်းပခဲ့သော ဒုတိယအကြိမ် မြောက် တို့ဗမာအစည်းအရုံးညီလာခံကြီးက တို့ဗမာ သီချင်းကို အမျိုးသားသီချင်းအဖြစ် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ဇွန်လ ၂၇ ရက်ကို မြန်မာ့ဂီတနေ့ အဖြစ်သတ်မှတ်ရန် ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး အလုပ် အမှုဆောင်အဖွဲ့အစည်းအဝေးတွင် သတ်မှတ် အတည်ပြုခဲ့သည်။
မြန်မာနိုင်ငံဂီတသမိုင်းကြောင်း မြစ်ဖျားခံရာ သည် ထီးသုံးနန်းသုံး မဟာဂီတ၊ ကျေးလက် တေးဂီတ၊ ထိုမှတစ်ဖန် ကိုလိုနီခေတ် ရောင်းတမ်း ဓာတ်ပြားတေးဂီတ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ တေးဂီတ၊ လွတ်လပ်ရေးရပြီးကာလ တေးဂီတ၊ ကာလပေါ်တေးဂီတ၊ ခေတ်ပေါ်ခေတ်ဆန်း တေးဂီတ စသဖြင့် ခေတ်အဆက်ဆက် ဂီတပညာရှင်များစွာ ပေါ်ထွန်းခဲ့ရာ ထိုခေတ်အဆက်ဆက် ဂီတပညာရှင် များက ဂီတလက်နက်ဖြင့် နိုင်ငံတော်အကျိုး သယ်ပိုးခဲ့ကြသည်။
တို့ဗမာအစည်းအရုံးအတွက် သီချင်းရေးသားစပ်ဆို
လွတ်လပ်ရေးကြိုးပမ်းမှုကာလ ၁၉၃၀ ပြည့်နှစ် ဝန်းကျင်မှစ၍ မြန်မာလူငယ်များသည် တို့ဗမာဝါဒ ကို စွဲကိုင်ပြီး လှုပ်ရှားလာကြရာ မန္တလေးဂီတ လောကမှ ရန်ကုန်သို့ဆင်းလာသော ဂီတပညာရှင် ဝိုင်အမ်ဘီဆရာတင်သည် ဝိုင်အမ်ဘီသခင်တင် ဘဝ သို့ ကူးပြောင်းကာ ဆရာသခင်ဘသောင်း၊ သခင် သိမ်းမောင်၊ သခင်လှဘော်၊ သခင်သာဒိုး၊ သခင် အုန်းဖေ၊ သခင်ကျော်စိန်ထွန်း၊ သခင်ဖိုးနီ စသော သခင်လူငယ်များနှင့်တိုင်ပင်ပြီး တို့ဗမာအစည်းအရုံး အတွက် သီချင်းတစ်ပုဒ်ရေးသားစပ်ဆိုခဲ့ကြသည်။
ထိုသီချင်းကို တို့ဗမာအစည်းအရုံးဝင်များ အစည်းအဝေးကျင်းပတိုင်း သံပြိုင်သီဆိုခဲ့ကြရာ မြန်မာမျိုးချစ်တိုင်းရင်းသားလူငယ်များ၏ သူ့ကျွန် မခံလိုစိတ်၊ မျိုးချစ်စိတ်၊ ဇာတိမာန်များ တဖွားဖွား ပေါ်ပေါက်ကာ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ ရှင်သန်လာကြပြီး နယ်ချဲ့ကိုတွန်းလှန်ရန်၊ လွတ်လပ် ရေးကို အရယူရန် စိတ်အားထက်သန်လာခဲ့ကြသည်။ ထိုသီချင်းကား ယနေ့ နိုင်ငံတော်သီချင်း၏ သန္ဓေ တည်ရာ တို့ဗမာသီချင်းဖြစ်သည်။
နိုင်ငံတော်သီချင်း
လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် တတိယညီလာခံ အဋ္ဌမမြောက်အစည်းအဝေးက ဤအမျိုးသားသီချင်းကိုပင် အပြီးသတ်ရွေးချယ်ပြီး နိုင်ငံတော်သီချင်းအဖြစ် မူလအပိုဒ်တွင် စာသားများ ပြင်ဆင်ကာ ပထမဆုံးအကြိမ် တရားဝင်ပြဋ္ဌာန်း သတ်မှတ်ခဲ့သည်။
ထိုစဉ်က နိုင်ငံတော်သီချင်းဖြစ်မြောက်ရေး ကော်မတီတွင် ဒီးဒုတ်ဦးဘချို၊ ပန်းချီဦးငွေကိုင်၊ ဒဂုံဆရာတင်၊ ဦးခင်ဇော်၊ ဦးထင်ဖတ်(မောင်ထင်)စသော ဂီတ၊ စာပေ၊ ပန်းချီပညာရှင်များက တည်းဖြတ်ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ကြောင်းနှင့် ဆက်စပ်နေသော တို့ဗမာအစည်းအရုံးမှ တို့ဗမာသီချင်းကို နိုင်ငံတော်သီချင်းအဖြစ် အတည် ပြုခဲ့သော ဇွန်လ ၂၇ ရက်ကို မြန်မာနိုင်ငံ ဂီတနေ့ အဖြစ် အတည်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်အားပေးချီးမြှင့်ခဲ့ပါသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ကူညီ ပံ့ပိုးပေးကြသော ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များကို အထူးကျေးဇူးတင်ပါသည်။
သမိုင်းဝင်ဂီတနေ့
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) သည် သမိုင်းဝင်ဂီတနေ့ဖြစ်သော ဇွန်လ ၂၇ ရက်ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်ဂီတပြိုင်ပွဲများ၊ ပြပွဲ များ၊ ဂီတဆုချီးမြှင့်ပွဲများနှင့် ဂီတနှင့်ပတ်သက်သော လှုပ်ရှားမှုများကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော မြို့နယ်ဂီတအစည်းအရုံးများကိုလည်း မိမိတို့အစီအစဉ်များဖြင့် ဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသော အခမ်းအနားများ ကျင်းပကြရန် ညွှန်ကြားထားပြီးဖြစ်ရာ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဝင်များသည် မြို့နယ်ဂီတအစည်း အရုံးများ၏ ဦးဆောင်မှုဖြင့် မြန်မာ့ဂီတနေ့ကို ဂုဏ်ပြုသည့်အခမ်းအနားများကို စုစည်းညီညွတ် တက်ကြွစွာဖြင့် ပါဝင်ဆင်နွှဲလျက်ရှိကြသည်။
မြန်မာ့ဂီတနေ့ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား များတွင် အဆို၊ အတီး၊ အကများဖြင့် ပျော်ရွှင်စွာ ဆင်နွှဲကြသည့်အပြင် မြို့နယ်အတွင်းရှိ သက်ကြီး ဂီတပညာရှင်များကို ပူဇော်ကြသည်မှာလည်း ကြည်နူးဖွယ်ရာပင် ဖြစ်သည်။ ဂီတလောကဖွံ့ဖြိုး ရေး၊ ဂီတပညာပြန့်ပွားရေး၊ ဂီတလောကသား များဘဝ အာမခံချက်ရှိရေးကို ဂီတလောကသားများ က စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်နိုင်ကြပါစေ ကြောင်း မေတ္တာပြုဆုတောင်းပါသည်။
မြန်မာ့ဂီတနေ့ ပေါ်ထွန်းရေးအတွက် ကာလ ရှည်ကြာကြိုးပမ်းဆောင်ရွက်ခဲ့သော ယနေ့ မြန်မာ နိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် အမှု ဆောင်အဖွဲ့ဝင်များအား လှိုက်လှဲစွာ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ရင်းဖြင့် မြန်မာ့ဂီတနေ့နှင့် ဂီတအကယ်ဒမီကို ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
ဂီတစွမ်းအားဖြင့် ပြည်ထွန်းကားပါစေ။ ။
မှီငြမ်း
မြန်မာ့ဂီတနေ့မှတ်တမ်း - ဦးလွင်မြင့်
မြန်မာ့ဖြစ်ရပ် (၁၀ဝ) - မောင်ကြည်သန့်
ဂီတနေ့သတ်မှတ်မည်ဆိုလျှင် - မြို့မမောင်မောင်
- Log in to post comments